ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းအမျိုးသားနှစ်သစ်ကူးပွဲတော်
မဟာမုန့်(င်) မိန်း(င်)ဇယ့်
လာမည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ ဗုဒ္ဓဟူးနေ့သည် သျှမ်းသက္ကရာဇ်၂၁၁၇ ခုနှစ် “ သျှမ်းနှစ်သစ်ကူးနေ့” ဖြစ်ပါသည်။ သျှမ်းနှစ်သစ်ကူးပွဲတော်ကို သျှမ်းပြည်နယ် အချို့မြို့နယ်များ၌သာမက ပြည်ပနိုင်ငံရောက် သျှမ်းလူမျိုးများက ယမန်နေ့ကစတင်၍ ကျင်းပနေပြီဟု သိရပါသည်။
ယခု ၂၀၂၂ ခုနှစ်၊ မြန်မာ့နိုင်ငံရေးအကြပ်အတည်း အခြေအနေအရ အချို့မြို့နယ်တွင် မိသားစုအတိုင်းအသာဖြင့်သာ သျှမ်းနှစ်သစ်ကူးခြင်းကို ကြိုဆိုကြရန် စီစဉ်ကြရကြောင်း စာပေယဉ်ကျေးမှုတာဝန်ခံအချို့ထံကတဆင့် သိရပါသည်။ အချို့မြို့နယ်များတွင် ကျင်းပပြုလုပ်နိုင်ခြင်း မရှိကြောင်း သိရပါသည်။
ရှေးခေတ်ပုဗ္ဗကာလီအခါ၌ သျှမ်းလူမျိုးနွယ်အားလုံးသည် မိမိ၏နှစ်သစ်ကူးပွဲတော်ကို နတ်တော်လတွင်ကျင်းပလေ့ရှိကြောင်း သမိုင်းမှတ်တမ်းအရ သိရှိရသည်။ သို့သော် ယနေ့ရာစုနှစ်များတွင် မိုင်းမောဝ်နှင့် သျှမ်းပြည်နယ်ရှိ သျှမ်းအမျိုးသားများကသာ နတ်တော်လ သျှမ်းနှစ်သစ်ကူးပွဲဓလေ့ ပုံမှန်ထိန်းသိမ်းထားကြသည်ကို တွေ့ရပြီး အခြားဒေသများ၌ ပြန့်နှံ့နေထိုင်ကြသော သျှမ်းလူမျိုးများသည် ဘာသာရေးနှစ်သစ်ကူးပွဲတော်ဖြစ်သည့် သင်္ကြန်နှစ်သစ်ကူးပွဲတော်ကိုသာ ကျင်းပပြုလုပ်နိုင်သည်။ မောဝ်ဒေသနှင့် သျှမ်းပြည်နယ်မှ သျှမ်းလူမျိုးများသည် သင်္ကြန်နှစ်သစ်ကူးပွဲတော်နှင့် ခရစ်စမတ်နှစ်သစ်ကူးပွဲကို ဘာသာရေးနှစ်သစ်ကူးပွဲဟု မှတ်ယူကြပြီး တရုတ်နှစ်သစ်ကူးပွဲ၊ ကရင်နှစ်သစ်ကူးပွဲ၊ သျှမ်းနှစ်သစ်ကူးပွဲကိုသာ အမျိုးသားနှစ်သစ်ကူးပွဲအဖြစ် သတ်မှတ်ကြသည်။ ထို့ကြောင့် မောဝ်ဒေသနှင့် သျှမ်းပြည်နယ်တဝှမ်းရှိ သျှမ်းလူမျိုးများသည် နှစ်စဥ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်နေ့တွင် သျှမ်းအမျိုးသားနှစ်သစ်ကူးပွဲတော်ကို ကျင်းပခြင်းဖြစ်သည်။
သျှမ်းလူမျိုးများ၏ပြက္ခဒိန်သည် နက္ခတ္တမာနည်းကို အသုံးပြုထားသဖြင့် နှစ်အမည်ကို ၁၀ ခုထားပြီး လအမည်ကို ၁၂ ခုထားကာ နေ့ရက်အမည်ကိုကား ၆၀ ခုအဖြစ်ထားရှိသည့် ဓလေ့ရှိလေသည်။ ၁၂ လရာသီခွင်တွင် အဦးဆုံးလဖြစ်သည့် နတ်တော်လကို သျှမ်းအမျိုးသားတို့က လိန်စိန်(င်)ဟု ခေါ်လေသည်။ လိန်က – လ ဖြစ်ပြီး စိန်(ငင်) က အဦး ဟု အဓိပ္ပာယ်ရပါသည်။
ဗမာလူမျိုးတို့၏လကို နှိုင်းယှဥ်ပြီး သျှမ်းလအခေါ်အဝေါ်ကို ဖော်ပြရလျှင် အောက်ပါအတိုင်း ရရှိလေသည်။
လအခေါ် –
သျှမ်း – English – ဗမာ
လိန်စိန်(င်) – Loen Zeing – နတ်တော်လ
လိန်ကမ် – Loen Gam – ပြာသိုလ
လိန်ဆမ် – Loen Saam – တပို့တွဲလ
လိန်ဆီ – Loen Si – တပေါင်းလ
လိန်ဟာ့ – Loen Haa; – တန်ခူးလ
လိန်ဟုတ်(က်) – Loen Hog: – ကဆုန်လ
လိန်စိတ်(စ်) – Loen Zeid: – နယုန်လ
လိန်ပက်(တ်) – Loen Baed, – ဝါဆိုလ
လိန်ကောဝ့် – Loen Gao; – ဝါခေါင်လ
လိန်ဆစ်(ပ်) – Loen Sib: – တော်သလင်းလ
လိန်ဆစ်(ပ်)အိတ် – Loen Sib: Eid: – သီတင်းကျွတ်လ
လိန်ဆစ်(ပ်)ဆောင် – Loen Sib: Sawng – တန်ဆောင်မုန်းလ
နေ့အခေါ် –
သျှမ်း – English – ဗမာ
ဝမ်းအားတစ် – Wan: Aa: Did. – တနင်္ဂနွေနေ့
ဝမ်းစန် – Wan: Zan – တနင်္လာနေ့
ဝမ်းအန်း(င်)ကန်း – Wan: Ang: Gaan: – အင်္ဂါနေ့
ဝမ်းပွတ် – Wan: Bud. – ဗုဒ္ဓဟူးနေ့
ဝမ်းဖတ် – Wan: Pad: – ကြာသာပတေးနေ့
ဝမ်းဆွတ်(က်) – Wan: Sug: – သောကြာနေ့
ဝမ်းဆော်ဝ် – Wan: Sao – စနေနေ့
ခေတ်သစ်သျှမ်းသမိုင်းလေ့လာသူတို့၏ယူဆချက်အရ ခွန်ယီ့ (Khun Yi(wink) အမည်ရှိ နန်ချိုက (Nan Chao) က သျှမ်းမင်းသားတပါးသည် မိန်းမောဝ် (Moeng: Maao(smiley) ပြည်ထောင် သို့မဟုတ် မိန်းမောက်ခေါ်ဝ်မောဝ်လုံ {Moeng: Mawk, Kaao maao: Long) ကို BC 94 (Buddhist Era (B.E) 450} နှစ်၌ ရွှေလီမြစ်ဝှမ်း ထုန့်မောဝ်လွင်ပြင်တွင် စတင်တည်ထောင်လာခဲ့သည်ဟုဆိုသည်။ ၎င်းမိန်းမောဝ်ပြည်ထောင်စုတည်ထောင်သည့် နှစ်ကို အစပြု၍ လတ်က်နီ့ပီမိန်း (Lag: Ni; Bi Moeng(smiley) ခေါ် သျှမ်းသက္ကရာဇ်ကို စတင်ရေတွက်လာခဲ့သည်ဟု ဆိုသည်။ ထိုနှစ်မှစ၍ ယခု ၂၀၂၂ ခုနှစ် – ၂၃ (ဗုတ္တသက္ကရာဇ်က ၂၅၆၆-၆၇ ခုနှစ်အထိ) သျှမ်းအမျိုးသားပီမိန်း (သျှမ်းသက္ကရာဇ်မှာ) ၂၁၁၇ ခုနှစ်သို့ တိုင်ခဲ့ပြီဖြစ်သည်။ ၎င်း ၂၁၁၇ ခုနှစ်သက္ကရာဇ်ကို သျှမ်းရိုးရာအခေါ်က လတ်(က်)နီ့ပီကာမောဝ့် (ပီပန်င်တိုင်း ခေါ် ယုံနှစ်) ဟုခေါ်လေသည်။
မှတ်ချက်။
သျှမ်းသက္ကရာဇ်ထက် ဗုဒ္ဓသက္ကရာဇ်က ၄၅၀ နှစ်ပိုကြီးပါသည်။
ခရစ်သက္ကရာဇ်ထက် သျှမ်းသက္ကရာဇ်က ၉၄ နှစ်ပိုကြီးပါသည်။
ကောဇာသက္ကရာဇ်ထက် သျှမ်းသက္ကရာဇ်က ၇၃၂ နှစ်ပိုကြီးသည်။
ဖှိန်(င်)ကော့်စိန်(င်) – Fing; Gaw, Zeing )
သျှမ်းနှစ်သစ်ကူးပွဲတော်အစီအစဥ်ကို ဖှိန်(င်)ကော့်စိန်(င်) – Fing; Gaw, Zeing ) ဟုခေါ်သည်။ ဖှိန်(င်)ကော့်စိန်(င်) – Fing; Gaw, Zeing ကို ၄ ပိုင်းခွဲ၍ ကျင်းပပြုလုပ်ရာ အောက်ပါအတိုင်း ဖြစ်သည်။
၁)ပိုက်စိန်(င်) – By. Zeing
ရောက်ရှိလာမည့် နတ်တော်လဆန်း ၁ ရက် နှစ်သစ်ကူး အချိန်အခါသမယကို ပျော်ပွဲရွှင်ပွဲဖြင့် ကြိုဆိုခြင်းဖြစ်သည်။ ၎င်းအစီအစဥ်ကို နှစ်ဟောင်း၏ နောက်ဆုံးနေ့ဖြစ်သော တန်ဆောင်မုန်းလကွယ်နေ့တွင် ပြုလုပ်ကြသည်။
၂)ပိုင့်စိန်(င်) – Baai; Zeing
နှစ်သစ်တွင် ကန်တော့ဂါရဝါပြုလုပ်သည့် အစီအစဥ်ကို ဆိုလို၏။ နတ်တော်လဆန်း ၁ ရက်နေ့တွင် လူကြီးမိဘသက်ကြီးရွယ်အိုများကို ကန်တော့ကြပြီး ချိုသာ၍ မင်္ဂလာရှိသောစကားများဖြင့် တဦးနှင့်တဦးနှုတ်ဆက်ကြခြင်းဖြစ်သည်။
၃)ကင်(န်)စိန်(ငင်) – Gin Zeing
နှစ်သစ်အခါသမယ၌ သျှမ်းရိုးရာအစားအစာများဖြင့် လူကြီးမိဘနှင့် ၎င်းဆွေမျိုး မိတ်သဟာများကို ပင့်ဖိတ်၍ အလှူဒါနပြုခြင်း၊ ဧည့်ခံကျွေးမွေးပြုစုခြင်း အစီအစဥ်များကို ကင်(န်)စိန်(င်) ဟု ခေါ်သည်။
၄)လင်(န်)စိန်(င်) – Lein; Zeing
သျှမ်းရိုးရာယဥ်ကျေးမှုအဆိုအကများဖြင့် ပျော်ပွဲရွှင်ပွဲများကျင်းပ၍ နှစ်သစ်ကို ကြိုဆိုပြီး နှစ်ဟောင်းကို နောက်ဆုံး နှုတ်ဆက်ခြင်း အစီအစဥ်ကို လင်(န်)စိန်(ငင်) ဟု ခေါ်ဝေါ်ကြလေသည်။ ၎င်းနှစ်သစ်ကူးပွဲတော် အစီအစဥ် ၄ မျိုးကို ခြုံပြီး ဖှိန်(င်) ကော့်စိန်(င်) နှစ်သစ်ကူးပွဲ ဓလေ့ဟု ခေါ်လေသည်။
ပေးပို့သူ – စဝ်ပင်ခမ်း
Photos credit to Harn Laeng (Shan Singer).
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/