ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် နိုင်ငံကူးလက်မှတ်ပြုလုပ်မည်ဆိုပါက ငွေကျပ်(၂)သိန်းမှ သိန်း(၂၀)အထိ တောင်းခံမှုများရှိနေ

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် နိုင်ငံကူးလက်မှတ်ပြုလုပ်မည်ဆိုပါက ငွေကျပ်(၂)သိန်းမှ သိန်း(၂၀)အထိ တောင်းခံမှုများရှိနေ

Hsan Loi Editor
07/06/2024
Share:

 

နိုင်ငံကူးလက်မှတ် ရရှိရေးအတွက် နေ့စဉ် ရာချီသော လူအုပ်ကြီးသည် တောင်ကြီးမြို့၊ သစ်တောရပ်ကွက် နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးသောရုံးရှေ့တွင် နေ့စဥ် နံနက် ၇ နာရီဝန်းကျင်ခန့်ကစပြီး လာရောက် တန်းစီနေကြပါသည်။

နိုင်ငံကူးလက်မှတ် ပြုလုပ်မည်ဆိုပါက တရားဝင်ထုတ်ပြန်ထားသော ကုန်ကျစရိတ် အနည်းငယ်သာရှိသော်လည်း တောင်ကြီးမြို့တွင် ရှိသော နိုင်ငံကူးလက်မှတ်ရုံးတွင် ငွေအဆမတန်တောင်းခံမှုများ ရှိနေပြီး နိုင်ငံကူးလက်မှတ် လိုချင်သူများအတွက် အခက်အခဲတစ်ခုလို ဖြစ်နေပါသည်။ နိုင်ငံကူးလက်မှတ် ရရှိရန် တောင်ကြီးမြို့တွင် ငွေကျပ် ၂ သိန်းမှ သိန်း ၂၀ အထိတောင်းခံနေကြောင်း နိုင်ငံကူးလက်မှတ် လျှောက်ထားသူများထံမှ သိရသည်။

နိုင်ငံကူးလက်မှတ်လျှောက်ရန် အွန်လိုင်း ဘိုကင် အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ ၃၅၀၀၀ ကျပ်သာ သတ်မှတ်ထားပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားသူများဟာ သတ်မှတ်တန်ဖိုးထက် ပိုမိုပေးဆောင်နေရခြင်းဖြစ်သည်။ တောင်ကြီးမြို့တွင် မှတ်ပုံတင်နှင့် အိမ်ထောင်စုကို အကြောင်းပြပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားသူများကို ငွေကျပ် ၂၀ သိန်းထိ ရုံးအတွင်းတာဝန်ရှိသူများက တောင်းခံနေကြောင်း နိုင်ငံကူးလက်မှတ်လျှောက်ထားသူများထံမှ သိရသည်။ ငွေပေးနိုင်ခဲ့ရင်တောင် နိုင်ငံကူးလက်မှတ် ရ၊ မရ မသေချာဘဲ လိမ်လည်လုပ်စားနေကြသူများလည်း ရှိကြောင်း သိရသည်။

နယ်ဝေးမှနေပြီး တောင်ကြီးမြို့ Passport လာရောက်လုပ်ကိုင်သူများအနေဖြင့် တိုကင်ရက်အတိုင်းလာပါက ငွေမပေးရင် တစ်ရက်အတွင်း မလုပ်ပေးတာကြောင့် အချိန်ကြန့်ကြာပြီး စားစရိတ်၊ နေစရိတ်၊ ခရီးစရိတ်တို့ကြောင့် မဖြစ်မနေပေးဆောင်ပြီး ပြုလုပ်နေရသည်ဟုလည်း ဆိုသည်။

တောင်ကြီးမြို့တွင် နိုင်ငံကူးလက်မှတ်လာရောက်လျှောက်ထားသူ ပအိုဝ်းလူမျိုးနှင့် ရှမ်းလူမျိုး အများဆုံးဖြစ်ပြီး အများစုမှာ ထိုင်းနိုင်ငံအပြင် ပြင်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ချင်သူများ ဖြစ်သည်။

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်တွင် နိုင်ငံကူးလက်မှတ်လာရောက် လျှောက်ထားသူ လူငယ်တစ်ဦးက “ တောင်ကြီးအိမ်ထောင်စုရှိထားတောင် ငွေအဆမတန်တောင်းတယ်။ အကြောင်း အမျိုးမျိုးပြပြီး ဒီမှာလုပ်လို့မရဘူး၊ ရန်ကုန်သွားလုပ်မှရမယ်၊ တာချီလိတ်သွားလုပ်မှရမယ်ဆိုပြီး တစ်ခြားနေရာ သွားလုပ်ခိုင်းတယ်။ ဒီမှာပဲလုပ်ရင်ဘယ်လောက်ပေးရမလဲမေးတော့ ရုံးတာဝန်ခံက တစ်ခါတည်း မပြောဘူး။ ပွဲစားတွေနဲ့ချိတ်ပြီး ညှိခိုင်းတော့ ရုံးတာဝန်ခံက ၂၀ သိန်း ထိတောင်းတယ်။ ဒါတောင်ပွဲစားဖိုးမပါသေးဘူး။ မသိနားမလည်တဲ့ သူတွေဆို ပိုပြီးရိုက်စားချင်နေကြတာ ” လို့ ပြောသည်။

တောင်ကြီးမြို့ နိုင်ငံကူးလက်မှတ် လာရောက်လုပ်ကိုင်သူတစ်ဦးက “ သူတို့ဝန်ထမ်းတွေက ရွှေတွဲလွဲ၊ ငွေတွဲလွဲနဲ့ ဆိုင်ကယ်ဆိုလည်း ထိုင်းဘီးတွေကြီး၊ ကားလည်း အကောင်းကြီးနဲ့ ဘယ်လောက်တောင်စားထားလဲမသိဘူး” လို့ ထပ်မံပြောပြသည်။

တောင်ကြီးမြို့တွင် ရှိသော နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး၌ရှိသည့် တာဝန်ရှိသူများသည် အသစ်ပြောင်းလာတာ လပိုင်းသာ ရှိသေးကြောင်း သူက ဆက်ပြောသည်။ တောင်ကြီး Passport ရုံးအတွင်း အသစ်ပြောင်းလာတဲ့ တာဝန်ရှိသူများဟာ အစိုးရဝန်ထမ်းနှင့် ငွေကြေးချမ်းသာသူများကို အခက်အခဲမရှိ လျှင်မြန်စွာ လုပ်ပေးကြောင်း သိရသည်။

ယခင် NLD အစိုးရလက်ထက်တွင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေဟာ QR code မလိုအပ်ပဲ လျှောက်ထားနိုင်သည်။ ယခု အာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများသည် စမတ်ကဒ်၊ QR ကုဒ်ပါမှသာ ထားလျှောက်ထားနိုင်ကြောင်း သိရသည်။ နိုင်ငံကူးလက်မှတ် လုပ်ပေးသော အချို့ပွဲစားများကလည်း ငွေကြေးတက်နိုင်သော လူတွေကို စမတ်ကဒ်မပါရင်တောင် လုပ်ပေးနေသည်ဟု ဆိုသည်။

ငွေကြေး မတက်နိုင်သူတွေအနေနဲ့ စမတ်ကဒ်လုပ်ရန် အတွက် တောင်ကြီး စုပေါင်းရုံးတွင် ငွေ ၅ သောင်းထိပေးရကြောင်း စုံစမ်းသိရှိရသည်။