ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သီပေါမြို့ဝင်ဆိုင်းဘုတ်ရှိ သျှမ်းစာလုံးနဲ့ အင်္ဂလိပ်စာလုံးဖယ်ရှားပြီး သျှမ်းပြည်နယ် မြေပုံတစ်ခုလုံးကိုပါ တအာင်း(ပလောင်)အလံ အရောင်ပြောင်းလဲ ဆေးချယ်ခြင်းအပေါ် သျှမ်းပြည်နယ်တွင်းရှိ တိုင်းရင်း သားများအားလုံးကို မထေမဲ့မြင်ပြုရာရောက်

သီပေါမြို့ဝင်ဆိုင်းဘုတ်ရှိ သျှမ်းစာလုံးနဲ့ အင်္ဂလိပ်စာလုံးဖယ်ရှားပြီး သျှမ်းပြည်နယ် မြေပုံတစ်ခုလုံးကိုပါ တအာင်း(ပလောင်)အလံ အရောင်ပြောင်းလဲ ဆေးချယ်ခြင်းအပေါ် သျှမ်းပြည်နယ်တွင်းရှိ တိုင်းရင်း သားများအားလုံးကို မထေမဲ့မြင်ပြုရာရောက်

Hsan Loi Editor
09/02/2025
Share:

 

TNLA ထိန်းချုပ်ထားတဲ့ သျှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ဝင်ဆိုင်းဘုတ်ရှိ သျှမ်းစာလုံးနဲ့ အင်္ဂလိပ်စာလုံးကို ဖယ်ရှားပြီး ယခင်မြို့ဝင်ဆိုင်းဘုတ်၏ ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ သျှမ်းပြည်နယ် မြေပုံတစ်ခုလုံးကိုပါ တအာင်း(ပလောင်)အလံအရောင်ဖြစ်တဲ့ အဖြူရောင်နဲ့ အစိမ်းရင့်ရောင်ဖြင့် အစားထိုးဆေးချယ်ထားခြင်းအပေါ် သျှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအားလုံးကို မထေမဲ့မြင် ပြုရာရောက်တယ်လို့ ဒေသခံများက ပြောဆိုပါတယ်။

 

ယမန်နေ့က မြို့ဝင်ဆိုင်းဘုတ်ရှိ သျှမ်းဘာသာဖြင့် ရေးထိုးထားတဲ့ “ဝဵင်းသီႇပေႃႉ” နဲ့ အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားတဲ့ “HSIPAW” စာလုံးများကို ဖယ်ရှာပြီး ဆိုင်းဘုတ်တစ်ခုလုံး တအာင်းအလံအရောင် ပြောင်းလဲဆေးခြယ်ထားတယ်လို့သိရပါတယ်။

 

“ မြို့ဝင်ဆိုင်းဘုတ် အရောင်ပြောင်းတာနဲ့ ပတ်သက်ပြီး ဒါကလူမျိုးရေးပဋိပက္ခဖန်တီးနေတာ၊ အခုမှ မဟုတ်ဘူး အရင်ကတည်းက ကျောက်မဲမြို့နယ်ထဲက တော့ဆန်ရွာဘက်မှာဆိုလည်း သျှမ်းရွာ ဆိုင်းဘုတ်တွေကို ပလောင်လိုပြောင်းပစ်လိုက်တယ်” လို့ သီပေါဒေသခံ တစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။

 

ဒါ့အပြင် TNLA ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း သျှမ်းရွာထဲရှိ ရွာသားများကို ပလောင်စာ မသင်မနေရတို့ ပလောင်စကားမတတ်ရင် ရွာထဲပေးမဝင်တာတို့ လုပ်ဆောင်ကြတာလို့ သူက ဆက်ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး TNLA ဘက်က ထုတ်ပြန်ပြောဆိုထားတာမရှိပါဘူး။

 

သီပေါမြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း ယမန်နှစ် အောက်တိုဘာလမှာ TNLA က တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေတာပဲဖြစ်ပါတယ်။

 

“စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နေတဲ့အချိန်မှာ ကိုယ်ကိုတိုင် အာဏာရှင်မဖြစ်ဖို့ လိုတယ်၊ မဟုတ်ရင် ပြည်သူက ကိုယ့်ကိုပြန်တော်လှန်မှာပဲ၊ မိမိတို့ တိုက်ခိုက်သိမ်းပိုက်လို့ရတဲ့ မြို့ရွာတွေကို အဲ့ဒီဒေသမှာရှိတဲ့ ရှိရင်းစွဲအမှတ်သင်္ကေတများ ဖယ်ရှားခြင်းဟာ ဒေသခံတိုင်းရင်းသားအပေါ် မလေးစားရာရောက်တယ်” လို့ နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

 

မြို့ဝင်ဆိုင်းဘုတ်မှ သျှမ်းပြည်နယ်မြေပုံကို တအာင်းအလံအရောင်ဖြင့် ပြောင်းလဲဆေးသုတ် ခြင်းသည် သျှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို ထိခိုက်စေနိုင်ပြီး တိုင်းရင်းသား အချင်းချင်းယုံကြည်မှုကို လျော့ကျစေနိုင်တယ်လို့ ၎င်းက သုံးသပ်သတိပေးထားပါတယ်။

 

Photo – credit original uploader