ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ဒီရက်ပိုင်း လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာရော၊ ကျွန်တော့်ကိုရော လာလာမေးကြတယ်။ RCSS/SSA-S က ဘာလို့ စစ်ကောင်စီကို မတိုက်သေးတာလဲ။ ဘာလို့ သျှမ်းအချင်းချင်း ချနေကြတာလဲတဲ့။ တချို့ကျပြန်တော့လည်း RCSS ကို ခွထိုင်တာတို့၊ သာတဲ့ဘက်ဝင်ပေါင်းမှာတို့ စသဖြင့် စကားနာထိုးနေကြပြန်တယ်။
( ၁ )
တကယ်တော့ စစ်အုပ်စု အာဏာသိမ်းတဲ့အချိန်မှာ ပထမဆုံး ကန့်ကွက်ခဲ့တဲ့ EAO က RCSS/SSA-S ဖြစ်သလို ဖေဖော်ဝါရီလဆန်းတုန်းက မိုင်းပန်ဖက်မှာ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်။ စကစ နဲ့ တိုက်ပြီး နောက်ပိုင်းမှာ SSPP+TNLA ပူးပေါင်းတပ် က RCSS ကို ဝင်တိုက်ပြီး သုံ့ပန်း (၁၈)ယောက်ဖမ်းခဲ့ရာကနေစပြီး RCSS နဲ့ SSPP+TNLA တို့စစ်ရေးဟာ ပိုပိုတင်းမာလာခဲ့တယ်။ ဒါဟာ စကစ အာဏာသိမ်းပြီးနောက်ပိုင်း လူမျိုးစုတပ်အချင်းချင်းအကြား ပဋိပက္ခပိုမိုတင်းမာလာရခြင်းရဲ့ အရင်းခံတွေပါပဲ။
( ၂ )
RCSS ဟာ သျှမ်းမြောက်ကို ဘာကြောင့်ရောက်လာရသလဲဆိုတာလည်း သိဖို့လိုမယ်ထင်ပါတယ်။ အခု ရွှေဖီမြေတို့၊ မားနဂါးတို့လို ဝါဒဖြန့်မီဒီယာတွေ ဖြန့်နေကြသလိုမျိုး RCSS က သျှမ်းမြောက်ကို ကျူးကျော်ဝင်လာတယ်ဆိုတာ မမှန်ပါဘူး။
၁၉၉၆ ခုနှစ်မှာ ခွန်ဆာရဲ့ MTA ပြိုကွဲသွားပြီးတော့ စဝ်ယွက်ဆစ်က SURA ( ယခု RCSS/ SSA-S ) အဖြစ် ပြန်ခွဲထွက်ပြီး လွယ်တိုင်းလျန်းမှာ ဌာနချုပ်အခြေစိုက်ပါတယ်။ စဝ်ကမ်းယွတ်ကတော့ ၁၉၉၅ ကတည်းက SSNA အဖြစ်ခွဲထွက်ပြီး သီပေါမြို့မှာ ဌာနချုပ်စိုက်ကာ သျှမ်းမြောက်တခွင်မှာ စစ်ရေးလှုပ်ရှားလာခဲ့တယ်။
၂၀၀၅ ခုနှစ်မှာ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ SSNA ကို အတင်းအကျပ်လက်နက်ချခိုင်းတဲ့အခါ လက်နက်မချတဲ့ ဗိုလ်မှူးကြီးစိုင်းယီ ( ယခု RCSS ဒုဥက္ကဋ္ဌ – ၁ ဒုဗိုလ်ချုပ်ကြီး ) နဲ့ တပ်မဟာသုံးခု (တပ်မဟာ ၆/၉/၁၆) အင်အား ၅၀၀၀ကျော်လောက်က RCSS ဆီ သွားရောက်ပူးပေါင်းခဲ့တယ်။ ဒါကြောင့် အခုချိန် RCSS က သျှမ်းမြောက်ကို ရောက်လာတာဟာ တစ်ချိန်က SSNA ရဲ့ နယ်မြေတွေဆီ ပြန်လာခဲ့တာဖြစ်တယ်။ ဗိုလ်မှူးကြီး စိုင်းရီက ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာပြီး လက်ရှိ RCSS ရဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်လာတယ်။
( ၃ )
ဒါဆို SSPP က RCSS ကို ဘာလို့တိုက်သလဲ။ TNLA က ဘယ်လိုပါလာသလဲ မေးစရာရှိတယ်။
SSPP က သျှမ်းပြည်ကို ဗကပတွေဝင်ရောက်စဥ်တည်းက လက်နက်ခဲယမ်းတွေ တရုတ်ကနေ အထောက်အပံ့ရဖို့အတွက် ဗကပ နဲ့ မဟာမိတ်ဖြစ်ခဲ့ဖူးတယ်။ ၁၉၈၉ ခုနှစ်မှာ ဗကပကို UWSA ဝ ခေါင်းဆောင်တွေက အာဏာသိမ်းလိုက်တဲ့အခါမှာလည်း UWSA နဲ့ SSPP ခေါင်းဆောင်တွေဟာ ဒီနေ့အထိ အကျိုးစီးပွားဆိုင်ရာဆက်နွှယ်မှုတွေအရ မဟာမိတ်အဖြစ် ရပ်တည်နေတယ်။ UNFC မဟာမိတ်လည်းဖြစ်ကြတယ်။ ၁၉၉၀ မှာ UWSA အပစ်ရပ်စဲပြီး မကြာခင်မှာပဲ SSPP/SSA အဖွဲ့လည်း အပစ်ရပ်ခဲ့တယ်။
UWSA က ဗကပကနေခွဲထွက်ပြီးနောက်ပိုင်း ဗမာစစ်တပ်နဲ့ ငြိမ်းချမ်းရေးရယူပြီး စစ်တပ်ရဲ့ အကူအညီတွေနဲ့ ခွန်ဆာ MTA ကို ဘိန်းစစ်ပွဲဆင်နွှဲဖူးတယ်။ MTA ခွန်ဆာလက်နက်ချ ပြိုကွဲပြီးနောက်မှာ ခွဲထွက်လာတဲ့ RCSS/SSA-S နဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားပြီး ၂၀၀၅ခုနှစ်မှာ RCSS အခြေစိုက်ရာ လွယ်တိုင်းလျန်းဌာနချုပ်ကို ဗမာစစ်တပ်နဲ့ ပူးပေါင်းထိုးစစ်ဆင်ခဲ့တယ်။ ၂ဖက် အကျအဆုံး ထောင်ချီပြီး UWSA ဘက်ကလည်း အထိနာစွာ နဲ့ တပ်ပြန်ဆုတ်ခဲ့ရတယ်။
၂၀၂၀ ခုနှစ်တုန်းကလည်း RCSS စစ်ဒေသ(၁)ဖြစ်တဲ့ လွယ်ကော်ဝမ်းကို UWSA နဲ့ ဗမာစစ်တပ်တို့က ပူးပေါင်းပြီး ဝိုင်းခဲ့ဖူးတယ်။ ဗမာစစ်တပ်ဘက်က ဒရုန်းနဲ့ သတင်းထောက်လှမ်းတာကို RCSS ဘက်က ပစ်ခဲ့လို့ တိုက်ပွဲကြီးဖြစ်ပွားလုဆဲဆဲအထိ စစ်ရေးတင်းမာမှုတွေရှိခဲ့တယ်။ ( ၁နှစ်တောင်မပြည့်သေး )
ပြောရရင် RCSS နဲ့ UWSA ဟာ မဆလခေတ် ဗိုလ်မိုးဟိန်းရဲ့ SURA (နောင် MTA နဲ့ပူးပေါင်း) နဲ့ ဗကပ အကြား ရန်စတွေကို ဒီကနေ့ ၂၁ရာစုအထိ လက်ဆင့်ကမ်းသယ်ဆောင်လာသယောင် ရှိနေတယ်။ ( ဗိုလ်မိုးဟိန်းကတော့ ဗကပ ကို မလိုလားသူဖြစ်တယ်။ SSPP/SSA-N ဟာ ဗကပ နဲ့ ပူးပေါင်းခဲ့တဲ့နောက်မှာတော့ ဗိုလ်မိုးဟိန်းဟာ SSA ကနေခွဲထွက်ပြီး SURA အဖြစ် သျှမ်းပြည်တောင်ပိုင်းမှာတော်လှန်ရေးဆက်လုပ်ခဲ့တာဖြစ်တယ်။ )
UWSA ဟာ RCSS/SSA-S သျှမ်းမြောက်မှာ ပြန်လည်ဝင်ရောက်လာတာကိုမလိုလားလို့ မဟာမိတ်ဖြစ်တဲ့ SSPP/SSA-N ဟာလည်း သူ့မဟာမိတ်နဲ့ တစ်သဘောထားတည်းသာရှိတယ်။ TNLA ကတော့ SSPP/SSA-N နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဖြစ်တာကြောင့် ဒီတိုက်ပွဲမှာလည်း TNLA အဖွဲ့ပါ ပါလာခဲ့တာဖြစ်တယ်။
( ၄ )
UWSA က ဘာလို့ RCSS/SSA-S သျှမ်းမြောက်ထဲပြန်ဝင်လာတာကို မလိုလားရတာလဲ ?
လက်ရှိ သျှမ်းမြောက်ဒေသမှာ လှုပ်ရှားနေတဲ့ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေမှာ RCSS/SSA-S တစ်ဖွဲ့တည်းသာ သမိုင်းကြောင်းအရရော၊ မျက်မှောက်ခေတ်မှာပါ တရုတ်ကွန်မြူနစ်အစိုးရနဲ့ ရန်ငါစည်းပြတ်ပြီး diplomacy အရလည်း အဆက်အဆံမရှိဘူး။
ကျန်တဲ့ UWSA ၊ NDAA (မိုင်းလားအဖွဲ့) အပါအဝင် မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ နဲ့ SSPP/SSA-N တို့ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ လွှမ်းမိုးမှုကို အနည်းနဲ့အများ ခံနေကြရတာဖြစ်တယ်။
အထူးသဖြင့် UWSA ဟာ တရုတ်ကွန်မြူနစ်အစိုးရဆီက လက်နက်ထောက်ပံ့မှုတွေ အများဆုံးရပြီး SSPP/SSA-N ဟာလည်း UWSA ရဲ့အထောက်အပံ့တွေ ရနေတာ၊ တစ်နည်း တရုတ်ဆီက အကူအညီတွေသွယ်ဝိုက်ပြီး ရယူ ရပ်တည်နေတာဖြစ်တယ်။ ( ယခုမှမဟုတ်၊ ဗကပ လက်ထက်တည်းက )
နောက်ပြီး တရုတ်ကွန်မြူနစ်ပါတီက ကျောက်ဖြူရေနံပိုက်လိုင်းစီမံကိန်း၊ အာရှပိုးလမ်းမ စီမံကိန်းအပြင် အခြားသော စီမံကိန်းများစွာအတွက် သျှမ်းမြောက်ဒေသဟာ မဟာဗျူဟာမြောက် အချက်အချာကျတဲ့ဒေသဖြစ်တယ်။ ဒါကြောင့် သူ့ရဲ့ စီမံကိန်းတွေအောင်မြင်ဖို့ အဲ့ဒေသရဲ့ De Facto Power ရယူထားသူတွေက သူနဲ့တည့်ဖို့ ( တစ်နည်း သူ့သြဇာခံဖို့ )လိုတယ်။
ဒါကြောင့် တရုတ်က သူ့ရဲ့ မဟာဗျူဟာအရ အချက်အခြာကျတဲ့ သျှမ်းမြောက်ဒေသမှာ သူထိန်းလို့မရမယ့် မြင်းဖြစ်တဲ့ RCSS/SSA-S ကို လုံးဝမနှစ်မြို့ပါဘူး။ တရုတ်က မနှစ်မြို့ရင် UWSA လည်း မကြိုက်ဘူး။ UWSA က မနှစ်မြို့ရင်လည်း SSPP/SSA-N ကလည်း ကြိုက်လို့မရပါဘူး။
ဒီတော့ လက်ရှိ EAOs အချင်းချင်း ချနေတဲ့ ဇာတ်လိုက်ကျော် လက်မဲကြီးကတော့ CCP တရုတ်ကွန်မြူနစ်ပါတီပါပဲ။
( ၅ )
TNLA + SSPP လော်ဘီတွေက RCSS/SSA-S ကို ဗမာစစ်တပ်အကူအညီနဲ့ သျှမ်းမြောက်ဝင်လာတာလို့စွပ်စွဲတာတွေရှိတယ်။
မနှစ်တုန်းက RCSS သျှမ်းမြောက်ထဲ ရောက်ရှိလာတာကို ဇော်မင်းထွန်းက RCSS ဟာ NCAစာချုပ်ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲခဲ့တယ်။ ဒီကိစ္စကြောင့် RCSS နဲ့ ဗမာစစ်တပ်ဟာ ရွေးကောက်ပွဲမတိုင်မီ ကျောက်မဲမြို့နယ်က ဒေသတချို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ကနေ ဒေသခံတချို့ကို အကြောင်းမဲ့ ပစ်သတ်လိုက်တာတွေရှိတယ်။ ဒါဟာ လပိုင်းပဲရှိတဲ့ဖြစ်ရပ်တွေပါ။
ဒါကို လော်ဘီတွေက NCA တက် လက်မှတ်ရေးထိုးထားတဲ့ ပုံတွေနဲ့ မဟုတ်မမှန် မုန်းတီးရေးဝါဒဖြန့်ချီတာတွေ၊ ၂ဖက်လော်ဘီတွေက တစ်ဖက်ကိုတစ်ဖက် စစ်ကောင်စီနဲ့ အတင်းပေးစားပြီး မသိနားမလည်တဲ့ Third person တွေကို မုန်းတီးရေးဖြန့်ချီနေတာတွေဟာ အခုအချိန်မှာ တော်သင့်ပါပြီ။
လူမျိုးစုတွေရဲ့ လက်နက်ကိုင်သမိုင်းမှာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ကျန်လူမျိုးစုတွေကို ပြန်တိုက်တာ ၂ဖွဲ့ပဲ ရှိခဲ့ဖူးတယ်။ ( ထုတ်မပြောချင်ပါ။ )
( ၆ )
အချုပ်အားဖြင့် ပြောရရင် သျှမ်းပြည်ရဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ အရမ်းကိုရှုပ်ထွေးလွန်းပါတယ်။ ဗကပ နဲ့ ကူမင်တန် တရုတ်ဖြူတွေဟာ သျှမ်းပြည်အတွင်း ဝင်ရောက်လာမှုနဲ့အတူ ဝနီ၊ ဝဖြူ ၊ ပအိုဝ်းနီ ၊ ပအိုဝ်းဖြူ ၊ SSPP ၊ SURA စသဖြင့် သျှမ်းပြည်အတွင်း လက်နက်ကိုင်တပ်တွေဟာလည်း အယူဝါဒပိုင်းဆိုင်ရာနဲ့ ကျောင်းတော်ကရန်စတွေကြောင့် အစိတ်စိတ်အမြွာမြွာကွဲခဲ့ရသလို ခင်ညွှန့်ရဲ့ သွေးခွဲရေးလုပ်ငန်းစဥ်တွေဟာလည်း အင်အားကြီးမားတဲ့ ဗကပ၊ MTA တို့လို လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပါ ပြိုကွဲစေတဲ့အထိ ထိရောက်မှု ရှိခဲ့ပါတယ်။
ကချင်ပြည်မှာ KIA ၊ ကရင်ပြည်မှာ KNU/KNLA ကော်သူးလေးတပ်မဟာ (၅) တို့ဟာ သူတို့ဆီမှာ တိုက်စရာဆိုလို့ အကြမ်းဖက် ဗမာစစ်တပ်ပဲရှိနေတာပါ။
သျှမ်းပြည်မှာတော့ RCSS/SSA-S အနေနဲ့ ဗမာအကြမ်းဖက်စစ်ကောင်စီအပြင် SSPP+TNLA နဲ့ UWSA ၃ ဖွဲ့စလုံးကို ဆိုင်နေရတဲ့အနေအထားရှိနေပါတယ်။ ဒါကြောင့် ဗျူဟာတစ်ချက်မှားတာနဲ့ သမိုင်းပါပြောင်းလဲသွားနိုင်တဲ့ အနေအထားမျိုးမှာရှိနေတာ သိထားဖို့လိုပါတယ်။
ဒီလောက်ဆိုရင် ဗိုလ်ချုပ်ကြီးယွက်ဆစ်ရဲ့ RCSS/SSA-S ဟာ စစ်ကောင်စီတပ်ကို ဘာလို့မတိုက်နိုင်ခဲ့သလဲဆိုတာ နားလည်ကြမယ်ထင်ပါတယ်။
( မှတ်ချက် ။ ။ EAOs တွေအားလုံးဟာ စစ်အုပ်စုကို တော်လှန်ခဲ့၊ တော်လှန်ကြဆဲ အဖွဲ့တွေဖြစ်တယ်ဆိုတာ အစွဲကင်းကင်းနဲ့ သတိချပ်စေချင်တယ်။)
Written by #蓝宗财
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/
ယမန်နှစ်က စာရေးသူတဦး ကနဦးရေးသားဖော်ပြခဲ့သည့် ဆောင်းပါးကို ပြန်လည်ကူးယူ တင်ပြသည်။