ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယမန်နေ့ (၂၁.၂.၂၀၂၄) ရက်နေ့ က စတင်ပြီး သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်-လွိုင်လင်ကားလမ်းမကြီးအနီး စစ်ကောင်စီ+PNA ပူးပေါင်းအဖွဲ့နှင့် PNLA + PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ဟိုပုံး-မိုင်းပွန်-လွိုင်လင်လမ်းမကြီးအား ယမန်နေ့ကစတင်ပြီး စစ်ကောင်စီက ပိတ်ထားပြီး ခရီးသွားများစွာ လမ်းတွင်ပိတ်မိလျက်ရှိသည်။
ယနေ့ (၂၂.၂.၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင်လည်း မိုင်းပွန်တံတားအနီး တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်တပ်များ အပြန်အလှန်ပစ်ခတ်သံများအား မိုင်းပွန်မြို့အတွင်းထိ ကြားနေရသည်ဟု ဒေသခံများက ဆိုသည်။
“ တိုက်ပွဲက ဖေဖော်ဝါရီလ(၂၀) ရက်နေ့က စတယ်လို့ပြောလို့ရတယ်။ အဲ့နေ့က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသဘက်မှာ စစ်ကောင်စီ+PNA နဲ့ PNLA+PDF တို့ တိုက်ပွဲဖြစ်တယ်။ မနေ့ကတော့ မိုင်းပွန်တံတား အနီးအထိ ပစ်ခတ်သံတွေကြားရတယ်။ ထမ်စမ်းဂူအနီးအထိ စစ်ကောင်စီတပ်နဲ့PNA အဖွဲ့တွေ အများအပြားရောက်လာပြီးတော့ လမ်းတွေလည်းပိတ်ထားလိုက်တယ်။ ကားတော်တော်များများ လမ်းမှာပိတ်မိပြီး အခုထိမထွက်နိုင်သေးဘူး။” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောပြသည်။
ယနေ့နံနက်ပိုင်းတွင် လွိုင်လင်မြို့နယ် နားယမ်ကျေးရွာအုပ်စု နမ့်ဘောင်ခမ်းကျေးရွာအတွင်း စစ်ကောင်စီ ရမ်းသမ်းပစ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်သုံးလုံးထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသသတင်းများ၏ ဖော်ပြချက်အရ သိရသည်။
ဒါ့အပြင် ယနေ့ နံနက်ပိုင်းတွင် ထမ်စမ်းဂူအနီး စောင့်နေသော စစ်ကောင်စီတပ်သားများသည် ခရီးသွားအိမ်စီးကားတစ်စီးအား ရပ်မပေးသောကြောင့်ဟုဆိုကာ ပစ်ခတ်ခဲ့သေးသည်။ စစ်ကောင်စီပစ်ခတ်ခံရသော အိမ်စီးကားပေါ်တွင် အရပ်သား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယခုသတင်းဖော်ပြချိန်အထိ သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့အဝင် တံတားအနီး လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေလျက်ရှိကြောင်း သတင်းရရှိသည်။