မြန်မာနိုင်ငံဟာ ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံးနိုင်ငံစာရင်းထဲ ရောက်ရှိ သွားခဲ့ပြီး ယခင်နှစ်တွေထက် ဘိန်းစိုက်ပျိုးမှု ၁၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့တယ်လို့ ကုလသမဂ္ဂက မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC က ဒီဇင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

သျှမ်းပြည်နယ်သည် မြန်မာနိုင်ငံရဲ့အဓိက ဘိန်းစိုက်ပျိုးရာ ပြည်နယ်အဖြစ်ဆက်လက်တည်ရှိနေပြီး နိုင်ငံတဝှမ်းရဲ့ ဘိန်းစိုက်ပျိုးမှု ၈၀ ရာခိုင်နှုန်းကို ဆက်လက်လွမ်းမိုးထားတယ်လို့ UNODC ရဲ့ အစီရင်ခံအရ သိရပါတယ်။
စစ်တပ်အာဏာသိမ်း နောက်ဆက်တွဲအနေဖြင့်ပြည်တွင်း စီးပွားရေး ကြပ်တည်းလာမှု၊ ငွေကြေး ဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးလာမှုနဲ့ တရားမဝင်လုပ်ငန်းများ တိုးပွားလာမှု စတဲ့ အချက်တွေကြောင့် ဒေသခံတောင်သူတွေကို ဘိန်းစိုက်ပျိုးဖို့ တွန်းပို့နေတာလို့ UNODC က သုံးသပ်ထားပါတယ်။

ကုလသမဂ္ဂက မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာရုံး(UNODC)ရဲ့ အစီရင်ခံစာ ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုဧကမှာ ၄၅၂၀၀ ဟက်တာ ရှိရာကနေ ယခု ၂၀၂၅ ခုနှစ်မှာတော့ ၅၃၁၀၀ ဟက်တာ အထိ တိုးလာခဲ့ပြီး သျှမ်းပြည်တောင်ပိုင်းနဲ့ သျှမ်းပြည်အရှေ့ပိုင်းက ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
သျှမ်းပြည်နယ်ရဲ့ ဘိန်းစိုက်ပျိုးမှုဧရိယာ ၁၇ % တိုးလာပြီး ချင်းမှာ ၂၆ %၊ ကယားမှာ ၂၁ % နဲ့ ကချင်မှာ ၃ % တိုးလာခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ယခင်က ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံးဖြစ်တဲ့ အာဖဂန်နစ္စတန် ကတော့ တာလီဘန်အစိုးရရဲ့ ဖြိုခွင်းမှုနဲ့အတူ ဘိန်းစိုက်ပျိုးမှု ပြန်လည်ကျဆင်းသွားခဲ့တာပါ။