ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ နိုဝင်ဘာလ(၂၄)ရက်နေ့ နံနက်(၁)နာရီဝန်းကျင်ခန့်၌ သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအား စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စယ်လန့်ကျေးရွာရှိ မိဘပြည်သူနေအိမ်အသစ်တစ်လုံးအပါအဝင် ကားလေးစီး ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီ၏ လေယာဉ်ဗုံးထိမှန်သော အိမ်သည် ဦးစိုင်းဆမ်မုံ နေအိမ်ဖြစ်ပြီး နေအိမ်တစ်ခုလုံးအပြင် ခြံဝင်းအတွင်းရှိ တဲအိမ်နှင့် ကား(၄)စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် လူအထိအခိုက်တော့ မရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။
ယမန်နေ့က မူဆယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ TNLA တပ်သားများ မကြာခဏ ရွာထဲဝင်ရောက်လာမှုကြောင့် ယခုလို ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းဒေသခံမှ ထပ်မံပြောပြသည်။ ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် TNLA တပ်ဖွဲ့ဝင်များ ရွာအတွင်း ဝင်ရောက်နေထိုင်ခြင်းမပြုရန် ဒေသခံများ တောင်းဆိုခဲ့သော် လိုက်နာခြင်းမပြုသောကြောင့် စစ်ပွဲဒဏ်များကို ပြည်သူလူထုများက ခံနေရခြင်းဖြစ်ကြောင်း ထပ်လောင်းပြောဆိုသည်။
ဆက်စပ်သတင်းများအရ နမ့်ခမ်းမြို့နယ်အတွင်းရှိ ဆေးရုံနှင့်ဆေးဆိုင်များတွင်ရှိသော ဆေးဝါးများကိုလည်း TNLA တပ်သားများက လာရောက်ယူဆောင်သွားပြီဖြစ်ပြီး ဒေသခံပြည်သူလူထုများ နာမကျန်းဖြစ်ပြီး ဆေးဝါးလိုအပ်လာပါက ဆေးဝါးအခက်အခဲ ရှိလာနိုင်ကြောင်း နမ့်ခမ်းမြို့က အမည်မဖော်လိုသူ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။