ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း ပင်လုံ၊ လဲချား၊ မိုင်းနောင်မြို့နယ်အတွင်းရှိ SSPP ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ တပ်ပြန်ဆုတ်ရန် စစ်ကောင်စီဘက်က ယခင်ရက်သတ္တပတ်အတွင်း ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဇွန်လ (၁၅)ရက်နေ့က လဲချား မြို့နယ်အတွင်းရှိ SSPP အဖွဲ့များ ၎င်းတို့စခန်းချထားသော နေရာများမှ ပြန်လည်ထွက်ခွာနေသည့် ရုပ်သံဖိုင်ထွက်ပေါ်လာခဲ့သည်။ သို့သော် ည(၆း၃၀) ဝန်းကျန်ခန့်တွင် ဆုတ်ခွာသွားသော တပ်သားများ ၎င်းတို့အခြေချရာနေရာသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး အမှန်တကယ်ဆုတ်ခွာခြင်းမဟုတ်ဘဲ။ ၎င်းတို့ထွက်ခွာချိန်တွင် ဒေသခံပြည်သူများအား ဓာတ်ပုံများ၊ ဗီဒီယို ရိုက်ကူးထားစေခဲ့သည်ဟု ဒေသခံများက ပြောပြသည်။
“သူတို့ရဲ့ အယောင်ပြတဲ့လှည့်ကွက်တစ်ခုလို့ပဲမြင်တယ်။ ညနေမိုးချုပ်ခါနီးကျတော့ ရွာထဲကို ပြန်ဝင်လာကြတယ်။ သိရသလောက်တော့ လဲချားမြို့နယ် အရှေ့ဘက်ခြမ်းရှိ သူတို့တပ်တွေအကုန်လုံး မွန်းလွဲ (၃) နာရီလောက်မှ အိတ်တွေပြင်ပြီး လမ်းလျောက်ထွက်သွားကြတာပေါ့။ SSPP အဖွဲ့တွေပါပဲ တချို့တပ်သားတွေက ဝ စစ်သားတွေပေါ့ ဒါပေမယ့် SSPP ဝတ်စုံတွေပဲ ဝတ်ထားကြတာပါ။ သူတို့ထွက်သွားတဲ့အချိန်မှာ ရွာသားတွေကို ပုံတွေရိုက်ခိုင်းကြတယ်။ ပြန်ပြီဆိုပြီးတော့လည်းပြောကြတာပေါ့လေ။ (၃)နာရီလောက်ကြာတော့ ညနေ(၆)နာရီခန့်လောက်ပေါ့ ရွာထဲကို ကားတွေစီးပြီး ပြန်ဝင်လာကြတယ်။” လဲချားဒေသခံ အမည်မဖော်လိုသူတစ်ဦးက ပြောပြသည်။
တဖက်တွင်လည်း SSPP info မှ ဖော်ပြချက်အရ “ဒီတောင်ပိုင်းကို ရောက်နေခြင်းက စစ်ကောင်စီအနေနဲ့လည်း သူတို့စစ်တိုင်းဌာနချုပ်ရဲ့ လုံခြုံရေးကို စိုးရိမ်နေရတာကတစ်ကြောင်း ဒါ့ကြောင့် ကျွန်တော်တို့ကို ဆုတ်ခိုင်းခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့လည်း ဘယ်လိုနည်းနဲ့မှ ပြန်ဆုတ်ပေးလို့ရမှာမဟုတ်တဲ့အတွက် တကယ်လို့ သူတို့ဘက်က စစ်ရေးဆင်လာမယ်ဆိုရင်လည်း ပြန်လည်တုံ့ပြန်သွားဖို့ရှိပါတယ်။” ဟု SSPP ဘက်မှ စစ်မြေပြင်ရောက် အရာရှိတစ်ဦးက ပြောပြထားကြောင်း ဖော်ပြထားသည်။
လက်ရှိအနေအထားအရ လဲချား၊ ပင်လုံ၊ မိုင်းနောင်ဘက်တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တို့အကြား စစ်ပွဲဖြစ်နိုင်သည့် အနေအထားမျိုးတော့ မမြင်ရသေးကြောင်း သတင်းရရှိသည်။