ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နှင့်နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိ

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နှင့်နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိ

Hsan Loi Editor
15/08/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကြောင့် ဒေသခံပြည်သူ (၁၃)ဦးထက်မနည်း သေဆုံးခဲ့ရပြီဖြစ်သည်။ သီပေါမြို့ရှိ စစ်ကောင်စီတပ်ရင်းများဖြစ်သော ခလရ(၂၃)၊ ခမရ-၅၀၃၊ ခမရ-၅၀၄ တို့အား TNLA နှင့် တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုပြန်လည်ပြုလုပ်နေခြင်းဖြစ်သည်။

ယနေ့ ဩဂုတ်လ (၁၄)ရက်နေ့တွင်လည်း စစ်ကောင်စီဘက်က ခလရ (၂၃)အနီး တိုက်လေယာဉ်ဖြင့် (၄)ကြိမ် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဒေသသတင်းအရင်းအမြစ်၏ ပြောပြမှုအရသိရသည်။

“သီပေါမြို့ထဲမှာတော့ TNLA တွေရောက်နေကြပြီ။ တိုက်ပွဲဖြစ်နေတာတော့ (၅)ရက်ဆက်တိုက်ရှိနေပြီဆိုတော့ မြို့ထဲမှာ လူတွေသိပ်မကျန်တော့ဘူး။ ထွက်မပြေးနိုင်ကြတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ထွက်မပြေးချင်တဲ့လူအချို့ပဲ ကိုယ့်အိမ်ထဲမှာကိုယ် ပုန်းနေကြတာပါ။ လျှပ်စစ်မီးကတော့ ပျက်နေတာ ၂ လကျော် ၃ လလောက်ရှိနေပါပြီ။ ဟိုဘက်ပစ် ဒီဘက်ပစ် အသံကတော့ နေ့တိုင်းကြားနေရတယ်။ လက်နက်ကြီးကျည်အိမ်ပေါ်လာမကျဖို့ပဲ ဆုတောင်းနေရတာပါ။ ဖုန်းလိုင်းကလည်း တခါတလေ MPT ရပြီး တချို့နေရာတော့ Atom ဖုန်းလိုင်းရတဲ့နေရာတွေရှိပါတယ်။ နေရာတိုင်းတော့မရဘူး လိုင်းတော့ သုံးလို့မရဘူး။”ဟု သီပေါမြို့တွင်း ပိတ်မိနေသေး ဒေသခံတစ်ဦးက ပြောပြသည်။

ဒါ့အပြင် ယနေ့ ဩဂုတ်လ (၁၄)ရက်နေ့အထိ နောင်ချိုမြို့နယ် တောင်းခမ်းရွာနှင့် နောင်လင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် TNLA + တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးကြောင်း သတင်းရရှိသည်။