ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခုနှစ် အောက်တိုဘာလ နောက်ဆုံးအပတ်ကစပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဖော်ဆောင်ခဲ့သော (၁၀၂၇)စစ်ဆင်ရေးကြီးကြောင့် သျှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံး စစ်တလင်းမြေဖြစ်ခဲ့ရပြီဖြစ်သည်။ နေ့စဉ်ရက်ဆက် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသလို သျှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်တော်တော်များများက စစ်ကောင်စီတပ်စခန်းများစွာကိုလည်း မြောက်ပိုင်းမဟာမိတ်က သိမ်းပိုက်နိုင်ခဲ့သလို မြို့နယ်တော်တော်များများကိုလည်း သိမ်းပိုက်ရရှိထားသည်။
တခြားတစ်ဖက်တွင် သျှမ်းပြည်နယ်မြောက်ပိုင်းရှိ သျှမ်းမိဘပြည်သူများသည်လည်း တစ်ဖြည်းဖြည်း နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အိမ်ပြန်နိုင်ရန်ပင် ခက်ခဲလာသည့် အနေအထားသို့ ရောက်ရှိလာသည်။ စစ်ကောင်စီတပ်စခန်းများ မြို့သိမ်းတိုက်ပွဲနောက်ဆက်တွဲအဖြစ် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နိုင်ရန် အစီအစဉ်ချမှတ်ဆောင်ရွက်နေသည်။
တစ်ခြားတစ်ဖက်တွင်လည်း MNDAA အဖွဲ့က ၎င်းတို့သိမ်းပိုက်ရရှိထားသော မြို့နယ်များအတွင်း၌ တပ်သားသစ် စတင်စုဆောင်းနေပြီး လူမျိုးဘာသာမရွေး အသက်(၁၅)နှစ်မှ (၄၅)နှစ်အထိ ၎င်းတို့အဖွဲ့ထံ စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်စုဆောင်းမှုများလည်း ပြုလုပ်လာပါသည်။ ထိုအထဲတွင် သျှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်)မြို့နယ်အတွင်း မိသားစုတစ်စုတွင် သားသမီး(၄)ဦးရှိပါက (၂)ဦး စစ်မှုထမ်းဆောင်ရမည်ဖြစ်သလို သားသမီး(၂)ဦး ရှိပါက (၁)ဦး စစ်မှုမဖြစ်မနေ ထမ်းဆောင်ရမည်ဟု ပြောဆိုခဲ့သည်။ အကယ်၍ သားသမီးဖြစ်သူများက စစ်မှုထမ်းဆောင်ခြင်းမပြုပါက မိဘများအား ဖမ်းဆီးခေါ်ဆောင်မည်ဟု ပြောဆိုခဲ့သည်။ သျှမ်းရွာများအား ယခုလို အခြားလက်နက်ကိုင်အဖွဲ့များက ဝင်ရောက်ပြီး ပြည်သူလူထုကို ခြိမ်းခြောက်အကြပ်ကိုင်နေသော်လည်း သျှမ်းပြည်နယ်မြောက်ပိုင်းရှိ သျှမ်းအဖွဲ့များက ဝင်ရောက်တားဆီးခြင်း အကာအကွယ်ပေးခြင်း မရှိသေးပါ။
ဒါ့အပြင် သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို-ကျောက်မဲ-သီပေါမြို့နယ်အတွင်းရှိ သျှမ်းမိဘပြည်သူများကိုလည်း လက်နက်ကိုင်အဖွဲ့များက သျှမ်းလူထုအား အကာအကွယ်မပေးသည့်အပြင် တပ်သားသစ်အတင်းအဓမ္မဝင်ရောက်ကောက်နေသည်ဟုဆိုသည်။
“သျှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ နေ့စဉ်နေ့တိုင်း သျှမ်းတွေထွက်ပြေးနေရတယ်။ ဘယ်အဖွဲ့မှလည်း အကာအကွယ်မပေးသလို အခုဆိုရင် အဖွဲ့ပေါင်းစုံက စစ်သားစုဆောင်းနေတော့ ကြောက်လန့်နေရတယ်။ ညပိုင်းဆိုရင် ဘယ်အိမ်က ကလေးဝင်ခေါ်သွားခံရမလဲဆိုတဲ့ စိတ်နဲ့ နေနေရတယ်။ တိုက်ပွဲဖြစ်လို့ စစ်ဘေးရှောင်နေခဲ့ရတာကြာနေပြီ တချို့တွေကတော့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ပြန်သိမ်းချင်ပေမယ့် အိမ်ပြန်ရင်း စစ်သားစုဆောင်းတာခံရလိုက်ရတယ်။ အခုဆိုရင် နေ့တိုင်းတရုတ်နဲ့ထိုင်းကို ထွက်ပြေးနေတဲ့ သျှမ်းစစ်ဘေးရှောင်တွေ အများကြီးပဲ။ ဘယ်အဖွဲ့ကမှလည်း အကာအကွယ်မရှိသလို ဘာလုံခြုံမှုမှလည်း မရှိတော့ပါဘူး။” ဟု သီပေါမြို့နယ်ရှိ သျှမ်းတိုင်းရင်းသားတစ်ဦးဖြစ်သူက ပြောသည်။
သျှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲအတွင်း လက်နက်ကြီး လက်နက်ငယ်အပြင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူလူထု အိမ်အဆောက်အအုံများစွာလည်း ထိခိုက်ပျက်စီးခဲ့ရပြီဖြစ်သည်။ ယခုအချိန်အထိ မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် ကျောက်မဲမြို့၊ နမ္မတူမြို့နှင့် မူဆယ်မြို့အား သိမ်းပိုက်ရန် တာစူနေပြီဖြစ်ပြီး မိဘပြည်သူများ မည်မျှအထိ အသက်ဆုံးရှုံးရမည်ကိုခန့်မှန်းမသိရသေးသလို အဆောက်အအုံများလည်း များစွာထိခိုက်ပျက်စီးဦးမည်ဖြစ်သည်။
ဒါ့အပြင် အခုနောက်ပိုင်းတွင် TNLA အဖွဲ့ကလည်း ၎င်းတို့သိမ်းပိုက်ရရှိထားသော မြို့နယ်များရှိ သျှမ်းရွာဆိုင်းဘုတ်များကိုလည်း တအာင်းပလောင် စာများဖြင့် စတင်ပြောင်းလဲပြီး အစားထိုးလာပြီဖြစ်သည်။ ထို့ကြောင့် သျှမ်းပြည်နယ်မြောက်ပိုင်း၌ တစ်ဖြည်းဖြည်း သျှမ်းလူမျိုးများ လုံခြုံမှုမရှိတော့သည့်အပြင် လူမျိုးစုငယ်များက လူမျိုးကြီးဝါဒကျင့်သုံးလာမှုကြောင့် နေ့စဉ်နေ့တိုင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံကို ထွက်ပြေးခြင်းကသာ လွတ်လမ်းအဖြစ်ရွေးချယ်စရာဖြစ်နေကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။