ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ကယားပြည်နယ် (ကရင်နီပြည်)တွင် ၁၁၁၁ စစ်ဆင်ရေးဆင်နွဲလျက်ရှိသည့် KNDF တပ်ဖွဲ့ဝင်များနှင့် စုပေါင်းအဖွဲ့များသည် စစ်ကောင်စီအဖွဲ့ဝင် (၁၁၀)ဦးကျော်အား သုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်း (၃၈)ဦး နှင့်အတူ လက်နက်ကြီး လက်နက်ငယ် (၁၂၈) လက် သိမ်းဆည်းရမိကြောင်း KNDF က ယနေ့တွင် ထုတ်ပြန်လာသည်။
ကရင်နီပြည်နယ်တွင် “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော KNDF စစ်ကြောင်းက တတိယနေ့ နှင့် စတုတ္ထနေ့ စစ်ဆင်ရေးတွင် လွိုင်ကော်တက္ကသိုလ်ထဲ တပ်စွဲထားသော တပ်မ(၆၆)လက်အောက်ခံ ခမရ ၄၂၅ နှင့် ခမရ ၆ တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။
နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ ၄၂၅ တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ ၆ ၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့ကြောင်း၊
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း တပ်စွဲကျန်ရှိနေသော ခမရ ၆ မှ တပ်ဖွဲ့ဝင်များ အား အပြီးသတ်ချေမှုန်းရန် စစ်ဆင်ရေးကို မနက်ပိုင်းမှစ၍ ညနေပိုင်းအထိ ဆောင်ရွက်ခဲ့ကြောင်း၊ ကျန်ရှိစစ်ကောင်စီ တပ်ဖွဲ့များကို လက်နက်ချအညံ့ခံရန် မိမိတို့ဘက်မှ အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး ဦးစီးသော စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရှိရသည်။
လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီသုံ့ပန်းများအား မိမိတို့ KNDF ၏ စစ်ဖက်ဆိုင်ရာအက်ဥပဒေ နှင့် သုံ့ပန်းဆိုင်ရာမူဝါဒများအတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများပါ အပြည့်အဝပေး၍ ထိန်းသိမ်း ထားရှိကြောင်း KNDF ကထုတ်ပြထားသည်။