ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ စစ်ကောင်စီတပ်တို့က ယမန်နေ့ ဇန်နဝါရီလ(၁၆)ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ(၃)ဦး သေဆုံးကာ (၁၃)ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
ယမန်နေ့ တစ်ရက်ထဲတွင် စစ်ကောင်စီဘက်က Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် ကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် အမျိုးသမီး(၂)ဦးနဲ့ အမျိုးသား(၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကလေး(၁)ဦး အပါအဝင် (၁၃)ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ DPLA က ယနေ့မှာ ထုတ်ပြန်ထားပါတယ်။
ကျောက်ဂူတိုက်နယ်မှာ ဖြစ်ပွားတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
“ကျောက်ဂူတိုက်ပွဲမှာ DPLA နဲ့ ပူးပေါင်းတပ်တွေက ကျောက်ဂူအမြောက်တပ် (အမတ−၃၄၉)ကို ဝင်ရောက်သိမ်းပိုက်ဖို့ တိုက်ခိုက်နေတာ ယခုလက်ရှိက တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်စလုံးက ၅၀/၅၀ ပဲ၊ ကျောက်ဂူမှာရှိတဲ့ ဌာနဆိုင်ရာ က ဝန်ထမ်းတွေ အားလုံးကိုလည်း အထက်က လူကြီးက နေရာကနေ ရွေ့ခိုင်းထားတယ်” လို့ စစ်ကောင်စီရဲ့ တပ်တွင်းဖရဲသီးထံမှ သိရပါတယ်။
ကျောက်ဂူဒေသမှာ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းမှုများကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
