ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၌ ပြောင်းဖူးမျိုးစေ့အတုစိုက်ပျိုးမိပြီး အရှုံးပေါ်

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၌ ပြောင်းဖူးမျိုးစေ့အတုစိုက်ပျိုးမိပြီး အရှုံးပေါ်

Hsan Loi Editor
07/09/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအုပ်စု၌ စိုက်ပျိုးတောင်သူတစ်ဦးမှ ပြောင်းမျိုးစေ့အတု စိုက်ပျိုးမိသည့်အတွက် အစေ့အဆံမအောင်သော ပြောင်းဖူးများသာ ထွက်ပေါ်လာပြီး စိုက်ပျိုးတောင်သူကို အရှုံးပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ပင်တိန်ကျေးရွာက တောင်သူတစ်ဦး၏ စိုက်ခင်းတစ်ခုတွင် ၆၂၅ ပြောင်းဖူးမျိုးစေ့အား (၄) ထုပ်ခန့်စိုက်ပျိုးခဲ့ပြီး ပြောင်းဖူးများဖူးလာသည့်အချိန် ခူးကြည့်ရာမှ အစေ့အဆံမပြည့်သည့်အပြင် တစ်ချို့ပြောင်းဖူးများသည် အစေ့ပင်ပါမလာသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

“သူစိုက်တာကတော့ ၆၂၅ ပြောင်းဖူးမျိုးစေ့ပေါ့နော်။ အရင်နှစ်တုန်းကလည်း ၆၂၅ မျိုးစေ့က အထွက်တိုးနှုန်းအရမ်းကောင်းတော့ ဒီနှစ်မှာ တောင်သူတိုင်းက အဲ့ဒီမျိုးစေ့ကို စိုက်ပျိုးကြတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ အတုတွေပါ ထွက်ရှိလာပုံရတယ်။ တချို့တွေက ပြောင်းဖူးအစေ့အဆံ အပြည့်ပါပေမယ့် တချို့တောင်သူတွေဆိုရင် အစေ့အဆံတောင်မပါဘူး။ တောင်သူအချို့ပြောသံကြားရတာတော့ ပြောင်းမျိုးစေ့အစစ်ထုပ်ဆိုရင် အရောင်ပိုရင့်ပြီးတော့ အတုဆိုရင် အရောင်နည်းနည်းပိုနုတယ်လို့ပြောတယ်။” ဟု စိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။

 

ပြောင်းဖူးမျိုးစေ့အတု စိုက်ပျိုးမိသော စိုက်ပျိုးတောင်သူတစ်ဦးက ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် “ဒီနှစ်တော့ ဖဲမရိုက်လည်းအရှုံးပေါ်ပြီ။ (၆၂၅) မျိုးစေ့ကို စိုက်ပျိုးကြတဲ့ တခြားတောင်သူတွေရော ကျနော်လို ဖြစ်ကြရဲ့လားဗျ။ အပင်လည်းလှ အဖူးလည်းကြီးပေမယ့် အထဲမှာ အဆံပါမလာဘူး။ (၄) (အိတ်) ထုပ်စိုက်တာ အကုန်လုံးက ဒီလိုတွေဖြစ်ကုန်တယ်။ အတုမိတာလားမသိဘူးဗျာ။ အဲ့ဒါကြောင့် တခြားသူတွေကို ချပြရတာဖြစ်ပါတယ်။ ပြန်စိုက်ဖို့ကလည်း အချိန်မမီနိုင်တော့ဘူး။ နောက်တစ်နှစ်ထပ်စောင့်ဖို့ပဲရှိတော့တယ်။ ၆၂၅ မျိုးစေ့ဆိုရင်တော့ သူ့အထုပ်တောင် ကိုင်မကြည့်ချင်တော့ဘူး။ စိတ်ပျက်တယ်။” ဟူ၍ တင်ထားပါသည်။