ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နှင့် နမ့်ဆန်မြို့နယ်တို့တွင် ယနေ့ အောက်တိုဘာလ(၂၁) ရက် နံနက်အစောပိုင်းက စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး(၈)လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရှိကာ နေအိမ်အချို့နှင့် ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း TNLA ထံမှသိရသည်။
ယနေ့ နံနက်(၁)နာရီဝန်းကျင်အချိန် နောင်ချိုမြို့ သပြေရပ်ကွက်တွင် လေကြောင်းမှတစ်ဆင့် ပေါင် (၃၀၀)ဗုံး (၂)လုံးနှင့် ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် လူနေအိမ်နှင့် ပါဟတ်ရပ်ကွက်ရှိ ဆိုင်ခန်းအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နမ်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာအား စစ်ကောင်စီတပ်က ယနေ့နံနက် (၈း၃၀)အချိန်တွင် ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်ည နှင့် အောက်တိုဘာလ(၁၉)ရက်ကလည်း နောင်ချိုမြို့အတွင်းသို့ စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲမှုကြောင့် ကလေး(၂)ဦးအပါအဝင် (၃)ဦးသေဆုံးကာ (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။