ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လွိုင်လင်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲ ၊ မိုင်းပွန်-ဟိုပုံးလမ်း လက်ရှိပိတ်စို့ထား

လွိုင်လင်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲ ၊ မိုင်းပွန်-ဟိုပုံးလမ်း လက်ရှိပိတ်စို့ထား

Hsan Loi Editor
21/02/2024
Share:

 

ရှမ်းပြည်တောင်ပိုင်း ၊ လွိုင်လင်မြို့နယ်၊ နားယမ်းကျေးရွာအုပ်စု နမ်းဘော်ခမ်းကျေးရွာကို ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး၂လုံး ကြဲပြီးတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံရွာသူ/သား တွေဟာ နီးစပ်ရာ ဒေသနဲ့ တောတောင်ထဲကို ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းတွေအရသိရပါတယ်။

“ စစ်ကောင်စီတပ်က (၁၁) နာရီဝန်းကျင်လောက်မှာ လေယာဉ်နဲ့ နှစ်ကြိမ်လာကြဲသွားတယ်၊ ထိခိုက်ပျက်စီးမှု ဘယ်လောက်ရှိသွားလဲဆိုတာတော့ မသိရသေးဘူး။ နမ့်ဘော်ခမ်းရွာကို လက်နက်ကြီးနဲ့ လှမ်းထုတာ မနက် (၈) နာရီကနေ အခုထိပဲ၊ ရွာလူတွေက ရွာအနောက်ဘက်ခြမ်း (ပအိုဝ်းအခေါ်အဝေါ် – လုံဒါဘက် တောဘက်ကို ပွန်ချောင်းအနီးတကြောကို) အများစုရှောင်သွားကြတယ်၊ တချို့ကျတော့ မိုင်းပွန်ဘက်ကို ရှောင်ကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ကျေးရွာရဲ့ လူဦးရေ၏ ၃ ပုံ ၂ ပုံခန့်လောက်ဟာ တောထဲထွက်ပြေးတိမ်းရှောင်နေကြပြီး နယ်မြေအနေအထားအရ ဆက်သွယ်ရေ လမ်းကြောင်းနဲ့ အလှမ်းဝေးကာ ပိတ်မိနိုင်တဲ့ အနေအထားမှာရှိနေတယ်လို့ ဆိုပါတယ်။

“ ရွာအနောက်ဘက်ခြမ်း တောဘက်ကို ရှောင်တဲ့လူတွေက ပိတ်မိနေတယ် ထွက်လာလို့ မရနေဘူးဖြစ်နေတယ်။ အခုလက်ရှိ နမ့်စန်မြို့ဘက် တက်တဲ့ ကားလမ်းမကြီးနဲ့ မိုင်းပွန်တံတားလည်း ပိတ်ထားတယ်၊ မိုင်းပွန်လည်း အခြေအနေမကောင်းဘူး” လို့ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ခန့်ကတည်းကဘယ်အဖွဲ့နဲ့မှ မြေပြင်ထိတွေ့မှုမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်နေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ် ။

“ မိုင်းပွန် – ဟိုပုံးလမ်းကိုတော့ စစ်တပ်က ဒီနေ့ နေ့လည် ၁ နာရီလောက်ကတည်းက တွဲကားတစ်စီးနဲ့ ကန့်လန့် ဖြတ်ပိတ်ထားတာ အဝင်လဲမရ အထွက်လဲမရတော့ ကားတွေ ပိတ်မိနေတယ်” လို့ မိုင်းပွန် ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

မိုင်းပွန် – ဟိုပုံးလမ်းနဲ့မှာ ဒီကနေ့နေ့လည်ပိုင်းကပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်လမ်းပိတ်စို့ထားတာကြောင့် လက် ရှိချိန်ထိ ကုန်တင်ကားနဲ့ ခရီးသွား ကားတွေ အများအပြား ပိတ်မိနေတယ်လို့ သိရပါတယ်။