ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ ၂၀၂၃ ခုနှစ် မေလ (၂၁) ရက်နေ့တွင် ကျရောက်သော သျှမ်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်း၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ် တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါများ ဆုံးရှုံးခဲ့ရသော RCSS ရဲဘော် (၁၉) ဦးအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဂုဏ်ပြုလက်မှတ်များပေးခဲ့သည်။
ထို့နောက် RCSS/SSA ဥက္ကဌကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် “၁၉၅၈ ခုနှစ် ၊ မေလ (၂၁) ရက်နေ့မှာ စတင်ခဲ့တဲ့ သျှမ်းအမျိုးသားတော်လှန်ရေးဟာ ဒီနေ့ဆိုရင် (၆၅) နှစ် တင်းတင်းပြည့်ပြီဖြစ်ပါတယ်။ (၆၅) နှစ်ဆိုတဲ့ အချိန်ကာလဟာ အမျိုးသားရေးအတွက် ကူညီပံ့ပိုးတဲ့ ပြည်သူလူထုအနေနဲ့ရော လွတ်မြောက်ရေးကို မျှော်လင့်တဲ့ လူတွေအနေနဲ့ပါ အလွန်ကြာညောင်းတဲ့ အချိန်ကာလဖြစ်ပါတယ်။ တော်လှန်ရေးကို ကိုယ်တိုင်လက်တွေ့ ပါဝင်ဆောင်ရွက်နေသူတွေ အနေနဲ့လည်း မရပ်မနား ဆောင်ရွက်ရင်း အချိန်ကုန်မှန်းသတိမထားမိဘဲ (၆၅) နှစ်ကြာပြီဆိုတာ သိလိုက်ချိန်မှာတော့ ရည်မှန်းချက်ပန်းတိုင် အလှမ်းဝေးနေဆဲနှင့် အောင်ပွဲမရသေးတဲ့အပေါ် တုန်လှုပ်မိပါတယ်။
တဖက်မှာလည်း သျှမ်းပြည်မျိုးချစ်များ ညီညွတ်မှုအားနည်းခြင်း၊ အချင်းချင်းကြား ကျဉ်းမြောင်းတဲ့ အယူအဆအမြင်ရှိခြင်း၊ အမျိုးသားရေးကို ဦးထိပ်မတင်ခြင်း၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအရေးကို အလေးထားပြီး အချင်းချင်းမတည့်လို့ အချင်းချင်းတိုက်ခိုက်ခြင်း၊ အချင်းချင်းခြေထိုးခြင်းတို့ကြောင့် တော်လှန်ရေးခရီးရှည်ခြင်းဖြစ်ပါတယ်။ လေ့လာမှုအားနည်းပြီး နိုင်ငံရေး မရင့်ကျက်သေးခြင်း၊ ကိုယ်လွတ်ရုန်းပြီး လက်ပိုက်ကြည့်နေတဲ့သူတွေ များပြားခြင်းကြောင့်လည်း တော်လှန်ရေးပန်းတိုင် မရောက်ရှိနိုင်ခြင်းဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့ကျရောက်သော တော်လှန်ရေးနေ့အခမ်းအနားသို့ သံဃာတော်များ၊ သျှမ်းပြည်သူလူထုများ၊ RCSS အရာရှိပုဂ္ဂိုလ်များနှင့် တပ်သားများ စုစုပေါင်း (၁၄၅၂) ဦး တက်ရောက်ခဲ့သည်။
တစ်ဖက်တွင်လည်း သျှမ်းတော်လှန်ရေးနေ့အခမ်းအနားကို SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ SSPP အဖွဲ့မှ ကျင်းပသည့် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားသို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ သဝဏ်လွှာပေးပို့ခဲ့သော်လည်း RCSS အဖွဲ့မှ ကျင်းပပြုလုပ်သည့် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားထံကိုမူ သဝဏ်လွှာပေးပို့ခဲ့ခြင်းမရှိကြောင်း သိရသည်။
ဓာတ်ပုံ & RCSS/SSA အဖွဲ့က ကျင်းပပြုလုပ်သည့် သျှမ်းတော်လှန်ရေးနေ့အခမ်းအနားမြင်ကွင်းများဖြစ်သည်။
default