ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ အခုတစ်ပတ်အတွင်း အပူတပြင်း စစ်မှုထမ်းရမည့် လူငယ်များအား စာရင်းဝင်ကောက်နေပြီဖြစ်ကြောင်း သိရသည်။
စစ်မှုထမ်းအတွက် အမျိုးသမီးများအား စာရင်းစတင်ပြုစုခြင်း မပြုသေးသော်လည်း အမျိုးသားများကတော့ အိမ်ထောင်စုစာရင်းအတိုင်း ကောက်ယူနေသည်။
“ လွန်ခဲ့တဲ့ ၃ ရက်လောက်ကစပြီး ကျောက်မဲမြို့ပေါ်ရပ်ကွက်အကုန်လုံးနီးပါးကို စစ်မှုထမ်းရမယ့် ဖောင်ဖြည့်ဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးကတဆင့် အစည်းအဝေးခေါ်ပြီး ဖြည့်ခိုင်းထားပါတယ်။ အသက်အရွယ်အပိုင်းအခြားဘယ်လိုသတ်မှတ်ပြီး ရွေးချယ်ထားတယ်ဆိုတာကို အသေးစိတ်ပြောပြထားတာမျိုးမရှိသေးပါဘူး။ အခုဖောင်ဖြည့်ထားရတဲ့ လူတွေလည်း ဘယ်တော့သွားရမယ် ဒါမှမဟုတ် မဲနိူက်ပြီးမှ စစ်သင်တန်းတက်ရမလားဆိုတာ ဘာမှမသိရသေးပါဘူး။ ဖောင်ဖြည့်ထားကြရတဲ့ လူငယ်တော်တော်များများကတော့ အသက်(၂၅-၃၀) ကြားတွေဖြစ်ကြတယ်။” ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောပြသည်။
မြို့ပေါ်ရပ်ကွက်များအပြင် ကျောက်မဲမြို့နယ်ရှိ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်ပေါကျေးရွာအုပ်စု၊ ပင်တိန်ကျေးရွာအုပ်စု၊ ပုံဝိုးကျေးရွာအုပ်စု၊ စခန်းသာကျေးရွာအုပ်စု၊ ကုန်းကော်ကျေးရွာအုပ်စု အပြင် ကျေးရွာတိုင်းထံ စစ်မှုထမ်းရမယ့် လူငယ်များစာရင်းကို ဝင်ရောက်ကောက်ခံနေပြီဟု သိရသည်။
“ နောင်ပိန်ဘက်မှာ အရင်က SSPP အဖွဲ့က လမ်းမပေါ်မှာအထိ ဂိတ်တွေချပြီး အခွန်ကောက်နေကြတာပေါ့။ ဒါပေမယ့် ပြီးခဲ့တဲ့ ၃-၄ ရက်လောက်ကပဲ စစ်ကောက်စီအဖွဲ့ တစ်ရာကျော်လောက်ရောက်လာကြပြီး နေရာပြန်ယူလာတယ်။ ပလောင်အဖွဲ့နဲ့ ရှမ်းအဖွဲ့တွေလည်း တောထဲကိုပြန်ဝင်သွားကြတယ်။ အခုစစ်ကောင်စီအဖွဲ့က ကျေးရွာအုပ်စုတိုင်း စစ်မှုထမ်းရမယ့် လူစာရင်းကိုစကောက်လာပြီ။ လူငယ်တွေကတော့ ကြောက်ပြီး ဘာလုပ်လိုဘာကိုင်ရမှန်းမသိတော့ဘူး။” နောင်ပိန်ဒေသခံတစ်ဦးကလည်း ပြောပြသည်။
ကျောက်မဲမြို့နယ်အပြင် သီပေါမြို့နယ်တွင်လည်း စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် အိမ်ထောင်စုဇယားအတိုင်း စာရင်းစတင်ကောက်ခံနေပြီဟု သိရသည်။