ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သီပေါစော်ဘွားလေး စဝ်ကြာဆိုင်၏ မဟာဒေဝီဟောင်း သြစတြီးယားသူ စဝ်သုစန္ဒီ Inge Sargent အသက် (၉၁) နှစ်ဟာ ကနေ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်မှာ သူမနေထိုင်ရာ အမေရိကန်ပြည်ထောင်စုမှာ နတ်ရွာစံသွားပြီလို့ ကနဦးသိရပါတယ်။
1953 ခု၊ မတ်လ ၇ ရက်က ကော်လိုရာဒို၊ ဒင်ဗာမြို့၌ စဝ်ကြာဆိုင်နှင့် အင်ဂါတို့ သျှမ်းပြည်သို့ ပြန်မရောက်မီ ကနဦး လက်ထပ်လိုက်ကြသည်ဟု လေ့လာဖတ်ရူရပါသည်။
“အင်ဂါ ဒီလက်စွပ်နဲ့ မင်းကို လက်ထပ်ခွင့် တောင်းပါရစေ။” ခိုသွေးရောင် ပတ္တမြားနှင့် စိန်ခြယ်ထားသည့် လက်စွပ်ကိုကြည့်ပြီး အင်ဂါမှာ ခေတ္တခဏ အသက်ရူမှားသွားသည်။
စဝ်က စိတ်လှုပ်ရှားစွာပြောရင်း သူမ၏လက်ကလေးကို ဆုပ်ကိုင်ရန် ကြိုးစားသည်။ သူမ လက်ချောင်းကလေးများသည် ရုတ်တရက် ချွေးပြန်၍ အေးစက်သွားကြသည်။
“ဝတ်ကြည့်စမ်းပါဦး ၊ စမ်းကြည့်ပါ။ ပြီးရင် ကိုယ့်ကို အဖြေပေးနော်” သူက ဆက်တိုက်ပြောသည်။ “ဒီပတ္တမြားနဲ့ ကိုယ့်အချစ်ကို တင်စားထားတာပါ” သူမက လက်စွပ်ကလေးကို သူမ လက်ချောင်းကလေးတွင် ဖြည်းညင်းစွာဝတ်ဆင်ခြင်းဖြင့် သူ့အတွက် အဖြေကို ပေးလိုက်သည်။” …
စော်ဘွားလေးစဝ်ကြာဆိုင်သည် ၁၉၆၂ ခု စစ်တပ်အာဏာသိမ်းမှုမပြုမီ တရက်က အမျိုးသားညီလာခံအားတက်ရောက်ခဲ့ပြီး အာဏာသိမ်းမည့်နေ့တွင် တောင်ကြီးမြို့၌ အသည်းအသန်ဖျားနာလျက်ရှိသော အစ်မတစ်ယောက်အား သွားရောက်တွေ့ဆုံရန် လေယာဥ်ဖြင့် ထွက်ခွာခဲ့သည်။
ရန်ကုန်မြို့တွင် မည်သို့ဖြစ်နေသည်ကို မသိဘဲ အာဏာသိမ်းသည့်နံနက်က သီပေါသို့ပြန်ရန် လားရိူးသွားမည့်လေယာဥ်ကွင်းသို့ ဆင်းခဲ့သည်။ သို့သော် လေယာဥ်ကွင်းရှိရာ ဟဲဟိုးသို့အသွား တောင်ကြီးဂိတ်မှာပင် စစ်တပ်က လမ်းကိုပိတ်ပြီး စော်ဘွားလေး စဝ်ကြာဆိုင်အား ရပ်တန့်စစ်ဆေးသည်။ သူ့အား စစ်တပ်က ဖမ်းဆီးသွားသည်ကို နောက်ဆုံးတွေ့မြင်လိုက်ရသည်။
အင်ဂါသည် သီပေါ၌ တယောက်တည်း (သမီး ၂ ယောက်နှင့်) ကျန်ခဲ့ပြီး ရူပ်ထွေးလှသော မြန်မာပြည်နိုင်ငံရေး အခြေအနေများနှင့် ရင်ဆိုင်ရရှာသည်။ သူမက စဝ်ကြာဆိုင်၏ ကံကြမ္မာကို သိနိုင်ရန် အပြင်းအထန် ကြိုးစားခဲ့သည်။
ဗီယင်နာမြို့တော်ရှိ ထိုင်းသံရုံးတွင် အလုပ်ရရှိနိုင်ရန် ကြိုးစား၍ အမှုထမ်းနေရင်း ခင်ပွန်းဖြစ်သူ၏ သတင်းအစအနများကို ရရှိနိုင်ရန် အပြင်းအထန် ဆက်လက်ကြိုးစားခဲ့သည်။
ဗိုလ်စကြာက ပြောသည်မှာမူ စဝ်ကြာဆိုင်အား စစ်တပ်က ဖမ်းဆီးခဲ့ပြီး မကြာမီအတွင်းမှာပင် တောင်ကြီးမြို့၏ မြောက်ဘက်၌ရှိသော ဗထူးစစ်တပ်မြို့တွင် သတ်ပစ်လိုက်ကြသည်ဟူ၍ ဖြစ်သည်။
၁၉၆၆ ခုနှစ်တွင် အင်ဂါ၊ မာယာရီနှင့် ကိန္နရီတို့သည် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာခဲ့ကြပြီး သာမန်တိုင်းရင်းသားများအဖြစ် ခံယူ၍ နေထိုင်ခဲ့ကြသည်။ အင်ဂါကိုယ်တိုင် စီကာပတ်ကုံးရေးသားပြောပြသော သီပေါစော်ဘွား၏ ကံကြမ္မာအကြောင်းမှာ မှတ်တမ်းမှတ်ရာများဖြင့် ခိုင်ခံ့တိကျသော သမိုင်းဖြစ်ရပ်မှန်များပင် ဖြစ်ပေတော့သည်။
၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်အုပ်စု၏ ဖမ်းဆီးနှိပ်စက်မှုအတွင်း ပျောက်ကွယ်ခဲ့ရသည့် သျှမ်းပြည်နယ်၊ သီပေါစော်ဘွားလေး စဝ်ကြာဆိုင်ကို လူသိများကြပါသည်။ “My life as a Shan Princess Twilight Over Burma, Inge Sargent” “မူန်ရီဆိုင်း တိုင်းမြန်မာ” စာအုပ်မှာလည်း သူတို့ဘဝအကြောင်းကို အကျယ်တဝန့် လေ့လာဖတ်ရူနိုင်ကြသည်။
Photos: Hsipaw palace