သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် စခန်းသာကျေးရွာအနီး နတ်စင်အဆင်းလမ်း ကျောက်မဲ-သီပေါလမ်းပိုင်းတွင် ယနေ့ မတ်လ (၂၈) ရက် နံနက် (၂) နာရီခန့်၌ လူတစ်ဦး ကားတိုက်ခံရပြီး ဦးခေါင်းပွင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ အမျိုးသားအလောင်းကို ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း နောင်ပိန်ရွာက သွားရောက်သယ်ဆောင်ပြီး ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
“ အဲ့လမ်းက ကုန်းအတက်အဆင်းလည်းဖြစ်တယ် အကွေ့လည်းနည်းနည်းကျဉ်းတော့ မကြာခဏဆိုသလို မတော်မဆမှုဖြစ်တတ်တယ်။ ကျနော်တို့ကို အကြောင်းကြားလာလို့သွားသယ်တဲ့အချိန်မှာ သူကသေနေပြီ။ ခေါင်းလည်းပွင့်နေပြီးတော့ မျက်နှာလည်းစုတ်ပြတ်သပ်နေလို့ ဘယ်သူဆိုတာတောင် မသိရသေးဘူး။” ဟု လူမှုကူညီရေးအသင်းက အဖွဲ့ဝင်တစ်ဦးကပြောပြသည်။
တိုက်မိသောကားသည် ရပ်တန့်ခြင်းမပြုပဲ မောင်းပြေးသွားကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းကပြောသည်။
