ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

အင်းလေးဒေသရှိ ငလျင်ဒဏ်သင့်ပြည်သူများကို သျှမ်းပြည်ပြန်လည်ထူရေးကောင်စီ(RCSS) ကူညီထောက်ပံ့ရေး ကော်မတီအဖွဲ့မှ သွားရောက်ကူညီ

အင်းလေးဒေသရှိ ငလျင်ဒဏ်သင့်ပြည်သူများကို သျှမ်းပြည်ပြန်လည်ထူရေးကောင်စီ(RCSS) ကူညီထောက်ပံ့ရေး ကော်မတီအဖွဲ့မှ သွားရောက်ကူညီ

Hsan Loi Editor
31/03/2025
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ နမ့်ပန်၊‌ နောင်ကန်၊ တိတ်နန်း တို့ဘက်မှာရှိတဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသနေသည့် ပြည်သူများနှင့် နေအိမ်ပျက်စီး ဆုံးရှုံးသွားသည့် ပြည်သူများကို သျှမ်းပြည်ပြန်လည်ထူထောင်ကောင်စီ(RCSS) ကူညီထောက်ပံ့ရေးကော်မတီအဖွဲ့မှ ယနေ့ မတ်လ ၃၁ ရက်နေ့တွင် သွားရောက်ကူညီပေးခဲ့ကြောင်း သိရှိရသည်။

 

အင်းလေးဒေသရှိ နမ့်ပန်ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသနေသည့် ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ဦးနှင့် တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ၉ ဦး စုစုပေါင်း ၂၈ ဦးကို တစ်ဦးလျှင် ၂ သိန်းကျပ် ထောက်ပံ့ပေးခဲ့ပါသည်။

 

ထို့အပြင် ငလျင်ဒဏ်ကြောင့် နေအိမ်များပြိုကျပျက်စီးပြီး နောင်ကန်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေထိုင်သည့် ဒေသခံ ၅၀၀ ကျော်၏ စားသောက်ရေးအတွက် ကျပ်သိန်း ၅၀ နှင့် တိတ်နန်းဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံသူ ၁၀၈ ဦး တို့အတွက် ကျပ်သိန်း ၃၀ ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။

 

“ ဒီမှာက ရေဘေး၊ ငလျင်ဘေးကြောင့် လာရောက်ခိုလှုံတဲ့ ပြည်သူက ၅၀၀ ကျော်လောက်ရှိတော့ နေ့စဉ်တစ်ရက်တစ်ရက် ကျွေး‌မွေးတာက ကုန်တာ မနည်းဘူး၊ ဒါတောင် ချွေချွေတာတာနဲ့ သုံးနေတာ၊ ထ္မင်း/ဆန် တို့က အခက်အခဲမရှိပေမယ့်၊ ဟင်းတွေကျတော့ အခက်ခဲရှိတယ်၊ အလှူရှင်တွေ အကူအညီတွေမရှိတော့ရင် ဘယ်လိုလုပ်ရ မှန်းတောင် မသိတော့ဘူး၊ ဒီနေ့အတွက် ဟင်းဖိုး ပိုက်ဆံမရှိတော့ စဉ်းစားနေတယ် ဘယ်လိုလုပ်ရမလဲ‌ပေါ့၊ လာကူညီပေးလို့ တော်သေးတယ်” ဟု နောင်ကန်ဆရာတော်က မိန့်ကြားပါသည်။

 

ယခု RCSS မှ အင်းလေး‌ဒေသသို့ သွားရောက်ကူညီထောက်ပံ့ပေးခြင်းသည် လက်ရှိ အရေးပေါ်အခြေ အနေများ ဖြေရှင်းနိုင်ရန်အတွက်သာဖြစ်ပြီး ဆက်လက်၍ ကုသရေးပိုင်းနှင့် အခြေခံအစား အသောက်များ ကူညီပေးသွားမည်ဟုသိရသည်။

 

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၉၀ ကျော်အထိရှိနေပြီး၊ နေအိမ်ပေါင်း ၂၀၀၀ ကျော်လောက်ပျက်စီးခဲ့ကြောင်း၊ ၎င်းထဲမှ ကြာတော၊ ဇရပ်ကြီး၊ ကေလာ၊ သလဲဦး၊ ရှေ့ဝကြီး၊ အိုင်ဒေါင့်ကြီး တို့တွင် တစ်ရွာလုံးနီးပါး နေအိမ်တွေ ပျက်စီးမှုအများဆုံးဖြစ်ပြီး၊ အကူအညီတွေ လိုအပ်နေကြောင်း အဆိုပါနေရာတွေမှာ ကူညီပေးနေသည့် အင်းလေးလူငယ်ပရဟိတ လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါသည်။