ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဆက်စပ်သည့် သတင်းအရင်းအမြစ်များ၏ သတင်းပေးမှုအရ တရုတ်ကြောထောက်နောက်ခံပြုထားသော UWSA သည် သျှမ်းပြည်နယ်အတွင်း လှုပ်ရှားဗျုဟာတပ် (၃) နေရာ တိုးချဲ့အခြေစိုက်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။ ထို့ကြောင့် မြောက်ပိုင်းမဟာမိတ်တပ်များမှ RCSS ကို သျှမ်းပြည်နယ်အတွင်း လိုက်လံ တိုက်ထုတ်နေခြင်းဖြစ် သည်ဟု ယူဆရသည်။ ခိုလမ်မြို့ ကားလမ်းမကြီးအထက်ပိုင်းအထိ ၎င်းတို့ နယ်မြေဖြစ်သည်ဟု သတ်မှတ်ထားပြီး နောက်ပိုင်းတွင် အုပ်ချုပ်ရေးယန္တရားများ ဝင်လာမည်ဖြစ်သည်။ ဒါ့အပြင် သံလွင်မြစ်အရှေ့ခြမ်းတွင်လည်း စစ်ရေးအရ ဝင်လာခြင်းမဟုတ်ဘဲ စစ်ကောင်စီနှင့် နားလည်မှုရယူပြီး မိုင်းပျဉ်းဘက်ကနေ စတင်ဝင်လာခြင်းဖြစ်သည်။
ဒါ့အပြင် သျှမ်းပြည်နယ်တောင်ပိုင်းတွင်လည်း UWSA နှင့် ၎င်းမဟာမိတ်အဖွဲ့များ အခြေချမည် ဖြစ်ကြောင်း ခိုင်မာသည့်သတင်းအရင်းအမြှစ်များ ရရှိသည်။ UWSA နှင့် ၎င်းမဟာမိတ်အဖွဲ့မှ အဆိုပါ ဒေသအတွင်း ဝင်ရောက်လာနိုင်ခြေရှိသည်ကို ဒေသခံများကို အကြောင်းကြားထားကြောင်း သိရသည်။
လက်ရှိတွင် UWSA တောင်ပိုင်းအဖွဲ့မှ ဝေရှောက်ကန်းလက်အောက်ခံ လှုပ်ရှားဗျုဟာတပ်များသည် ကွတ်ခိုင်တွင် တစ်နေရာ၊ ပင်လုံမြို့နယ် ဆနင်းတောင်တွင် တစ်နေရာ အခြေလာချလျက်ရှိပြီး နောက်ထပ်တစ်နေရာကို လင်းခေးခရိုင် မိုင်းပန်မြို့နယ်အတွင်းရှိ ဆန်လွယ်ကုန်းမောဝ်ကို ရည်ရွယ်ထား သည်ဟု ဆိုသည်။ အဆိုပါ နေရာ (၃) နေရာအား UWSA ၏ လှုပ်ရှားဗျုဟာတပ်များ အခြေချနိုင်သည်အထိ လုပ်ဆောင်မည်ဖြစ်သည်။
ကွတ်ခိုင်မြို့ တွင် ဗျုဟာတပ် အခြေချရခြင်းမှာ သျှမ်းပြည်နယ်မြောက်ပိုင်းရှိ SSPP၊ TNLA ၊ MNDAA၊ KIA စသည့် မဟာမိတ်တပ်ပေါင်းစုများရှိသည့်အတွက် ၎င်းတို့ကို ထိန်းညှိနိုင်ရေး ဖြစ်ပြီး ပင်လုံမြို့နယ် ဆနင်းတောင်တွင် အခြေချသည့် ဗျုဟာတပ်သည် သျှမ်းပြည်နယ် အလယ်ပိုင်းကို အုပ်ချုပ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ကွတ်ခိုင်၌ ဗျုဟာတခုအဖြစ်အခြေစိုက်၍ TNLA၊ MNDAA၊ SSPP၊ KIA တို့ကို ထိန်းမည့် ပုဂ္ဂိုလ်သည် တာစံလုံး ဟုဆိုပြီး လားရိူးမြို့နယ် မိုင်းယော်၌ အခြေချမည်ဟု သိရသည်။ ၎င်းတို့အဖွဲ့ သည် လားရိူး – ကွတ်ခိုင် – ကိုးကန့် – တန့်ယန်း လမ်းကြောင်းကို တာဝန်ယူရန်ဖြစ်သည်။
ပင်လုံမြို့နယ် စနင်းတောင်ကြော၌ ဗျုဟာတခုအဖြစ် အခြေစိုက်၍ တောင်ကြီး – နမ့်စန် – ကွန်ဟိန်း လားရိူး – တန့်ယန်းတလျှောက်နှင့် SSPP ကို ဦးစီးမည့် ပုဂ္ဂိုလ်သည် တါ့အိုက်ဆုန်းဟု ဆိုသည်။
မိုင်းပန်မြို့နယ် ဆန်လွယ်ကုန်းမောဝ်၌ ဗျုဟာတခုအဖြစ်အခြေစိုက်၍ NCA လက်မှတ်ထိုး PNLO အဖွဲ့ကိုပါ ထိန်းမည့် ပုဂ္ဂိုလ်သည် တာအိုက်ခွတ်း/တာအိုက် ဟုဆိုပြီး သူ၏အဖွဲ့သည် ရပ်စောက် – မိုင်းပျဉ်း – ဟိုပုံးကို အခြေပြု၍ PNLO ရှိရာ မောက်မယ် ကဒူးကြီးထိလှုပ်ရှားမည်ဖြစ်သည်ဟု သိရသည်။
မိုင်းဆတ်၊ မိုင်းကျွတ်၊ ပုံပါကျင်၊ ဟွေအော်၊ ခိုင်းလုံတို့ကို တပ်ရင်း ၇၇၈ လှုပ်ရှားနယ်မြေအဖြစ်သတ် မှတ်ထားပြီး တာစံလုံး/အားဖူက ဦးစီးသည်။ ဟွေအော်ကို တပ်ရင်း ၇၇၅ လှုပ်ရှားနယ်မြေအဖြစ် သတ်မှတ်ကာ တါ့အိုက်ခွတ်းက ဦးစီးသည်။ တပ်ရင်း ၇၇၂ ကို တါ့အိုက်ဆုန်းက ဦးစီးပြီး အဆိုပါ တပ်ရင်း ၃ ခုစလုံးကို တါ့စံလုံး ခေါ် အားဖူက ဦးစီးသည်ဟု သိရသည်။
တါ့စံလုံးသည် သျှမ်းတောင် UWSA အမှတ် ၁၇၁ ပုံပါကျင် မိုင်းတုံ မိုင်းဆတ် အခြေစိုက် ဝေ့ရှောက်ကမ်း၏ လူဖြစ်သည်။ လက်နက်ခဲယမ်းများကိုမူ ပန်ဆန်းဘက်က ထောက်ပို့ပြုလုပ်ရန် ဖြစ်သည်ဟု သိရသည်။
လှုပ်ရှားဗျုဟာတခုစီသည် စစ်အင်အား ၃ ထောင်ဝန်းကျင်ရှိနိုင်သည်ဟု လေ့လာသိရှိရသည်။ သို့သော် ဦးစီးသော ပုဂ္ဂိုလ်များနှင့် လှုပ်ရှားဗျုဟာများ ပုံသေမဖြစ်နိုင်သကဲ့သို့ အပြောင်းအလဲအမြဲ ဖြစ်နိုင်သည် ဟုသိရသည်။ စစ် ကောင်စီနှင့် နားလည်မှုမရရှိပဲ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
၂၀၁၉ ခုနှစ် ဧပြီလတွင် ဝ အထူးဒေသ ငြိမ်းချမ်းရေးအနှစ် (၃၀) ပြည့် အခမ်းအနားကို ပန်ဆန်းတွင် ကျင်းပပြုလုပ်ခဲ့စဉ်က NLD အစိုးရဘက်မှ ကိုယ်စားလှယ်စေလွှတ်ပြီး သဝဏ်လွှာပေးပို့ခဲ့သော်လည်း တပ်မတော်ဘက်မှ လုံးဝတက်ရောက်ခဲ့ခြင်းမရှိပါ။ အဆိုပါ အခမ်းအနားတွင် တရုတ်အစိုးရ၏ အာရှရေးရာ အထူးသံအမတ် ‘ဆွန်းကော်ရန်’ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ အခမ်းအနား၌ UWSA အဖွဲ့က စစ်လက်နက်ပစ္စည်းမျိုးစုံကိုင်ဆောင်သည့် စစ်အင်အားအပြည့်ဖြင့် စစ်ရေးပြခြင်းသည် ငြိမ်းချမ်းရေးအား လက်နက်နှင့်ကာကွယ်ထားကြောင်း ပြသရာရောက်သည်ဟု ဦးအောင်ခင်၏ မြန်မာ့အရေးသုံးသပ်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်ဘက်မှ ဗိုလ်ချုပ်စိုးနိုင်ဦးက “စစ်ပြိုင်အစိုးရနဲ့ စစ်ပြိုင်တပ်မတော်လို ဖြစ်နေတဲ့အခမ်းအနား ကို မတက်ရောက်နိုင်ကြောင်း တပ်မတော်အနေနဲ့ အဆုံးစွန်သည်းခံတဲ့ အနေအထားမှာ ရှိနေတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသွားသည်။
တရုတ်ပြည်အလယ်ပိုင်းနဲ့ ဝ ဒေသမှာ သုတေသနလုပ်ခဲ့သူ လန်ဒန်စီးပွားရေးတက္ကသိုလ် မနုဿဗေဒပါမောက္ခ စတိန်းမူလာ Dr. Stein Muller က တရုတ်နှင့်ဝ ဆက်ဆံရေးအကြောင်း စာတမ်းထဲတွင် ဝ ဒေသကို ‘တောင်ပေါ်က တရုတ်ခံတပ်-ရှန်းဂျိုင့်ဂျွန်းဂွာ Shanzhai Zhongguo’ ဟု တရုတ်များက ခေါ်ဆိုကြောင်း ဖော်ပြထားသည်။
ဝ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တရုတ်ကုမ္ပဏီက တည်ဆောက်ထားခြင်းဖြစ်ပြီး ဝ ဒေသ၏ အခြေခံ အဆောက်အအုံများကို တရုတ်ကုမ္ပဏီမှ တရုတ်အလုပ်သမားများသုံးပြီး တည်ဆောက်ထားသည်။ ဝ ဒေသ သုံးစကားသည် တရုတ်စကားဖြစ်ပြီး တရုတ်ယွမ်ငွေကို အဓိကထားသုံးစွဲသည်။ သတ္တုတွင်းနှင့် ရာဘာလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ Super Market ၊ Casino နှင့် ဖျော်ဖြေရေးလုပ်ငန်းများကိုလည်း တရုတ်ကုမ္ပဏီများက လုပ်ကိုင်ကြသည်။ ဝ ဒေသတွင် ဘိန်းစိုက်ပျိုးမှု သိပ်မရှိတော့သော်လည်း စိတ်ကြွမူးယစ်ဆေးဝါးမျိုးစုံ ထုတ်လုပ်ရာတွင် ဝ ဒေသက နာမည်ကြီးသည်။
တရုတ်ကွန်မြူနစ်အစိုးရ ထောက်ခံအားပေးသည့် ဗကပ၏လက်အောက်ခံ ‘ဝ’တပ်ဖွဲ့တွင် တရုတ်တပ်သားရော၊ တရုတ်သင်တန်းဆရာရော ပါဝင်တာကြောင့် မော်စီတုန်း၏ စစ်ဗျူဟာနှင့် ရင်းနှီးသည်။ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းတွင် တရုတ်ထောက်ပံ့မှု လျော့နည်းသွားသောကြောင့် ဘိန်းလုပ်ငန်းဖြင့် ရန်ပုံငွေရှာခဲ့သည်။ ဘိန်းလုပ်ငန်းစွန့်လွတ်ပြီးနောက်ပိုင်း တရုတ်၏ ရင်းနှီးမှု တိုးပွားလာသည်။ တရုတ်ပြည်တိုးတက်လာသည်နှင့်အမျှ ဝ ဒေသလည်း တိုးတက်လာသော်လည်း အတုအပအဆင့်တွင်သာ ရှိသည်ဟု ပါမောက္ခ ‘စတိန်းမူလာ’က ဆိုသည်။
သို့သော် တရုတ်လွမ်းမိုးသည့် ကြားခံဒေသဖြစ်သည့်အတွက် အနောက်တိုင်းသဘောတရားဖြစ်သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဝ ဒေသက ဂရုမစိုက်နိုင်ပါဘူး။ တရုတ်ပုံစံအတိုင်း ခေတ်မီအောင် လုပ်ဖို့သာ စိတ်ကူးထားပုံရသည်။
စစ်ကောင်စီတပ်များ တခြားတနေရာတွင် အလုပ်ရှုပ်နေချိန်တွင် ‘ဝ’ ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဩဇာနယ်မြေတည်ဆောက်နေသည်မှာ အတော်ခရီးရောက်နေပြီဖြစ် သည့်အတွက် တရုတ်အတွက် သတင်းကောင်းဖြစ်ကြောင်း ဦးအောင်ခင်က သုံးသပ်ထားသည်။
လက်ရှိအနေအထားတွင်လည်း စစ်ကောင်စီမှ PDF နှင့် အလုပ်ရှုပ်နေချိန် UWSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် သျှမ်းပြည်နယ်တစ်ခုလုံး ခြေကုတ်ရယူလာသည်ကို မြင်တွေ့နိုင်သည်။ သျှမ်းပြည်နယ်မြောက်ပိုင်းမှ တောင်ပိုင်းအထိ ကားမကြီးတစ်လျောက် SSPP ဝတ်စုံဝတ်ထားသော ဝ တပ်သားများစွာ ကားလမ်းမကြီးပေါ် မကြာခဏ တက်လာပြီး ပေါ်တင်သွားလာနေသည်မှာ စစ်ကောင်စီ၏ အချုပ်အခြာအာဏာကို စိန်ခေါ်နိုင်စွမ်းရှိနေသည်ကို ပြသနေသလိုဖြစ်သည်။
သျှမ်းပြည်နယ်မြောက်ပိုင်းမှ တောင်ပိုင်းကို ဆက်သွယ်ထားသည့် အဓိက လမ်းမကြီးဖြစ်သော လားရှိုး-နမ့်လန်-မိုင်းကိုင်-လဲချား-ပင်လုံ-လွိုင်လင်-တောင်ကြီးလမ်းတစ်လျောက်တွင်လည်း မြောက် ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် UWSA, SSPP တို့မှ လမ်းမကြီးပေါ်တွင် ဝါးတန်းဂိတ်များပြုလုပ်ပြီး နေရာယူနေသည်ကို မြင်တွေ့နိုင်သည်။ ထို့အတူ စစ်ကောင်စီ၏ တပ်သားများလည်း အဆိုပါ လမ်းမပေါ်တွင် စစ်ဆေးရေးဂိတ်များ ချထားသည့်အတွက် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့ နားလည်မှုရယူထားသည်မှာလည်း ထင်သာမြင်သာရှိစေသည်။
ထို့အတူ နမ့်လန်-နောင်ဝိုး-ကျောက်ဂူ-အင်တော-ရပ်စောက်လမ်းတွင်လည်း အလားတူပုံစံမျိုး SSPP တပ်သားများ၏ စစ်ဆေးရေးဂိတ် (၆) ခုခန့် ချထားသည်ကို မြင်တွေ့ရသည်။ ရံဖန်ရံခါတွင် ရပ်စောက်-အင်တော-ကျောက်ဂူလမ်း၌ UWSA တပ်သားများနှင့် SSPP တပ်သားများ တရုတ်နိုင်ငံထုတ် စစ်တပ်သုံး စစ်ထရပ်ကားများကို တပ်သားများအပြည့်တင်ပြီး ကင်းလှည့်နေသည့်မြင်ကွင်းသည် လည်း စစ်ကောင်စီနည်းတူ တရားဝင်သွားလာလှုပ်ရှားနိုင်ကြောင်း ပြသရာရောက်သည်။ အဆိုပါမြင်ကွင်းသည် သျှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့၏ အုပ်ချုပ်ရေး အာဏာ အပြည့်အဝရထားသည့်အလား ဖြစ်နေသည်မှာ စိတ်ဝင်စားစရာ စောင့်ကြည့်ရမည့် အနေအထားမျိုးဖြစ်သည်။
ဒါ့အပြင် သျှမ်းပြည်နယ်အနှံ့ ပိုပိုတင်းကြပ်လာသည့် တပ်သားသစ်စုဆောင်းမှုများကြောင့် စစ်ကောင်စီမည်သို့မျှ အချုပ်အချာအာဏာမရှိတော့သည့်အလားရောက်နေပြီလား သို့မဟုတ် တမင်တကာ နားလည်မှုပေးထားသည်လားဆိုသည်ကတော့ ……
UWSA နှင့် စစ်တပ်နားလည်မှုယူပြီး နမ္မတူမြစ်ပေါ် ရေကာတာတည်ဆောက်ရေးက၂၀၂၁ ခု အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်နယ်အတွင်း ဆိုးရွားသော လူ့အခွင့်အရေးအခြေအနေများက ဆက်စပ်မှုရှိသလား?
၂၀၂၁ ခု အစောပိုင်း၌ စစ်တပ်၏ အာဏာသိမ်းမှုကို RCSS က တဖွဲ့ချင်းနှင့် PPST အနေဖြင့်လည်း ဆန့်ကျင်ကြောင်း ထုတ်ပြောခဲ့သည်။ ယင်းသည်စစ်ကောင်စီကို မကြေမနပ်ဖြစ်စေခဲ့ကြောင်း ကြားရ သည်။ သျှမ်းမြောက်တလျှောက် RCSS ၏နယ်မြေစိုးမိုးမှုလည်း UWSA နှင့် ၎င်းမဟာမိတ်များအတွက် အဟန့်အတား ဖြစ်စေသည်။ ဒါ့ကြောင့် RCSS ကို UWSA/SSPP/TNLA တို့က စစ်တပ်နှင့် အပေးအယူ လုပ်ကာ ၂၀၂၁ ခု ဇွန်လမှစ၍ သျှမ်းမြောက်၌ အစွမ်းကုန်တိုက်ခိုက်သည်။ ဗမာ့တပ်မတော်နှင့် ၎င်းတို့ ဤတို့ မတိုက်ခိုက်ဖူးပါ။ SSPP ယူနီဖောင်းဝတ် UWSA အဖွဲ့သားများက ထရပ်ကားကြီးများပင်စီး၍ အင်အားဖြည့် လာကြသည်ဆိုသော် စစ်တပ် သဘောမတူပဲ လာ၍ရကြလိမ့်မည်မဟုတ်ပါ။ လက်နက်ကြီးအသုံးပြုမှုသည် စစ်တပ်ထက်ပို၍ပင် အသုံးပြုခဲ့သည်ဟု RCSS အရာရှိတဦးက ဆိုသည်။ ယင်းနောက် နယ်မြေစိုးမိုးမှုရရန်အတွက် RCSS နှင့် ပါတ်သက် ဆက်နွယ်ဖူးသည်ဟု ယူဆရသော အရပ်သားများကို ရှင်းလင်းသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစပြီး ဧပြီလအထိ သျှမ်းပြည်နယ်အတွင်း UWSA နှင့် ၎င်းမဟာမိတ်အဖွဲ့တို့၏ ဖမ်းဆီးခြင်းခံရသူ ရွာခံ အမျိုးသား ၁၀၈ ဦး၊ ပြန်လည်လွတ်မြောက်သူ ၃ ဦး၊ သတ်ဖြတ်ခံရသူ ၇ ဦး (ကျား ၆၊ မ ၁) ခန့်ရှိသည်။ မူစယ်မြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ ရပ်ဆောက်မြို့နယ်၊ မိုင်းနောင်မြို့နယ်၊ လဲချားမြို့နယ်တို့မှ ရွာခံများ ဖြစ်သည်။
၂၀၂၂ ခု သျှမ်းပြည်နယ်အတွင်း UWSA – SSPP – TNLA အဖွဲ့တို့၏ ဖမ်းဆီးခြင်းခံရသူ ရွာခံ အမျိုးသား ၂၀၆ ဦး (မ ၂ ဦး)၊ ပြန်လည်လွတ်မြောက်သူ ၁ ဦး၊ သတ်ဖြတ်ခံရသူ ၉ ဦး (ကျား) တို့ဖြစ်ပါသည်။ နမ့်ခမ်းမြို့နယ်၊ မူစယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ ရပ်ဆောက်မြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ နမ့်စန်မြို့နယ်၊ ကျေးသီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ လဲချားမြို့နယ်၊ ပင်လုံမြို့နယ်၊ မိုင်းနောင်မြို့နယ်တို့မှ ရွာခံများ ဖြစ်ကြသည်။
၂၀၂၁ ခု သျှမ်းပြည်နယ်အတွင်း SSPP နှင့် TNLA အဖွဲ့တို့၏ ဖမ်းဆီးခြင်းခံရသူ ရွာခံ အမျိုးသား ၃၀၂ ဦး (မ ၈ ဦး)၊ ပြန်လည်လွတ်မြောက်သူ ၀ ဦး၊ သတ်ဖြတ်ခံရသူ ၁၈ ဦး (ကျား) တို့ဖြစ်ပါသည်။ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ် (ကျောက်မဲခရိုင်)၊ သီပေါမြို့နယ်၊ နမ္မတူမြို့နယ်၊ မောဌာနေ၊ နောင်ချိုမြို့နယ်၊ မူစယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ လားရိူးမြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ မိုင်းရူးမြို့နယ်၊ ကျေးသီးမြို့နယ်တို့မှ ဒေသခံများဖြစ်ကြသည်။
အခြားအကြောင်းအရင်းတခုသည် UWSA နှင့် တရုတ်တို့၏ သျှမ်းမြောက် စီးပွားရေးကြောင့်လည်း ပါသည်။ UWSA ပိုင် ကုမ္ပဏီ NCEH Natural Current Energy Hydropower Compay (NCEH) သည် လက်ရှိ စစ်ကောင်စီ၏ Department of Electric Power Planning ဌာနနှင့် သီပေါမြို့မှ မိုင် ၂၀ ကွာဝေးသော နမ္မတူမြစ်ပေါ်၌ ၂၁၀ မီကာဝတ်ထွက်မည့် ရေကာတခုတည်ဆောက်ရန် ၂၀၂၂ ခု ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်၌ သဘောတူလက်မှတ်ရေးထိုးခဲ့သည်ဟု Shan State Frontline အရပ်ဖက်အဖွဲ့အစည်းတခုက ၂၀၂၃ ခု မေလ ၁၈ နေ့က ထုတ်ပြန်ခဲ့သည်။
ဗမာစကားမတတ်သော တရုတ်အများအပြား ထရပ်ကားကြီးများနှင့် ရောက်လာနေပြီး အကောင်အထည်ဖော်နေကြသည်ဟု သိရသည်။ နမ္မတူမြစ်ပေါ်တည်ဆောက်နေသည့် ၂၁၀ မီကာဝတ် ဆည်သည် ဆည် ၅ ခုထဲက တတိယတခုဖြစ်သည်ဟုဆိုသည်။ ၇၉၀ မီကာဝတ် အောက်ရဲရွာဆည် သည် ၂၀၁၀ ခုနှစ်က ပြီးဆုံးသွားခဲ့ပြီး ၂၈၀ မီကာဝတ်ထွက်မည့် အထက်ရဲရွာဆည်သည် ၂၀၀၈ မှ ယခုထိတည်ဆောက်ဆဲဟုသိရသည်။
သျှမ်းပြည် တောင်ပိုင်း လဲချားမြို့နယ် ဟိုအော်ရွာ၌လည်း UWSA ကုမ္ပဏီပိုင်တခုက ကျောက်မီးသွေး တူးဖော်မှုစတင်နေပြီဖြစ်ကြောင်း သျှမ်းပြည်နယ်အတွင်း တရုတ်စီးပွားရေးသမားများကို လေ့လာ စောင့်ကြည့်နေသည့် အရပ်ဖက်အဖွဲ့အစည်းတခုမှ ဝန်ထမ်းတဦးထံမှသိရသည်။
တာချီလိတ်ဘက်ကို ဘယ်သူတွေ ဦးတည်နေပြီလဲ?
ထိုင်းနယ်စပ် မယ်ဆိုင်တဖက်ခြမ်း တာချီလိတ်မြို့တော်သည် အတော်လေး နက်ရိူင်းလှပါသည်။ တာချီလိတ်မြို့သည် မိုင်းလားအထူးဒေသ ၄ ၊ ပန်ဆန်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုင်းတို့နှင့် လည်း နယ်မြေထိစပ်မှုရှိသည့်အလျောက် တရုတ်တောင်ပိုင်းနှင့်ဆက်စပ်မှုရှိသော တိုင်းရင်းသားများ၏ အမာခံနယ်မြေတခုဖြစ်သည်။ တရုတ်နိုင်ငံတောင်ပိုင်းဒေသက သယံဇာတအရင်းအမြှစ်များ၊ အကျိုးအမြတ်များ၊ လာရောက် ရှာဖွေရာနေရာ၊ တရုတ်နိုင်ငံ၏ နယ်မြေတိုးချဲ့မှုအတွက် သော်လည်း ကောင်း၊ ယဥ်ကျေးမှုကို သွယ်ဝိုက်သောနည်းလမ်းနှင့် လွမ်းမိုးရန်အတွက် မည်သို့ပင်ဖြစ်စေ ပြေးမလွတ်နိုင်တော့ပါ။ စစ်ရေးနှင့် နိုင်ငံရေး အင်အားကြီးမားသော နိုင်ငံတခု၏ ပုံမှန်လုပ်ဆောင်တတ် သည့် သဘောသဘာဝဖြစ်သည်။ အရာရာ၌ အင်အားချီ့နဲ့သော နိုင်ငံများအနေနှင့် အဆိုပါနိုင်ငံများ၏ သားကောင်အဖြစ်သို့ ကျရောက်ရသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ မယ်ဆိုင်၊ ချိန်းဆန်တို့ အပါအဝင်၊ အထူးဒေသ ၂ နှင့် ၄ မှလာသော တရုတ်နိုင်ငံသားနှင့် မြန်မာဖွား တရုတ်အနွယ်ဝင်များသည် တရုတ်အထူးစီးပွားရေးဇုံဖြစ်သော လာအိုနိုင်ငံ တုင့်ဖိန့်ဒေသ၌ စုပြုံမိနေကြသည်။
တရုတ်အမျိုးသားများ၏ စီးပွားရေးလုပ်ငန်းများ၌ ၎င်းတို့အချင်းချင်းကြားဆက်သွယ်နေကြပြီး အခွင့်အလမ်းကို အချိန်အတိုင်းအတာတခုထိ စောင့်မျော်နေကြသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ မှ တရားဥပဒေနှင့် မလွတ်ကင်းသော အရောင်းအဝယ်များမှ ရရှိလာသော ဝင်ငွေများဖြင့် တာချီလိတ် ထဲသို့ ရင်းနှီးမြုပ်နှံကြရန် အပြုံလိုက် ဝင်ရောက်လာနေကြပါသည်။ အချို့နေရာများတွင် ခေါင်းခြင်းဆိုင်နေကြသကဲ့သို့၊ အချို့သည် တိုက်ခန်းများဌားနေကြခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် များနှင့် ဆက်နွယ်သော ဟိုတယ်များ၌ အခန်းဌားနေထိုင်ကြခြင်းရှိနေကြသည်။ အခန်းဌားစာချုပ်များ ကို ၅ နှစ်နှင့်အထက်ပင် ပြုလုပ်ထားကြသည်။ ၎င်းတို့ဝင်ရောက်လာပြီး မည်သည့်လုပ်ငန်းများ လုပ်ကိုင်နေကြသနည်း။ အဆိုပါ ဒေသနှင့် ထိုင်းနယ်စပ်၏ ငွေကြေးလည်ပတ်မှုလုပ်ငန်းများ မည်ကဲ့သို့ ဆက်စပ်မှုရှိသနည်း?
ဒေသတခု၏ အခြေခံအဆောက်အအုံစနစ် ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်ထားသည့်အတိုင်း ပြောင်းလဲ သွားသည်ကို မြင်ရခဲပါသည်။ လိုက်ဖက်သော အမည်နာမတခုဖြင့် အထူးစီးပွားရေးဇုံ မြို့သစ်တခု တည်ရန် ဆိုကြပါစို့။ တရုတ်နိုင်ငံ ဘဏ်များမှ လူဟောင်း၊ ကုမ္ပဏီဟောင်းများက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေများဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတိုင်းနှင့် အထူးဒေသ၌ လုပ်ငန်းခွဲများလာဖွင့်ထားသည်မှာ သေချာပါသည်။ မကြာမီ ထိုစီးပွားရေးဇုံမြို့သစ်တွင် အခြားဒေသမှ လူများလည်း လာရောက်နေထိုင် လုပ်ကိုင်စားသောက်ကြ မည်ကို လက်ခံကြရလိမ့် မည်။
သို့သော် ဒေသခံအများစုဖြစ်ကြသော သျှမ်း၊ အခါ၊ လားဟူနှင့် အခြားတိုင်းရင်းသားများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောင်းလဲတိုးတက်မှု ရှိလာမည်မဟုတ်ပါ။
ယခု တာချီလိတ်မြို့တော်သည် လာအိုနိုင်ငံ တုင့်ဖိန့်က ကင်းရိုမန်း ကာစီနိုကြီးရှိရာနေရာနှင့် တူလာပါ သည်။ ဟိုတယ်နှင့် ဖျော်ဖြေရေးလုပ်ငန်းများ၊ ကာရာအိုကေများ၊ လောင်းကစားအမျိုးမျိုး၊ call center ငွေကြေးလိမ်လည်သည့်ဂိုဏ်းများ ပိုမိုတိုးပွားလာနေပါသည်။ လာအိုနိုင်ငံရှိ ကင်းရိုမန်းနှင့် မတူသည့်အချက်တခုတည်းမှာ မည်သည့်တိုးတက်ပြောင်းလဲမှုမှ မရှိသော ဒေသခံ အများစု တည်ရှိ နေဆဲဖြစ်သည်။ သို့သော် သိပ်မကြာပါ ဒေသခံများ တဖြည်းဖြည်းလျော့ပါးသွားပါလိမ့်မည်။ သျှမ်းမြောက်၊ သျှမ်းအရှေ့က တရုတ်နီ စီးပွားရေးသမားများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုင်းနှင့် အထူးဒေသမှ စီးပွားရေး ရင်းနှီးမြုပ်နှံသူများသည် ထိုင်းနယ်စပ်၏ နယ်စပ်ဖြတ်ကျော် စီးပွားရေး လုပ်ငန်းအတွက်အပြင် နိုင်ငံတော်လုံခြုံရေးအတွက် မည်သို့သော သက်ရောက်မှု ရှိနိုင်ပါမည်နည်း?
အနာဂတ်တွင် UWSA 171 သည် (ဒေသခံများ၏ အထောက်အထားမှတ်ပုံတင်များကို အပြင်မထွက်နိုင် ရေး ထိန်းချုပ်နေသော်လည်း) အထီးကျန်ဆန်သွားနိုင်သောကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တရုတ်စီးပွားရေးသမားများနှင့် မိတ်ဖက်များ ကြိုတင်လှုပ်ရှားလာခြင်း အကြောင်းအရင်းတခု ဖြစ်နိုင်သည်။ စီးပွားရေးလုပ်ငန်းကိုတိုးချဲ့ကာ လာအိုနိုင်ငံ ဘန့်တုင့်ဖိန့် တရုတ်အထူးစီးပွားရေးဇုံမှ လူအုပ်စုလိုက် ကြိတ်ပြောင်းရွှေ့နေကြသည်။ ဟိုတယ်၊ ရီဆော့ အပန်းဖြေနေရာ၊ တိုက်ခန်းများမှ တဆင့် မျော်မှန်းသည့်နေရာများ ရောက်ရှိရေးအတွက် တာချီလိတ်မြို့တော်ထဲသို့ ပြောင်းရွှေ့ရင်းနှီး မြုပ်နှံ လာနေကြပါသည်။
တာချီလိတ် ဒေသခံများအရ “အခု အခြေအနေကို ခြုံကြည့်ရင် ပြွတ်သိပ်နေတဲ့ တာချီလိတ်ဒေသခံတွေ အတွက် ငြိမ်တယ်လို့မြင်ပါမယ်၊ ဒါပေမယ့် တခြားဒေသက ဝင်လာကြတဲ့သူတွေကြောင့် ပြောင်းတော့ ပြောင်းလဲသွားပါတယ်၊ ဝင်ငွေကတော့ အရင်ကထက် ပိုရလာတယ်၊ မော်တော်ယာဥ်တွေ လှုပ်ရှားသွားလာနေကြတယ်၊ လူတွေကတော့ ကိုယ့်ဟာကိုယ်နေတဲ့ပုံ ဖြစ်လာတယ်၊ အုတ်တံတိုင်း တွေမြင့်လာတယ်၊ သူ့နေရာနဲ့သူ ဆိုပြီး ရင်းနှီးမြုပ်နှံမှုဘောင်တွေဖြစ်လာတယ်၊ အုပ်စုတူတဲ့လူတွေဘဲ စုကြတယ်၊ ရုတ်တရက်ခုန်တက်ပြီးတိုးတက်လာတဲ့ပုံစံပါ၊ ဖျော်ဖြေရေးလုပ်ငန်း တွေထဲ ရင်းနှီးဖို့ ပိုလုပ်လာပါတယ်” …
အခြားတာချီလိတ်ဒေသခံ အချို့၏ ပြောပြချက်အရ တရုတ်အမျိုးသားများ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်လာနေသည်ဟုဆိုသည်။ အချို့ တရုတ်အမျိုးသားများသည် တရုတ်ပြည်မကြီးမှ ဖြစ်ပြီး၊ တာချီလိတ်၌ စီးပွားရေးလုပ်ကိုင်နေကြသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထူးဒေသ ၄ (မိုင်းလား) နှင့် အထူးဒေသ ၂ မှ တရုတ်အမျိုးသားများက ခေါ်လာခြင်းဖြစ်သည်ဟုဆိုပါသည်။ ၎င်းတို့အဖို့ အစစအရာရာ အံဝင်ခွင်ကျဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများမှာ အွန်လိုင်းလောင်းကစားများ၊ ငွေလိမ်ကြသည့် call centers များ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ ယွမ်ငွေမှ ဘတ်ငွေအဖြစ်ပြောင်းလဲခြင်း စသည်တို့ဖြစ်သည်။ ဒေသခံများ၏ မြေဧကပေါင်းများစွာပေါ်တွင် ကြီးမားသောစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိသေးသော်လည်း သျှမ်းပြည်နယ်တဝိုက် သတ္တုတူးဖော်သည့်လုပ်ငန်းများကို ခိုး၍တိုးချဲ့ လုပ်လာနေကြကြောင်း သတင်းများထွက်ပေါ်နေ ပါသည်။ လွန်ခဲ့သည့်ကာလများကပင် တာချီလိတ်မြို့ပတ်ဝန်းကျင်၌ ရွှေတူးဖော်သည့် လုပ်ငန်းပေါင်း ၅၀ ခန့် ခွင့်ပြုချက်ရထားသည်ဟု ဆိုသည်။
အဆိုပါ တရုတ်အမျိုးသားများသည် တာချီလိတ်မြို့တော်သို့သာ အဓိက ဝင်ရောက်လာကြပြီး အများစု သည် လူငယ်များဖြစ်၍ ပြည်မဘက်သို့ ဝင်ရောက်မှု မရှိသလောက်ဖြစ်သည်။ စိတ်ကြွရူးသွပ်ဆေးပြား -ယာဘ၊ အိုက်စ်၊ ခေးဒါးမင်း စသည့် မူးယစ်ဆေးဝါးပေါင်းစုံ စီးဝင်သည့် အချိန်ကာလ၊ ချင်းရိုင်းခရိုင်ထဲသို့ မူးယစ်ဆေးဝါး ခိုးသွင်းမှုသည် ယခုနှစ်သည် ပမဏာအများဆုံး ဖြစ်သည်ဟုဆို သည်။ ဗဟိုငွေသိုက်သည် တာချီလိတ်မြို့တော်ဖြစ်ပြီး ထိုမှတဆင့် မယ်ဆိုင်ဘက်သို့ လွဲပြောင်းကြ သည်ဟု ထိုင်းစုံစမ်းဖော်ထုတ်ရေးနှင့် ပိုင်ဆိုင်မှုပစ္စည်းထိန်းချုပ်ရေးဌာန သတင်းအချက် အလက်များ အရ ဆိုသည်။ ငွေကြေးခဝါချသည့်ပုံစံသည် ထိုင်းဘက်ခြမ်းတွင် မြေကွက်များဝယ်ယူ၍ လည်းကောင်း၊ မြန်မာဘက်ခြမ်းသို့ ဆောက်လုပ်ရေးပစ္စည်းများ ပြန်လည်တင်ပို့ရောင်းချခြင်းဖြင့် ငွေမည်းမှ ငွေဖြူသို့ ပြောင်းလဲကြသည်ဟုဆိုသည်။
သေချာသည်မှာ တာချီလိတ်မြို့တော်သည် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုင်း ပန်ဆန်း နှင့် ဝ တောင်ပိုင်းကို ချိတ်ဆက်ပေးသည့်နေရာ၊ လူဆုံရပ်နှင့် အရေးပေါ် သတင်းနှင့်အချက်အလက် ဖလှယ်သည့်နေရာ ဖြစ်လာပါသည်။ UWSA 171 ကို ဗဟိုပြုပြီး မိုင်းလားတောင်ပိုင်းနှင့် တာချီလိတ်မြို့တော်ကို ဆက်သွယ်ထားသည့် လမ်းကြောင်းကို အထူး ပြုပြင်မွမ်းမံနေသော ကြောင့်လည်း ဖြစ်ပါသည်။
၂၀၂၁ ခု စစ်ကောင်စီအာဏာသိမ်းကာလ၌ UWSA ကျောထောက်နောက်ခံလုပ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတိုင်းနှင့် အထူးဒေသများမှ တရုတ်များ တာချီလိတ်ဘက်သို့ ဦးတည် ရွေ့လျားလာချိန် တာချီလိတ်ရှိ ဒေသခံ စီးပွားရေးသမားများ ဦးရေ (၅၀ မှ ၆၀) ဝန်းကျင်ခန့်အထိ ပြန်ပြေးဆွဲခံရခြင်းနှင့် မသိမသာ ဖျောက်ပစ်ခြင်းခံနေရကြောင်း တာချီလိတ်အခြေစိုက် အဖွဲ့အစည်း အချို့ထံမှ သိရသည်။ ယင်းကို UWSA အဖွဲ့က မသိမသာဆောင်ရွက်နေသည်ဟု ကြားသိရပါသည်။ အချို့သောပုဂ္ဂိုလ်များသည် မြန်မာငွေ သိန်းပေါင်းရာချီပေးဆောင်ပြီးမှ ပြန်လည်လွတ် မြောက်လာ သော်လည်း အချို့သော တာချီလိတ်ဒေသခံ စီးပွားရေးသမားများသည် အစအနပင် မကြားရတော့ပဲ ပျောက်ကွယ်လျက်ရှိသည်ဟုဆိုသည်။
ထိုင်းက တရုတ်အမျိုးသားများကို အထူးစီမံချက်ဖြင့် ထိန်းချုပ်ပြီ
ရွှေတြိဂံနယ်မြေထဲမှာ အခြေစိုက်တဲ့ တရုတ်ဒုစရိုက်သမား Zhao Wei သည် ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး ထိန်းသိမ်းထားသော ဘန်ကောက် တရုတ်စီးပွားရေးနဲ့ ဒုစရိုက်သမား Tuhao နဲ့ ပါတ်သက်ဆက်နွယ်မှု မရှိကြောင်း ငြင်းဆိုသည်။ Zhao Wei သည် တြိဂံနယ်မြေရှိ မူးယစ်ဂိုဏ်းခေါင်းဆောင်ဟု စွဲချက်တင်ခံထားရသူဖြစ်သည်။
ဘန်ကောက်ရှိ တရုတ်စီးပွားရေးသမား Mr. Chainat (Tuhao) သည် ထိုင်းရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါး ဒုစရိုက်နှင့်ပါတ်သက်ကြောင်း စွပ်စွဲချက်ကိုလည်း ငြင်းပယ်ထားဆဲဖြစ်သည်။ ၎င်းသည် ၂၀၂၂ ခု နိုဝင်ဘာလ ၂၃ ရက် က ထိုင်းရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် သူပိုင်ဆိုင်သော နိုက်ကလပ်၊ အဆောက်အဦးများနှင့် ဇိမ်ခံကားများပါ အသိမ်းဆည်းခံထားရသည်။
မာဆက် လိင်ဖျော်ဖြေရေးလုပ်ငန်းကဏ္ဍ၌ သြဇာတိက္ကကြီးမားသော သူဌေးကြီးနှင့် နိုင်ငံရေးသမား ခွန်ချုးဝိတ် Chuwit Kamolvisit ကပြောသည်မှာ Mr. Chainat (Tuhao) သည် ထိုင်းနိုင်ငံတဝှမ်း ဒုစရိုက်လုပ်ငန်းများနှင့် ပါတ်သက်ဆက်နွယ်နေပြီး တြိဂံနယ်မြေရှိ မူးယစ်ဂိုဏ်းခေါင်းဆောင် Zhao နှင့်လည်း အဆက်အသွယ်ရှိနေကြောင်း သတင်းပေးတိုင်ကြားခဲ့သည်။
Zhao သည် အသက် ၇၁ နှစ် ဝန်းကျင်ခန့်ရှိပြီဖြစ်သည်။ တြိဂံနယ်စပ် လာအိုဘက်ခြမ်း Kings Romans Casino ကြီးမားသောကာစီနိုလောင်းကစားရုံမှတဆင့် တရားမဝင် မူးယစ်ဆေးဝါးကုန်ကူးမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ လာဘ်ပေးလာဘ်ယူမှု၊ တောရိုင်းတိရိစ္ဆာန်များ တရားမဝင် ကုန်ကူးမှုတို့ ဖြင့် ၂၀၁၈ ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စုမှ စီးပွားရေးပိတ်ပင်ထားသူတဦး ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေးဌာနက Zhao Wei ကွန်ယက်နှင့် UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ကို ဘိန်းဖြူ၊ စိတ်ကြွဆေးပြားများနှင့် အခြား တရားမဝင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူး သိုလှောင်သည့် ဒုစရိုက်အဖွဲ့အစည်းအဖြစ် ၂၀၁၈ ခုနှစ်တွင် စီးပွားရေးပိတ်ဆို့ အရေးယူမှုပြုခဲ့သည်။
Zhao သည် ရွှေတြိဂံနယ်မြေ လာအိုဘက်ခြမ်းရှိ အထူးစီးပွားရေးဇုံ၏ ဥက္ကဌ ဖြစ်သည်။
မြဝတီနယ်စပ် တရုတ်စီးပွားရေးသမားများရှိသောနေရာများကို ထိုင်းဘက်က လျှပ်စစ်မီးပေးပို့မှု ရပ်ဆိုင်း
၂၀၂၃ ခု၊ ဇွန်လ ၆ ရက်နေ့က ကရင်ပြည်နယ်-မြဝတီနယ်စပ်ရှိ တရုတ်စီးပွားရေးသမားများစုစည်းရာ ရွှေကုက္ကိုလ်ကာစီနိုလောင်းကစားဝိုင်းနှင့် အခြား ၂ နေရာကို ထိုင်းဘက်ကမ်းက လျှပ်စစ်မီးပေးပို့ မှု ရပ်တန့်ခဲ့သည်။ စစ်ကောင်စီ၏တောင်းဆိုချက်အရဟု ဆိုသည်။ လျှပ်စစ်မီးပြန်လည်ရရှိလိုပါက စစ်ကောင်စီနှင့်သာ ညှိနှိုင်းရမည်ဟု ထိုင်းနယ်စပ်ကုန်သွယ်ရေး အကြံပေး နိုင်းဘန်းဖုတ် ကော်ကေသီကျလိန်းက မဲဆောက်သတင်းဌာနကို ဖြေကြားခဲ့ပါသည်။
ထိုင်းဘက်ကမ်းမှ လျှပ်စစ်မီးပေးထားသည့် နေရာ ၄ ခုသည် မြဝတီ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် ၁ (ဘန့်ဟွေ့မုန့် ၈ မီကာဝတ်)၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ (ထဆိုင်လွတ် ၅ မီကာဝတ်)၊ ဘန့်ဝမ်းဖား အမှတ် ၄ ရပ်ကွက် (၈ မီကာဝတ်) နှင့် မယ့်ကုမိုင်ထဆွန်း အမှတ် ၄ ရပ်ကွက် (၁၀ မီကာဝတ်) တို့ဖြစ်သည်။
မဲဆောက်မြို့နယ် ဘန်န့်ဝမ်းဖား အမှတ် ၄ ရပ်ကွက်နှင့် ဘန့်မယ့်ကုမိုင်ထဆွန်း အမှတ် ၄ ရပ်ကွက်၏ တဖက်ခြမ်း (မြဝတီမြို့နယ် ကရင်ဘက်ခြမ်း) သည် တရုတ်စီးပွားရေးသမားများ ရောက်လာပြီး စီးပွားရေးလုပ်နေသော နေရာများဖြစ်သည်။
ထိုနေရာများကို ထိုင်းဘက်ကမ်းက လျှပ်စစ်မီးပေးပို့မှုရပ်တန့်လိုက်ခြင်းသည် သဘောတူစာချုပ် သက်တမ်းကုန်ဆုံးမှုအရ ဖြတ်တောက်လိုက်သည်ဟုလည်း ဆိုထားသည်။
ယင်းသက်ရောက်မှုကြောင့် ထိုင်းဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်လာမည့် တရုတ်စီးပွားရေး သမားများကို လေ့လာစောင့်ကြည့်သွားမည်ဟုဆိုသည်။ BGF ဘက်က မကြေနပ်မှုများကြောင့် ထိုင်းဘက်ကမ်းသို့ ဝင်ထွက်သွားလာနိုင်သည့် ၎င်းတို့စိုးမိုးရာလမ်းကြောင်းအချို့ကို ပိတ်ဆို့တားစီးမှု များ ရှိနိုင်သည်။
ကိုးကန့်၊ မိုင်းလား၊ ပန်ဆန်းနှင့် ရွှေတြိဂံနယ်မြေ လာအိုကာစီနိုဘက်ကလာတဲ့ တရုတ်တွေကို ထိုင်းက အဆက်မပြတ်ဖမ်းဆီး
၂၀၂၃ ခု၊ ဇွန်လ ၃ ရက်နေ့တွင် သျှမ်း-ထိုင်း နယ်စပ် ထိုင်းဘက်ခြမ်း ချင်းရိုင်းခရိုင်၊ ချင်းရိုင်းမြို့နယ်၊ လော့ပ်ဝိင်းနယ်မြေအတွင်းရှိ Call Center တရုတ်ဂိုဏ်းတဖွဲ့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။ တရုတ်အမျိုးသား Mr. Zhu Huan Xiang က ဦးဆောင်ပြီး ထိုင်းလူငယ် ၈ ဦးကို ဖေ့စဘုတ်အကောင့်အတုများကို ဖွင့်ခိုင်းပြီး အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်စေသည်။ စားပွဲနှင့်ကွန်ပြူတာ တယောက်တလုံးပေးအပ်ထားပြီး အသုံးပြုရန် တယ်လီဖုန်းနှင့် ဘဏ်အကောင့်တို့ ကို ပေးထားသည်။
၂၀၂၃ ခု မေလ ၁၈ ရက်နေ့က သျှမ်း-ထိုင်းနယ်စပ် ထိုင်းဘက်ခြမ်း ချင်းရိုင်းခရိုင်၊ ချိန်းဆန်မြို့နယ်၌ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်သွားမည့် တရုတ်လူမျိုး ၄ ဦးကို ဖမ်းဆီးလိုက်သည်။ ၎င်းတို့ ၄ ဦးကို ဖမ်းဆီးမှုမှလွတ်ပေးရန် ဘတ် ၃ သိန်းခွဲ လာဘ်ထိုးသည့် ထိုင်းလူမျိုး ၁ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်း လိုက်သည်။ ၂ ဦးသည် ထိုင်းနိုင်ငံသားကဒ်ရရှိပြီးသား အသက် ၃၄ နှစ်ဝန်းကျင် မယ့်အိုင်မြို့နယ်၊ ချင်းမိုင်ခရိုင်မှဖြစ်သည်။ အခြား ၂ ဦးသည် အသက် ၅၄ နှစ်အရွယ် တရုတ်အမျိုးသမီး တဦးနှင့် အသက် ၅၀ အရွယ် နွန်းထပူရီမှ တရုတ်အမျိုးသား တဦးတို့ ဖြစ်ကြသည်။
၂၀၂၃ ခု မေလ ၁၈ ရက်နေ့ မှ မတ်လ ၂၈ ရက်နေ့အတွင်း ရွှေတြိဂံနယ်စပ် ချင်းရိုင်းခရိုင်၊ ချိန်းဆန်မြို့နယ်မှ ဗန်ကောက်သို့ အထောက်အထားမပါ ဝင်ရောက်သွားမည့် တရုတ်လူမျိုး ၁၇ ဦးကို ဖမ်းဆီးခဲ့သည်။
၂၀၂၃ ခု ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းရိုင်းခရိုင် ဒုအုပ်ချုပ်ရေးမှူး နိုင်းဆုံဝမ် ဘွန်းရနှောင်းဦးဆောင်သော ထိုင်းအာဏာပိုင်အဖွဲ့နှင့် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင် ဦးဆောင်သော စစ်ကောင်စီ၏ မြန်မာအာဏာပိုင်အဖွဲ့တို့က ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် ၁ ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။