ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သောကများဖြင့် အိပ်စက်နေသည့်အချိန်များတွင် စစ်ဝတ်စုံများဖြင့်သေနတ်ကိုင်ဆောင်ပြီး မိမိနေအိမ်ပေါ်တက်လာမည့် စစ်သားစုဆောင်းခြင်းအိပ်မက်ဆိုးမက်နေရသော သျှမ်းပြည်နယ်မြောက်ပိုင်းက သျှမ်းမိဘပြည်သူများ၏ဒုက္ခ

သောကများဖြင့် အိပ်စက်နေသည့်အချိန်များတွင် စစ်ဝတ်စုံများဖြင့်သေနတ်ကိုင်ဆောင်ပြီး မိမိနေအိမ်ပေါ်တက်လာမည့် စစ်သားစုဆောင်းခြင်းအိပ်မက်ဆိုးမက်နေရသော သျှမ်းပြည်နယ်မြောက်ပိုင်းက သျှမ်းမိဘပြည်သူများ၏ဒုက္ခ

Hsan Loi Editor
09/01/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့ကစတင်ပြီး မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ဖြစ်သည့် MNDAA, TNLA, AA နှင့် ပူးပေါင်းတော်လှန်ရေးအဖွဲ့များ၏ စစ်ဆင်ရေး(၁၀၂၇)ကြောင့် သျှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုများ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

 

အဆိုပါ တိုက်ပွဲအတွင်း သျှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်တော်တော်များများအား မြောက်ပိုင်းမဟာမိတ်အဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး အင်တာနက်ကွန်ယက်ပေါ်တွင်လည်း ပြည်သူလူထုများ၏ အားပေးထောက်ခံမှုများစွာလည်း ရရှိခဲ့သည်ကို မြင်တွေ့ရသည်။

 

အာဏာရှင်ကို တော်လှန်နေသည့် တိုက်ပွဲ၌ စစ်ကောင်စီ၏ တပ်ဆုတ်သွားမှုများက တော်လှန်ရေးအင်အားစုများအတွက် တော်လှန်နေသည့်အဖွဲ့အစည်းအပြင် ကိုယ်စားပြုတော်လှန်နေသည့် လူမျိုးစုများအတွက် ဂုဏ်ယူစရာတစ်ခုအဖြစ်မြင်လာကြပြီဖြစ်သည်။

 

သို့သော် အခြားတစ်ဖက်တွင်လည်း သျှမ်းပြည်နယ်မြောက်ပိုင်းရှိ သျှမ်းလူမျိုးစုများအတွက် တော်လှန်ရေးကာလအတွင်း စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို အိုးအိမ်စည်းစိမ်များ၊ တောင်ယာစိုက်ခင်းများလည်း စစ်ပွဲကြောင့် များစွာထိခိုက်ပျက်စီးခဲ့ရသည်။ တော်လှန်ရေး ကာလအတွင်း မည်သည့်သျှမ်းလက်နက်ကိုင် အင်အားအဖွဲ့အစည်းမျှ ပါဝင်တိုက်ခိုက်ခြင်းမရှိသော်လည်း စစ်မီးဒဏ်များကို သျှမ်းမိဘပြည်သူများသည် သျှမ်းပြည်နယ်မြောက်ပိုင်းတွင် မှီတင်းနေထိုင်သော အခြားတိုင်းရင်းသားလူမျိုးစုများနည်းတူ ထပ်တူ ခံစားခဲ့ရသည်။

 

“ပြောင်းဖူးတွေ ချိုးလို့ရတော့မယ့်အချိန်မှာ တိုက်ပွဲတွေစဖြစ်တော့ အိုးပစ်အိမ်ပစ်ပြီး ဘေးလွတ်ရာကို မိသားစုလိုက် လုံခြုံတဲ့နေရာတွေဆီကို ထွက်ပြေးတိမ်းရှောင်ကြရတယ်။ တိုက်ပွဲဖြစ်လို့ ရွာထဲက အိမ်အချို့ လက်နက်ကြီးကျည်ထိမှန်ပြီးတော့ ပျက်စီးဆုံးရှုံးတယ်။ ကျွဲ၊ နွား၊ ဝက်တွေလည်း သယ်သွားလို့မရတော့ ဒီတိုင်းထားပြီးထွက်ပြေးခဲ့ရတယ်။ နည်းနည်းတည်ငြိမ်လို့ အိမ်ပြန်ကြတော့ အိမ်တွေက ပျက်စီးနေတာတွေရော၊ ဖျက်ဆီးခံထားရတာတွေ စုံနေတာပဲ။ ဘယ်လိုဖြစ်ဖြစ် တိုက်ပွဲလည်း မပြီးသေးတော့ အိမ်ခဏပြန်လို့ရတုန်းလေး ပြောင်းတွေကို အမြန်ချိုးပြီး ရောင်းချမယ်လုပ်တဲ့အချိန်မှာ စစ်သားစုဆောင်းမှုတွေက ရွာထဲကို ပြန်ဝင်လာကြတယ်။ အစပိုင်းကတော့ ရိုးရိုးပဲတောင်းကြတာပေါ့နော်။ မိသားစုတစ်စုမှာ ယောကျာ်းလေးသား(၂)ယောက်မွေးထားရင် တစ်ယောက်ကတော့ မဖြစ်မနေစစ်သားလုပ်ရမယ်ဆိုပြီးတော့ပေါ့။ ဒါကသူတို့ရဲ့ပေါ်လစီဖြစ်တယ် ငြင်းဆန်လို့မရဘူး ငြင်းရင်တော့ သူတို့ကလာဖမ်းတယ်ပေါ့။ သူတို့အဲ့လိုကောက်ကြတော့ ဘယ်မိဘက ကိုယ့်သားသမီးတွေကို စစ်သားလုပ်စေချင်ကြမလဲ မပေးကြဘူး။

 

အဲ့လို မပေးရင် သူတို့က ညဘက်တွေမှာ ရွာထဲကို စစ်သားဝတ်စုံတွေ သေနတ်တွေနဲ့ ရောက်ချလာပြီး ရွာသားတွေရဲ့အိမ်ကို တံခါးလိုက်ခေါက်ပြီး ဖမ်းကြတယ်။ သား/သမီးတို့ထွက်ပြေးကြရင် နောက်မှာ ကျန်ရစ်နေတဲ့ သက်ကြီးရွာအိုတွေကို ဖမ်းခေါ်သွားကြတယ်။ သား/သမီးတစ်ယောက်ယောက်က အစားထိုးပြန်မသွားရင် ပြန်မလွတ်ပေးကြဘူး။”ဟု သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်က အမည်မဖော်လိုသူ သျှမ်းဒေသခံတစ်ဦးက ပြောပြသည်။

 

ယခုလို အဖြစ်အပျက်များသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်း သျှမ်းပြည်နယ်မြောက်ပိုင်းတွင် ပိုမိုဖြစ်ပေါ်ခဲ့ပြီး ဒေသခံပြည်သူများ ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံကို နေအိမ်စွန့်ခွာ ထွက်ခွာနေကြသည်။ ညဘက်လူအိပ်ချိန်ရောက်တိုင်း သျှမ်းရွာအတွင်း ဝင်ရောက်ပြီး တပ်သားသစ်စုဆောင်းခြင်း၊ သက်ကြီးရွယ်အိုများအား ဖမ်းဆီးခေါ်ဆောင်နေခြင်းသည် မိမိတို့အဖွဲ့အစည်း သွားချင်သည့် နိုင်ငံရေးလမ်းစဉ်နှင့်စစ်ရေးလမ်းစဉ် မဟုတ်သည်ကတော့ သေချာပါသည်။ ယခုလို လုပ်ရပ်မျိုးသည် စစ်ဘေးဒဏ်ကြောင့် အတိဒုက္ခဝေနေသည့် ပြည်သူများကို ကာကွယ်ရာမဟုတ်ဘဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ဘဝကို တွန်းပို့နေခြင်းသာ ဖြစ်သည်။

 

“ကျနော်က သား(၂)ယောက်မွေးထားတော့ လောလောဆယ် သား(၂)ယောက်စလုံး အိမ်မှာမနေရတော့ဘူး။ တစ်ယောက်က အသက်(၁၆)နှစ်ပဲရှိသေးတယ် ကျောင်းလည်းမပြီးသေးဘူး ကျောင်းထွက်ပြီး ထိုင်းနိုင်ငံ အလုပ်လုပ်ဖို့ပို့လိုက်ရပြီ။ သားငယ်ကိုလည်း ရွာမှာမထားတော့ဘဲ တခြားနေရာကို ပို့ထားရတယ်။ အခု ရွာထဲကို ကလေးတွေမရှိရင် မိဘတွေကိုပါ ဝင်ဖမ်းနေတော့ ကျနော်တို့လည်း အကုန်လုံးကိုထားပြီး ထွက်ပြေးရတာပေါ့။ ကိုယ်မွေးထားတဲ့ ကိုယ့်သွေးသားကို အဲ့လို အတင်းအဓမ္မခေါ်ဆောင်သွားတာ ဘယ်မိဘက မြင်ချင်မလဲ။ ကျနော်တို့ ဒီလို ထွက်ပြေးလာတော့ အိမ်မှာ ကျန်နေတဲ့ တောင်ယာစိုက်ခင်းတွေနဲ့ အိမ်ကို သူတို့က သိမ်းပစ်မယ်လို့ ပြောလာတယ်။” ဟု မန္တလေးမြို့ကို ထွက်ပြေးတိမ်းရှောင်သွားသော မိဘတစ်ဦးက ပြောပြသည်။

 

မြန်မာ့တပ်မတော်၏ ဗိုလ်ကျအနိုင်ကျင့်ခံရခြင်းကြောင့် မဟာဒေဝီစဝ်နန်းဟိန်းခမ်းက ၁၉၆၄ ခုနှစ်စတင်ဖွဲ့စည်းခဲ့သည့် သျှမ်းပြည်တပ်မတော်၏ ရည်ရွယ်ချက်သည် သျှမ်းပြည်ကိုကာကွယ်စောင့်ရှောက်ရန်နှင့် မြန်မာ့တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်ရန်ဖြစ်သည်။ အခုအခါ သျှမ်းအဖွဲ့အချင်းချင်း ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သျှမ်းလက်နက်ကိုင်အဖွဲ့အစည်းများအား ယုံကြည်မှုကျဆင်းလာသလို ၎င်းတို့အဖွဲ့ထံ စစ်မှုထမ်းရန်ပင် ကြောက်ရွံလာပြီး တိမ်းရှောင်ထွက်ပြေးသည်အထိ ဖြစ်ပေါ်လာသည်။ ယခုလို ပုံစံအတိုင်း ဆက်လက်ခရီးဆက်နေမည်ဆိုပါက သျှမ်းမိဘပြည်သူအတွက် အမှန်တကယ်အကွယ်ပေးသည့် ရပ်တည်ကာကွယ်ပေးလိုသည့် လမ်းကြောင်းမှန် ဟုတ်/မဟုတ်အား ဆက်စပ်တွေးခေါ်သုံးသပ်ရန် လိုအပ်ပြီဟု အကြံပြုလိုပါသည်။