ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၌ စစ်ကောင်စီတပ်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး အပြန်အလှန်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ၂ ဖက်တပ်များမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်အချို့သည် သီပေါမြို့နယ် စံဖိတ်ရပ်ကွက်သစ်အတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတစ်ဦးအသက်ဆုံးရှုံးခဲ့ရပြီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဒေသခံများ၏ Tai TV online သတင်းဌာနအား ပြောပြချက်အရ ယနေ့ နံနက်ပိုင်း (၅) နာရီခန့်ကတည်းက စတင်ပြီး စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး တဖြည်းဖြည်းတိုက်ပွဲပြင်းထန်လာကာ စံဖိတ်ရပ်ကွက်သစ်အတွင်း လက်နက်ကြီးကျည် (၄) လုံးအထိကျရောက်ပေါက်ကွဲခဲ့သည်ဟုဆိုသည်။ ဒါ့အပြင် လက်နက်ကြီးကျည်တစ်လုံးသည် ပြည်သူလူထုနေအိမ်တည့်တည့်အပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ရှင်ဖြစ်သူ ဦးဉာဏ်ဌေး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
“အိမ်ရှင်ဖြစ်သူ ဦးဉာဏ်ဌေးကတော့ သူ့အိမ်တည့်တည့်အပေါ်ကို လက်နက်ကြီးထိပြီး ပေါက်ကွဲလို့ ပွဲချင်းပြီး သေဆုံးခဲ့ရတယ်။ ကျန်တဲ့ (၂) ယောက်လည်း ဒဏ်ရာပြင်းထန်လို့ လားရှိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်။ အခြား (၅) ယောက်ကတော့ ကျည်စနည်းနည်းပဲထိလို့ သီပေါဆေးရုံမှာ ပို့ဆောင်ကုသထားတယ်။ ဦးဉာဏ်ဌေးတို့အိမ်က ပရိဘောဂ လုပ်တဲ့အိမ်ပါ။” ဟု ဒေသခံပြည်သူများက ပြောပြထားသည်။
သီပေါမြို့နယ်က ဒေသခံမိဘပြည်သူများ၏ ပြောပြချက်အရ သီပေါမြို့အဝင်ဆိုင်းဘုတ်နားတွင်လည်း လက်နက်ကြီးကျည်တစ်လုံးကျရောက်ခဲ့ပြီး မပေါက်ကွဲသေးဘဲ မြေကြီးတွင် စိုက်ဝင်နေသည်ဟုဆိုသည်။ မနက်ပိုင်းတစ်ပိုင်းလုံး သီပေါမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မွန်းလွဲ (၁) နာရီခန့်ရောက်မှ တိုက်ပွဲသံပြန်လည်ငြိမ်သက်သွားခဲ့ကြောင်း သတင်းရရှိသည်။