စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဌာနဆိုင်ရာဝန်ထမ်းတွေ အောက်တိုဘာ ၂ ရက်နေ့ ကပြန် လည်ဝင်ရောက်လာကြပေမဲ့ ဒေသခံစစ်ရှောင်တွေကိုတော့ ဝင်ခွင့်မပေးသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
” ဌာနဆိုင်ရာတွေကတော့ မနေ့ကတည်းက သူတို့ ကားတွေ တန်းစီပြီးဝင်နေကြပြီ ၊ စစ်တပ်က နယ်မြေ ရှင်းလင်းရေး အကြောင်း ပြပြီးမပေးဝင်သေးဘူး၊ ကျွန်မတို့လဲ အမြန်ဝင်ချင်ပါတယ် အိမ်ကဘယ်လိုဖြစ်နေပြီလဲတောင်မတွေးရဲတော့ဘူး” လို့ ကျောက်မဲ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
ကျောက်မဲမြို့မှ သီပေါဘက် အထွက်လမ်းက တိုးဂိတ် အ ကျော်မှာ စစ်ကော်မရှင်တပ်နဲ့ TNLA တို့ မနေ့ကအထိ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ဌာနဆိုင်ရာ ကား တွေဟာ ရာနဲ့ချီ နောင်ချိုလမ်းဘက်ကနေ လမ်းမကြီးအတိုင်း ကျောက်မဲကို ရောက်ရှိလာတာဖြစ်ပြီး စစ်ဘေးရှောင်ဒေသခံတွေကို တော့ စိစစ်ဝင်ရောက်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ် ။
ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအနေနဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့က TNLA နဲ့ဒေသကာကွယ်ရေး
ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်လိုက်တာဖြစ်ပြီး တစ်နှစ်ကျော်အကြာမှာတော့ စစ်ကော်မရှင်တပ်ဖွဲ့က အလုံးစုံ ပြန်လည် သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကိုလည်း စစ်ရေးငြိမ်သက်မှုမရှိသေးတဲ့ ကျောက်မဲနဲ့ သီပေါ မြို့ နှစ်မြို့လုံး ကို ထည့်သွင်းသွားမှာဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ် ။