ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

၂၀၂၀-၂၀၂၂ ခုနှစ်အတွင်း သျှမ်းပြည်နယ်မြောက်ပိုင်းရှိ သျှမ်းကျေးလက်ပညာရေးရင်ဆိုင်ခဲ့ရသော စိန်ခေါ်မှုများ အပိုင်း (၁)

၂၀၂၀-၂၀၂၂ ခုနှစ်အတွင်း သျှမ်းပြည်နယ်မြောက်ပိုင်းရှိ သျှမ်းကျေးလက်ပညာရေးရင်ဆိုင်ခဲ့ရသော စိန်ခေါ်မှုများ အပိုင်း (၁)

Hsan Loi Editor
08/08/2023
Share:

“အရင်က တစ်နှစ်လျှင် တစ်ကြိမ်သာ စစ်သားကောက်ပြီး ယခုတွင် တစ်နှစ်လျှင် ၃ ကြိမ် ၄ ကြိမ် စစ်သားစုဆောင်းမှုများ ပြုလုပ်လာသည်။ ကျောင်းနေအရွယ်ကလေးများသည် အသက် (၆) နှစ်ကျော်လာသည်နှင့်တပြိုင်နက် စစ်မှုထမ်းရန် ခေါ်ဆောင်နိုင်သည်ဟူသော ချိန်းခြောက်မှုများကြောင့် ကလေးများသည် ကျောင်းမတက်ရဘဲ ရှောင်ပြေးကြရသည်။”

 

၂၃.၃.၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ပထမဆုံးကိုဗစ်ရောဂါဖြစ်ပွားမှုများကို မှတ်တမ်းတင်ခဲ့သည် (Bangkok Post, 2020)။ ထို့နောက် ကိုရိုနာဗိုင်းရပ်စ်သည် မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ်များအားလုံးသို့ လျှင်မြန်စွာ ပြန့်ပွားခဲ့သည်။ ပထမဆုံးကူးစက်မှုများပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဒေသန္တရကူးစက်မှုများ လျှင်မြန်စွာတိုးပွားလာခဲ့သည်။ ပထမဆုံးကူးစက်မှုများနှင့် ၂၇.၁.၂၀၂၁ ရက်ကြားတွင် သျှမ်းပြည်နယ်၌ တရားဝင်စာရင်းဇယားများအရ ဒေသန္တရကူးစက်မှုပေါင်း ၄၉၆ ခုရှိခဲ့သည် (Ministry of Health and Sport, 2021)။ သို့သော် အမှန်တစ်ကယ်ဖြစ်ပွားခဲ့သော ကူးစက်မှုများမှာ ပိုမိုများပြားနိုင်ချေရှိပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများနည်းပါးခြင်းနှင့် ရောဂါပိုးစစ်ဆေးပေးနိုင်သည့်စွမ်းရည် မရှိခြင်းသည် ဝေးလံခေါင်သီသောနေရာများတွင် ဖြစ်ပွားခဲ့သော ကူးစက်မှုများကို အတည်ပြုနိုင်ခြင်းမရှိဟု ဆိုလိုသည် (Htun et al. 2023)။

၁.၂.၂၀၂၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ်များကို ငြင်းပယ်ပြီး ဗဟိုအစိုးရကို ထိန်းချုပ်လိုက်သည် (Paddock, 2022)။ ထိုဖြစ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် လူသန်းပေါင်းများစွာသည် ဆန္ဒပြပွဲများ၊ သပိတ်မှောက်ခြင်းများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည်။ စစ်တပ်က ဆန္ဒပြသူများ၊ နိုင်ငံရေးအတိုက်အခံခေါင်းဆောင်များနှင့် သတင်းထောက်များကို ဖမ်းဆီးခဲ့သည်။ ၁၅.၂.၂၀၂၃ ရက်နေ့အထိ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ၁၉၅၈၉ ယောက်အဖမ်းဆီးခံခဲ့ရပြီး ၂၉၉၄ ယောက်အသတ်ခံခဲ့ရသည်ဟု မှတ်တမ်းတင်ထားခဲ့သည် (AAPP, 2023)။ နိုင်ငံရေးပဋိပက္ခများက ၂၀၂၁ ခုနှစ်တစ်လျှောက်တွင် ရာထောင်ချီသောလူများသေဆုံးခဲ့ရသည့် ဆိုးရွားလွန်းသည့် ကိုဗစ်-၁၉ တတိယလှိုင်းကို ဦးတည်စေခဲ့သည် (Frontier, 2022)။ မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအပါအဝင် တော်လှန်ရေးအဖွဲ့များကြား လက်နက်ကိုင်တိုက်ပွဲများသည် မြန်မာနိုင်ငံတစ်လျှောက်တွင် အရှိန်အဟုန်ဖြင့် ဆက်လက်ဖြစ်ပွားနေသည်။ ၁၂.၁၀.၂၀၂၂ ရက်နေ့အထိ သျှမ်းပြည်နယ်၌ တရားဝင်မှတ်တမ်းတင်ထားသော တိုက်ပွဲပေါင်း ၂၈၁ ခုဖြစ်ပွားခဲ့ပြီးဖြစ်သည် (ISP-Myanmar, 2022)။ ပဋိပက္ခများက နေရာအနှံ့အပြားတွင် စစ်ဘေးရှောင်ပြည်သူများပိုမိုများပြား‌လာစေပြီး သျှမ်းပြည်နယ်အတွင်း ပြည်တွင်းစစ်ဘေးရှောင် ပြည်သူ ၆၉၀၀၀ ယောက်ခန့်ရှိသည်ဟု ခန့်မှန်းရပါသည် (UNHCR, 2023)။

နိုင်ငံရေးမတည်ငြိမ်မှု၊ ပိုမိုပြင်းထန်လာသော တိုက်ပွဲများနှင့် ကိုဗစ်၁၉ ပြဿနာများစုပေါင်းပြီး မြန်မာနိုင်ငံ၏စီးပွားရေးကို ကြီးမားစွာထိခိုက်စေခဲ့ပါသည်။ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဥ် လျှင် ၂၀၂၂ ခုနှစ်၌ မြန်မာနိုင်ငံ၏စီးပွားရေးမှာ ၁၃ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည် (World Bank, 2022)။ ထို့အပြင် ငွေကြေးဖောင်းပွမှုမှာလည်း ၁၇.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည် (Ibid)။ အကျိုးဆက်အနေဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက ဖွံ့ဖြိုးတိုးတက်မှု အားလုံးနီးပါး နောက်ပြန်ဆုတ်ရုတ်သွားခဲ့ပြီး ခန့်မှန်းချေ မြန်မာနိုင်ငံ၏လူဦးရေ ၄၀ ရာခိုင်နှုန်းခန့်သည် ပြည်တွင်းဆင်းရဲမွဲတေမှုမျဥ်းအောက်တွင် နေထိုင်နေရပါသည် (Ibid.)။

ပူးတွဲဖြစ်ပွားသော ပြဿနာများဖြစ်သည့် နိုင်ငံရေးမတည်ငြိမ်မှုနှင့် ကပ်ရောဂါသည် လူငယ်များ ပညာသင်််ယူနိုင်မှုကို အဟန့်အတားများစွာဖြစ်စေခဲ့သည်။ ၁.၁၁.၂၀၂၁ ရက်နေ့တွင် ကိုဗစ် ၁၉ ကြောင့် ဂျူလိုင်လ ၂၀၂၁ ခုနှစ်ထဲက ပိတ်ထားသောကျောင်းများကို စစ်အစိုးရက ပြန်လည်ဖွင့်လှစ်ရန် ကြေငြာခဲ့သည် (Mendelson, 2021)။ သို့သော် ကျောင်းသားများသည် ဆန္ဒပြသည့်အနေဖြင့်သော်လည်းကောင်း၊ ကျောင်းတက်လျှင်တိုက်ခိုက်မှုခံရမည်ကို ‌စိုးရိမ်သည့်အတွက်ကြောင့်သော်လည်းကောင်း ကျောင်းတက်ရန် ငြင်းပယ်ခဲ့ကြသည်။ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကျောင်းများ၊ တက္ကသိုလ်များနှင့် ပညာရေးဆိုင်ရာ အဆောက်အအုံများကို စစ်ရေးအတွက် အသုံးပြုခဲ့သည့် ဖြစ်ရပ်များနှင့် ပညာရေးနှင့်သက်ဆိုင်သည့်နေရာများကို တိုက်ခိုက်ခံရသည့်အရေအတွက် ၄၅၀ ကြိမ် ရှိခဲ့သည်ဟု the Global Coalition to Protect Education from Attack (GCPEA) မှ တင်ပြခဲ့သည် (GCPEA, 2022)။ ထိုအထဲတွင် ‌ကျောင်းများကို တိုက်ခိုက်သည့် မှတ်တမ်းတင်ထားသော ဖြစ်ရပ် ၁၉၀ ခုလည်း ပါဝင်သည် (Ibid)။

၂၀၂၁ ခုနှစ်တွင် တိုင်းရင်းသားပညာရေးအဖွဲ့အစည်းများက ၎င်းတို့အုပ်ချုပ်မှုအောက်တွင်ရှိသော ကျောင်းများ၌ ကျောင်းအပ်နှံသည့် ကျောင်းသားအရေအတွက်များပြားလာသည်ကို မှတ်တမ်းယူထားခဲ့သည် (Lusan & Fishbein, 2021)။ ၂၀၂၀-၂၀၂၂ခုနှစ်၏ ပူးတွဲပြဿနာများကြောင့် ကျောင်းနေရွယ်ကလေး ၁၃ သန်းသည် ကျောင်းတက်ရန် ခက်ခဲနေပြီး ခန့်မှန်းချေ ကလေး ၃.၇ သန်းသည် ကျောင်းပြန်မတက်နိုင်ကြသေးပါ (UNOCHA 2023)။

ဤသုတေသန၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် သျှမ်းပြည်နယ်၏ ပညာရေးစနစ်အတွင်း မတူကွဲပြားသောပါဝင်ပတ်သတ်သူများ၏ ၂၀၂၀ – ၂၀၂၂ ခုနှစ်ကာလ ကြုံခဲ့ရသော စိန်ခေါ်မှုများ၊ တုံ့ပြန်မှုများနှင့် သင်ခန်းစာများကို မှတ်တမ်းတင်နိုင်ရန်ဖြစ်သည်။ ပါဝင်ပတ်သက်သူများ၏ လုပ်ဆောင်ချက်များ၊ တန်ဖိုးများနှင့် ဆက်ဆံရေးများက ကလေးများ၏ပညာရေးကို ကူညီပံ့ပိုးပေးသော ဂေဟစနစ်များကဲ့သို့ ပညာရေးစနစ်ကို နားလည်ခြင်း၏ အရေးကြီးမှုကို အသိအမှတ်ပြုပါသည် Broffenbrenner, 1979; The Economist Group, 2022)။ ‌ကလေးများ၊ မိဘများ၊ ဆရာ/ဆရာမများ၊ ကျောင်းဒါရိုက်များနှင့် ပညာရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များဖြင့် ဤသုတေသနကို ဆောင်ရွက်ထားပါသည်။ ပြဿနာအခက်အခဲများတစ်မျိုးပြီးတစ်မျိုးဖြစ်နေစဥ််ကာလအတွင်း မတူကွဲပြားသော ပညာ‌ရေးဆိုင်ရာပါဝင်ပတ်သတ်သူများ၏ စိန်ခေါ်မှုများ၊ တုံ့ပြန်မှုများနှင့် သင်ခန်းစာများကို လေ့လာခြင်းအားဖြင့် သျှမ်းပြည်နယ်ပညာရေး၏ ခံနိုင်ရည်ရှိမှုကို ဖော်ထုတ်နိုင်မည်။

ပါဝင်ပတ်သက်သူများအတွက် သျှမ်းကျေးလက်ဒေသပညာရေးစနစ်၏ အရေးကြီးမှု

သျှမ်းပညာရေး၏ ခံနိုင်ရည်ရှိမှုကို နားလည်ရန် ပထမဆုံး မတူကွဲပြားသော ပါဝင်ပတ်သက်သူများအတွက် သျှမ်းကျေးလက်ဒေသပညာရေး၏အဓိပ္ပာယ်ကို နားလည်ရန် လိုသည်။ ပထမပိုင်းက ‌ကလေးများ၊ မိဘများ၊ ဆရာ/မများ၊ ကျောင်းဒါရိုက်တာများနှင့် ပညာရေးအဖွဲ့အစည်းခေါင်းဆောင်များက ၎င်းတို့ပညာရေးစနစ်ကို ဘာကြောင့်တန်ဖိုးထားလဲဆိုသည်ကို ဖော်ပြထားသည်။

သျှမ်းပညာရေး၏တန်ဖိုးကို မေးသောအခါ မိဘများ၊ ဆရာ/မများနှင့် အဖွဲ့အစည်းများအားလုံးက သျှမ်းပညာရေး၏ အကြီးမားဆုံးအားသာချက်သည် ကျောင်းသားများက မိခင်ဘာသာစကားဖြင့် ပညာသင်ကြားခွင့်ရှိခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဤပါဝင်ပတ်သက်သူများက မိခင်ဘာသာစကားဖြင့်လေ့လာခွင့်ရှိသော ပညာရေး၏ အဓိကအကျိုးကျေးဇူး လေးမျိုးကို ‌ထုတ်ဖော်ခဲ့သည်။ ပထမဆုံး သျှမ်းဘာသာစကားသည် ယဥ်််ကျေးမှုနှင့် လူမျိုးအတွက် အရေးကြီးသည်။ ဒုတိယအနေဖြင့် မိခင်ဘာသာစကားကို လေ့လာပြီးသည့်အခါ အခြားဘာသာစကားများကို လေ့လာရာတွင် ပိုမိုလွယ်ကူစေသည်။ တတိယအနေဖြင့် မိခင်ဘာသာစကားဖြင့် သင်ယူလေ့လာခြင်းဖြင့် ဘာသာရပ်ပိုင်းဆိုင်ရာ သင်ခန်းစာများကို ပိုမိုလွယ်ကူစွာလေ့လာနိုင်သည်။ နောက်ဆုံးအနေဖြင့် ကျောင်းသာများအတွက်သာ မိခင်ဘာသာစကားဖြင့် သင်ယူခြင်းသည် လွယ်ကူသည်မဟုတ်ပဲ ဆရာ/မများသင်ကြားပို့ချရာ၌လည်း လွယ်ကူချောမွေ့စေသည်။ အင်တာဗျူးခဲ့သော မိဘများကလည်း ၎င်းတို့၏ကလေးများကို မိခင်ဘာသာစကားဖြင့် ပညာသင်ယူသင့်သည်ဟု လေးလေးနက်နက်ခံစားရသည်။ ဘာသာစကားသည် ယဥ်ကျေးမှုနှင့် လူမျိုးအကြောင်းလေ့လာရန် ကလေးများအတွက် အရေးကြီးသည်ဟုလည်း ၎င်းတို့က ခံစားရသည်။

ကျောင်းသားများက ပညာရေး၏တန်ဖိုးသည် သူငယ်ချင်းများ၊ ဆရာ/မများနှင့် အတူရှိနေခြင်းဟု ယုံကြည်ကြသည်။ ကလေးများက သူတို့၏ကျောင်းများသည် ပျော်ရွှင်စရာနေရာများဖြစ်သည်ဟုလည်း ယုံကြည်ကြသည်။ အင်တာဗျူးခဲ့သောကလေးတစ်ယောက်က အစိုးရကျောင်းမှ ဘုန်းတော််််ကြီးကျောင်းသို့ မကြာသေးခင်ကမှ ရွှေ့ပြောင်းခဲ့သည်။ “ အစိုးရကျောင်းတက်တုန်းက ‌အတန်းပျက်ရင် မကြာခဏဆိုသလိုပဲ အရိုက်ခံခဲ့ရတယ်။ ဒီကိုရောက်လာတော့ အားလုံးပြောင်းလဲသွားတယ်။ အရိုက်မခံရတော့ကူညီဖေးမသည့်စကားတွေသာကြားရတော့တယ်။ ဆရာ/မတွေကို မကြောက်လန့်တော့စာဆက်သင်ချင်တယ်” ဟူ၍ ပြောခဲ့သည်။

စိန်ခေါ်မှုများ

လွန်ခဲ့သော (၂) နှစ်တာ အကြပ်အတည်းကာလအတွင်း သျှမ်းပြည်နယ်မြောက်ပိုင်း ကျေးလက်ဒေသအတွင်းရှိ သျှမ်းပညာရေးလမ်းကြောင်းတွင် ရင်ဆိုင်ခဲ့ရသော စိန်ခေါ်မှုများကို ဖော်ပြသွားမည်။ စိန်ခေါ်မှုများကို ကိုဗစ်-၁၉၏ နောက်ဆက်တွဲနှင့် နိုင်ငံရေးပြောင်းလဲမှု၏ နောက်ဆက်တွဲဟူ၍ စသည့် ခေါင်းစဉ်နှစ်ခုဖြင့် ဖော်ပြသွားမည်ဖြစ်သည်။

ကိုဗစ်-၁၉၏ နောက်ဆက်တွဲများ

ကိုဗစ်-၁၉ ကပ်ဘေးရောဂါကြောင့် သျှမ်းလူမှုအသိုင်းအဝိုင်းတွင် စာသင်ကျောင်းများ ပိတ်ရခြင်း၊ သင်ထောက်ကူပစ္စည်းများ လုံလောက်မှု မရှိခြင်း၊ စားဝတ်နေရေးအတွက် မပြေလည်မှုများ စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရသည်။

ကျောင်းပိတ်ရခြင်း

အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်ပိုး၏ ကူးစက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန် စာသင်ကျောင်းများကို ခတ္တခဏ ရပ်ဆိုင်းထားရန် ကြေငြာခဲ့သည်။ ကျောင်းသားမိဘတစ်ဦး၏ ဖြေကြားချက်အရ ကိုဗစ် – ၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကျောင်းများ တစ်နှစ်ကျော်ခန့် ပိတ်ထားခဲ့ရသည်။ လူမှုအဖွဲ့အစည်းနှင့် ရပ်ကွက်ပြည်သူများသည် စာသင်ကျောင်းများ ပြန်လည်ဖွင့်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများကြောင့် ပြန်လည်းဖွင့်လှစ်နိုင်ရန် အလွန်ပင် ခက်ခဲခဲ့သည်။ ရရှိနိုင်သော အရင်းအမြစ်များသည် ကန့်သတ်မှုများ ရှိနေသောကြောင့် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး စာသင်ကျောင်းများ ပြန်လည် ဖွင့်လစ်ရန် မဖြစ်နိုင်ပေ။ ဤသို့သော ကာလရှည် စာသင်ကျောင်းများ ပိတ်ထားရခြင်းကြောင့် သျှမ်းလူမျိုးအသိုင်းအဝိုင်းအတွက် မကြုံဖူးသော ပညာရေး အကျပ်အတည်းကြီးတစ်ခု ဖြစ်လာသည်။

လုံလောက်သော သင်ထောက်ကူပစ္စည်းများ မရှိခြင်း

ကိုဗစ်-၁၉ကူးစက်မှုကို ထိန်းချုပ်ရန် အစိုးရမှ သွားလာမှုကိုကန့်သတ်ထားခြင်းကြောင့် သင်ထောက်ကူပစ္စည်းများ ရရှိရန် ပိုမို ခက်ခဲလာသည်။ သွားလာမှုကန့်သတ်ချက်ကြောင့် စာသင်ကျောင်းများ လိုအပ်နေသော သင်ထောက်ကူပစ္စည်းများကို လူမှုကူညီရေးအဖွဲ့အစည်းများမှ လာရောက်ထောက်ပံံ့မှုများ မပေးနိုင်သည့်အပြင် ဆရာ/ဆရာမများမှလည်း ကိုယ်တိုင်သွားရောက် ဝယ်ယူရန် ခွင့်ပြုချက် မရှိပေ။ သင်ထောက်ကူပစ္စည်းများ လုံလုံလောက်လောက်မရှိခြင်းကြောင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လစ်နိုင်ခြင်းကို အချိန်ပိုမို ကြံ့ကြာစေခဲ့သည်။

အိမ်တွင်းရေးအခက်အခဲများ

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ခြင်း၏ စည်းမျဉ်းစည်းကမ်းများကြောင့် ကျောင်းသားမိဘများနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုအသိုင်းအဝိုင်းများသည် စီးပွားရေးနှင့် စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်ခဲ့ရသည်။ ရောဂါပိုးပျံ့နှံ့မှုအမြင့်ဆုံးနှင့် စိုးရိမ်ရသော အခြေအနေတွင် အစိုးရမှ အိမ်အတွင်းသာနေထိုင်ရသော ကာလတစ်ခုကို သတ်မှတ်ခဲ့သည်။ ဤသို့သော ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်စည်းမျဉ်းများကြောင့် မိဘပြည်သူများသည် စီးပွားရေးအကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ စီးပွားရေး မပြေလည်းမှုကြောင့် ကျောင်းသားမိဘများသည် ၎င်းတို့၏သားသမီးများကို ကျောင်းထုတ်ရန် တွန်းအားတစ်ခု ဖြစ်လာသည်။ ထို့အပြင် ကလေးငယ်များသည် စားဝတ်နေရေးအတွက် ကြံရာအလုပ်ကို လုပ်နေရခြင်းနှင့် ရွေ့ပြောင်းအလုပ်သမားများဖြစ်လာခြင်းကြောင့်လည်း ပညာရေးတွင် စိတ်ဝင်စားမှုလည်း လျှော့နည်းလာသည်။ ထိုကြောင့် စားဝတ်နေရေး မပြေလည်မှုကြောင့် ကျောင်းထွက်နှုန်း ပိုမိုတိုးပွားလာသည်။ ဆရာ/မ များက ကျောင်းသား/သူများကို ကျောင်းပြန်လာတက်ရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ကျောင်းပြန်လာသည့် ကျောင်းသား/သူ အနည်းငယ်သာရှိသည်။

နိုင်ငံရေးပြောင်းလဲမှု၏နောက်ဆက်တွဲ

သျှမ်းပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများသည် အချိန်ကာကကြာရှည်စွာ ဖြစ်ပွားခဲ့သည်။ မည်သို့ပင်စေကာမူ ဤသုတေသနစာစောင်သည် ၂၀၂၀ -၂၀၂၂ ကာလအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံရေးပြောင်းလဲမှု၏ ပညာရေးအပေါ် သက်ရောက်များကိုသာ တင်ပြသွားမည်ဖြစ်သည်။ စာသင်ကျောင်းများပိတ်ထားခြင်း၊ စစ်ပြေးရှောင်ခြင်း၊ စစ်မှုထမ်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ လုပ်ဆောင်မှုနှင့် သွားလာမှု ကန့်သတ်ခြင်းတို့သည် နိုင်ငံရေးပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ပညာရေးအပေါ် သက်ရောက်မှုများပင် ဖြစ်သည်။

စာသင်ကျောင်းများ ပိတ်ထားရခြင်း

လက်နက်ကိုင်အဖွဲ့များ စစ်ရေးတင်းမာနေချိန်တွင် ကျောင်းသားကျောင်းသူများ၏ အသက်အန္တရာယ်ကို စိုးရိမ်ရ၍ တာဝန်ရှိသူမှ စာသင်ကျောင်းများ ကာလတိုပိတ်ထားလေ့ရှိသည်။ အစိုးရမဟုတ်သောပညာရေး ထောက်ပံ့မှုရရှိသော စာသင်ကျောင်းများသည် နယ်မြေအုပ်ချုပ်မှု မတည်ငြိမ်သော ဒေသများတွင် တည်ရှိနေခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းစစ်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ စစ်ပွဲများ ဖြစ်နေသည့်ကာလတွင် ကျောင်းသားမိဘများသည် ၎င်းတို့၏ကလေးများကို စိုးရိမ်စိတ်ဖြင့် လေ့လာမှုကို ခတ္တခနရပ်ဆိုင်းထားရန် အကြံပြုလေ့ရှိသည်။ ထို့အပြင် ဆရာ/ဆရာမများအတွက်လည်း အသွားအလာခက်ခဲမှုများ ရှိခြင်းကြောင့် ပညာရေးကို အဆက်မပြတ်သင်ကြားလိုသော်လည်း မဖြစ်နိုင်ပေ။ စာသင်ကျောင်းများ မကြာခန ပိတ်ထားရခြင်းကြောင့် ကျောင်းထွက်နှုန်း ပိုမိုမြင့်မားလာသည်။

သျှမ်းပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများသည် အချိန်ကာကကြာရှည်စွာ ဖြစ်ပွားခဲ့သည်။ မည်သို့ပင်စေကာမူ ဤသုတေသနစာစောင်သည် ၂၀၂၀ -၂၀၂၂ ကာလအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံရေးပြောင်းလဲမှု၏ ပညာရေးအပေါ် သက်ရောက်များကိုသာ တင်ပြသွားမည်ဖြစ်သည်။ စာသင်ကျောင်းများပိတ်ထားခြင်း၊ စစ်ပြေးရှောင်ခြင်း၊ စစ်မှုထမ်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ လုပ်ဆောင်မှုနှင့် သွားလာမှု ကန့်သတ်ခြင်းတို့သည် နိုင်ငံရေးပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ပညာရေးအပေါ် သက်ရောက်မှုများပင် ဖြစ်သည်။

ကျောင်းထွက်နှုန်းမြင့်မားလာသည်နှင့် ပတ်သက်၍ ဆရာမတစ်ယောက်၏ ပြောကြားချက်သည်

“ခါတိုင်းနှစ်တွေမှာ ကျောင်းသား ၅၀ ကျော်ရှိပေမယ့် ယခုဆိုလျှင် ၃၀ လောက်မျှသာရှိတော့သည်။တချို့ဆိုလျှင် အသက်သာကြီးသွားသည်။”

စာသင်ကျောင်းများ မကြာခန ပိတ်ရခြင်းကြောင့် ကလေးများသည် လေ့လာမှုအပိုင်းတွင် နောက်ကျလာခဲ့သည်။ အထူးသဖြင့် ကလေးများသည် ၎င်းတို့ အသက်ကြီးလာသော်လည်း အတန်းမတက်ရသောအခါ စိတ်အားငယ်မှုနှင့်အတူ ပညာရေးတွင် စိတ်ဝင်စားမှုများလည်း လျှော့နည်းလာသည်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကလေးငယ်များအတွက် ပညာလေ့လာသင်ယူရန်အခွင့်အလမ်းများ ဆုံးရှုံးရသည်။

စစ်ပြေးရှောင်ခြင်း

ပြည်တွင်းစစ်ရေးပဋိပက္ခများကြောင့် ကျောင်းသား/သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများအပါအဝင် ရွာသူရွာသားများသည် နယ်မြေအေးချမ်းရာအရပ်ကို ရှာဖွေကာ တိမ်းရှောင်ကြရသည်။ ထွက်ပြေးသွားသော ဒေသခံရွာသူ/သားများသည် အများအားဖြင့် နေအိမ်ကို ယနေ့အထိ ပြန်လည်အခြေချနိုင်ခြင်း မရှိသေးပါ။ ကျောင်းသားမိဘတစ်ဦး၏ ပြောပြချက်အရ စစ်ပြေးရှောင်ရခြင်းကြောင့် အိမ်ခြေနှစ်ဆယ်ကျော်ရှိ ရွာသည် အိမ်ခြေသုံးအိမ်ထောင်စုသာ ကျန်ရှိတော့သည်။ ထိုသို့ ထွက်ပြေးတိမ်းရှောင်လာ‌သော ပြည်သူလူထုများသည် စားဝတ်နေရေးအပြင် ပညာဆက်လက်သင်ယူနိုင်ရေးမှာလည်း ကြီးမာသော စိန်ခေါ်မှုများ ဖြစ်လာသည်။

စစ်မှုထမ်းခြင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း ပဋိပက္ခကြောင့် သျှမ်းကျေးလက်ဒေသပညာရေးကို များစွာထိခိုက်ခဲ့ပြီး ပညာသင်ခွင့်ပါဆုံးရှုံးသည်အထိဖြစ်ခဲ့သည်။ စစ်ပွဲကြောင့် မိသားစုအလိုက် ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို လက်နက်ကိုင်များ၏ စစ်သားစုဆောင်းမှု မူဝါဒ ပိုမိုပြင်းထန်ခြင်းကြောင့် ကျောင်းသား/သူ များ၏ လူမှုဘဝလည်း လုံခြုံမှုမရှိတော့ပါ။ ၂ နှစ်အတွင်း သျှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း ပဋိပက္ခ ပိုမိုပြင်းထန်လာခဲ့ပြီး တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး သုတေသနအတွက် စစ်တမ်းများ ကောက်ယူနေချိန်တွင်လည်း စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန် ဖြစ်သည်။ အဆိုပါကျေးလက်ဒေသများတွင် (၇) နှစ်အရွယ်ကလေးများနှင့် မိန်းကလေးငယ်များကို စစ်သားစုဆောင်းနိုင်သည်ဟု ခြိမ်းခြောက်ခြင်းကြောင်း ကျောင်းနေအရွယ် ကလေးများ၏ဘဝ လုံခြုံမှုမရှိတော့ပါ။ ဒါ့အပြင် မြေပြင်တွင်လည်း ကျေးရွာအတွင်းရှိ လူငယ်လူရွယ်များကို စစ်သားစုဆောင်းမှုပြုခြင်းကို လက်နက်ကိုင်များက အတင်းအဓ္ဓမ ပြုလုပ်လာကြပြီး ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးခဲ့ရသည်။ ရွာထဲတွင် စစ်မှုထမ်းနိုင်သော အင်အားမရှိတော့သည့် သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများသာ ကျန်တော့တဲ့အထိ ဖြစ်ပေါ်ခဲ့သည်။ နောက်ဆုံး စာသင်နေသော ကျောင်းဆရာများပါ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အမျိုးသမီးဆရာမများသာ ကျေးလက်ဒေသပညာရေးကို ဆက်လက်သင်ကြားပေးရသည်အထိ ဖြစ်ပွားခဲ့သည်။

ကျောင်းသားမိဘတစ်ယောက်သည် ၎င်း၏ ပူပင်စိုးရိမ်မှုကို ဖော်ပြခဲ့သည်မှာ

“အရင်က တစ်နှစ်လျှင် တစ်ကြိမ်သာ စစ်သားကောက်ပြီး ယခုတွင် တစ်နှစ်လျှင် ၃ ကြိမ် ၄ ကြိမ် စစ်သားစုဆောင်းမှုများ ပြုလုပ်လာသည်။ ကျောင်းနေအရွယ်ကလေးများသည် အသက် (၆) နစ်ကျော်လာသည်နှင့်တပြိုင်နက် စစ်မှုထမ်းရန် ခေါ်ဆောင်နိုင်သည်ဟူသော ချိန်းခြောက်မှုများကြောင့် ကလေးများသည် ကျောင်းမတက်ရဘဲ ရှောင်ပြေးကြရသည်။”

ထို့ကြောင့် တိုင်းရင်းသားပညာရေး ဖော်ဆောင်ရသော ဒေသခံ ဆရာ/မ များနှင့် ကျောင်းသား/သူများ ဘဝသည် လုံခြုံစိတ်ချရခြင်းမရှိဘဲ အခက်အခဲများစွာကြားထဲက ကြိုးစားအသက်ဆက်ရခြင်းဖြစ်သည်။

ခြိမ်းခြောက်မှုများ

ဆရာ/မများ ကျေးလက်ဒေသကျောင်းများသို့ အသွားအလာပြုလုပ်ချိန်တွင် ဒေသအာဏာပိုင်များနှင့် အဖွဲ့အစည်းများ၏ ဖုန်းများ စစ်ဆေးခြင်း၊ ဖုန်းများသိမ်းထားခြင်း စသည်တို့ကို ပြုလုပ်ကြသည်။ လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်သော ပုံများ စာများကို တွေ့ရှိပါက အခြားလက်နက်ကိုင်အဖွဲ့အစည်းက သံသယဝင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်သည့်အထိ ခြိမ်းခြောက်မှုများလည်းရှိခဲ့သည်။ ရွာသူ/ရွာသားများလည်း မကြာခဏဆိုသလို ခြိမ်းခြောက်မှုများ ကြုံတွေ့ရသည်။ ဆရာ/မများကလည်း ကျောင်းသို့ စာများလာရောက်သင်ကြားပေးချင်သော်ငြားလည်း ဆရာ/မ တို့အတွက် လုံခြုံရေးအတွက် တာဝန်မယူကြောင်း ကြားသိရသောကြောင့် ဆရာ/မများအတွက်လည်း သွားလာရန် အခက်အခဲဖြစ်စေသည်။ ကျေးလက်ဒေသရှိ စာသင်ကျောင်းများ၏ ကောင်းကင်အထက်တွင် Drone များစေလွှင့်ပြီး စောင့်ကြည့်ခြင်း၊ ဆရာ/မများအား မကြာခဏခေါ်ဆောင်မေးမြန်းခြင်းများလည်း ပြုလုပ်လေ့ရှိသည်။ပညာရေးဆရာ/မ များကို လက်နက်ကိုင်အဖွဲ့အစည်းနှင့် ပတ်သက်သည်ဟူသော သံသယဖြင့် တခြားလက်နက်ကိုင်အဖွဲ့အစည်းမှ ကျေးလက်ဆရာ/မ (၁၅) ဦးခန့် ကို ၎င်းတို့ဌာနချုပ်ထံ ဖမ်းဆီးခေါ်ဆောင်သွားသည်အထိ ပြုလုပ်ခဲ့သည်။ ထို့အပြင် သျှမ်းကျေးလက်ဒေသ ပညာရေး ဦးဆောင်နေသူများကို သံသယဝင်ပြီး ၎င်းတို့ နေအိမ်အနီးနှင့် ကလေးများနေထိုင်သော ဘော်ဒါဆောင်အနီးအထိ လက်နက်ကိုင်အဖွဲ့ဝင်များကို လက်နက်များနှင့်အတူစေလွတ်ပြီး ခြိမ်းခြောက်မှုလည်း ရှိခဲ့သည်။ ထို့ကြောင့် အဆိုပါ (၂) နှစ်တာကာလအတွင်း သျှမ်းပြည်နယ်အတွင်းရှိ ကျေးလက်ဒေသ ဆရာ/မများ ကျေးလက်ဒေသသို့ ပညာရေး သွားရောက်သင်ကြားပေးချင်သော်လည်း ခြိမ်းခြောက်မှုကြောင့် စာသင်ကျောင်းများထံ သွားရောက်ရန် ခက်ခဲစေသည်။

လုပ်ဆောင်မှုကန့်သတ်ချက်

ပညာရေးဆိုင်ရာလုပ်ဆောင်ချက်များကို လုပ်ဆောင်ရာတွင် လွတ်လပ်မှုမရှိခြင်းကြောင့် လေ့လာသူတို့၏ လိုအပ်ချက်များကို အပြည့်အဝဖြည့်စွက်မပေးနိုင်ပါ။ မည်သည့်ပညာရေးဆွေးနွေးပွဲကိုမဆို ပြုလုပ်ရာတွင် လက်နက်ကိုင်အဖွဲ့ဝင်မှ အနည်းဆုံးတစ်ဦး (သို့မဟုတ်) ၎င်းတို့နှင့် သတင်းအချက်အလက်ပေးနိုင်သူ တစ်ဦးပါဝင်မှသာလျှင် လုပ်ဆောင်ခွင့်ပေးသည်။ ထို့ကြောင့်ပညာရေးဘုတ်အဖွဲ့များအတွက်မူ ပညာရေးဆိုင်ရာဆုံးဖြတ်ချက်များကို လွတ်လွတ်လပ်လပ်မချနိုင်သည်အတွက် ထိရောက်မှုလည်း မရှိပါ။

စာသင်ကျောင်းများကို ဆက်သွယ်ရန် ခက်ခဲခြင်း

နိုင်ငံရေးပြောင်းလဲမှုများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများမှ ချမှတ်ထားသော ကန့်သတ်စည်းမျဉ်းများကြောင့် စာသင်ကျောင်းတွင် လိုအပ်နေသော အကူအညီများကို မိခင်အဖွဲ့အစည်းမှ လာရောက်ကူညီပေးခြင်း၊ သတင်းမေးမြန်းခြင်းများ မပြုလုပ်နိုင်ပါ။ လက်နက်ကိုင်အဖွဲ့အစည်းများအကြား စစ်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးများ မကြာခဏ ဖြတ်ထားလေ့ရှိသည်။ ထို့အပြင် လက်နက်ကိုင်အဖွဲ့အစည်း၏ ကန့်သတ်စည်းမျဉ်းများကြောင့် ရွာတစ်ရွာကို ဆက်သွယ်ရေးဖုန်း ၃ လုံးမျှသာ ကိုင်ဆောင်ခွင့်ပေးထားသည်။ ထိုဆက်သွယ်ရေးဖုန်းများကိုလည်း ရွာလူကြီးများကသာ ကိုင်ဆောင်ရမည်။ ထိုကြောင့် မိခင်အဖွဲ့အစည်းများအတွက် ၎င်းတို့၏ စာသင်ကျောင်းများကို ဆက်သွယ်ရန် မလွယ်ကူတော့ပေ။ ဖော်ပြခဲ့သော အခက်အခဲများကြောင့် မိခင်အဖွဲ့အစည်းများအတွက် စာသင်ကျောင်းများ၏ အချက််အလက်များကို ရယူရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရခြင်းကြောင့် စာသင်ကျောင်း၏ အခြေခံလိုအပ်ချက်များကို ဖြည့်စွက်မပေးနိုင်သည်အတွက် စာသင်ကျောင်းများ ဆက်လက်ရပ်တည်ရန် ပိုမိုအခက်တွေ့လာသည်။

ဆရာ/ဆရာမများအား လစာထုတ်ပေးမှု နှောင့်နှေးမှု

နိုင်ငံရေးအပြောင်းအလဲကြောင့် ပိတ်ပင်မှုများစွာ ဖြစ်ပွားပြီး အွန်လိုင်းအသုံးပြုမှုလည်း ကန့်သတ်ချက်များ ရှိလာသည်။ လမ်းပန်းဆက်သွယ်ရေးများ ပိတ်ထားခြင်း၊ လုံခြုံရေးအတွက် စိုးရီမ်ရခြင်းကြောင့် ပညာရေးအဖွဲ့အစည်းခေါင်းဆောင်များသည် စာသင်ကျောင်းများနှင့် အဆက်အသွယ်ယူရန် အခက်ခဲများစွာနှင့် ကြုံတွေ့ရသည်။ ဆရာ/မများအတွက် လစာများကို ထုတ်ယူရမည့် ဘဏ်များလည်း မကြာခဏ ပိတ်ထားလေ့ရှိသည်။ ကျေးလက်ဒေသတွင် စာသင်နေသော ဆရာ/ဆရာများအတွက် လစာများကို သွားရောက်ပို့ရသည်မှာလည်း လုံခြုံမှု မရှိခြင်းကြောင့် လစာများကို အချိန်မှန် မပို့နိုင်ပါ။ ဆရာ/ဆရာမများသည် လစာကို နောက်ကျမှ ရရှိသော်လည်း ကလေးများအပေါ် ထားရှိခဲ့သော စေတနာသည် မည်သည့်အခါမှ ပြောင်းလဲမှု မရှိခဲ့ပါ။

သျှမ်းပညာရေးလေ့လာသူတစ်ဦး​၏ သုတေသနစာတမ်းကို ကူးယူဖော်ပြခြင်းဖြစ်သည်။ ဆက်လက်ဖော်ပြပါမည်။