ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးတစ်၀ိုက်တွင် စစ်ရေးလှုပ်ရှားနေသော MNDAA တပ်ဖွဲ့ဝင်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် တားမြစ်မိန့် (၁၈)ချက်ကို ဇူလိုင်လ(၁၀)ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး ၎င်းတားမြစ်မိန့်ကို MNDAA က လိုက်နာမှုမရှိပါက ပြည်သူများအနေဖြင့် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များကိုပါ တရားဝင် ကြေညာထားကြောင်းသိရသည်။
လားရှိုးမြို့အနီးတစ်၀ိုက်(သို့မဟုတ်) မြို့တွင်းသို့ ဝင်ရောက်လျက်ရှိသော MNDAA တပ်ဖွဲ့ဝင်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် တားမြစ်မိန့်များတွင်
၁- အနိုင်ကျင့်သတ်ဖြတ်ခြင်းမပြုရ။
၂-ပြည်သူလူထု၏ စည်းစိမ်ဥစ္စာထိပါးခြင်းမပြုရ။
၃-စစ်မြေပြင်အတွင်းရှိ ပြည်သူပိုင်ယာဉ်များကို သိမ်းဆည်းသုံးဆောင်ခြင်းမပြုရ။
၄-စစ်ဘေးရှောင်ဒုက္ခသည်များထံမှ ငွေသားကောက်ခံခြင်းမပြုရ။
၅-စစ်ရေးလိုအပ်ချက်မှလွဲ၍ ပြည်သူပိုင်နေအိမ်များအတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းမပြုရ။
၆-ခွင့်ပြုမိန့်မရှိဘဲ ကုမ္ပဏီအတွင်းသို့ ဝင်ရောက်ရှာဖွေခြင်းမပြုရ၊ သိမ်းဆည်းရပစ္စည်းများအားလုံးကို ပြည်သူပိုင် ပစ္စည်းအဖြစ် သက်ဆိုင်ရာသို့ အပ်နိုင်ရမည်။
၇-လမ်းကြောင်းပိတ်ပြီး တပ်သားစုဆောင်းခြင်း အထူးသဖြင့် ကလေးသူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းခြင်းမပြုရ။
၈-လူမျိုးဘာသာခွဲခြားခြင်းမပြုရ။
၉-အထက်ဖော်ပြပါ စည်မျဉ်းစည်းကမ်းများနှင့် တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက စစ်ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ကြေညာထားသည်။
ထို့ပြင် လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ဖော်ဆောင်ရန်နှင့်ဘေး ဒုက္ခကျရောက်နေသော ပြည်သူများကို လက်ကမ်းကူညီပေးရန် တိုက်တွန်းလိုက်ပြီး လိုက်နာရမည့် အချက်များအနေဖြင့်
၁- ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်းနှင့် ပြည်သူပိုင်အဆောက်အအုံများကို ကာကွယ်စောင့်ရှောက်ပေးရမည်။
၂-သမိုင်းဝင်အမွှေအနှစ်နှင့်စာရွက်စာတမ်းများကို ကောင်းမွန်စွာ ထိန်းသိမ်းပေးရမည်။
၃-စစ်ဘေးရှောင်ဒုက္ခသည်များ တိမ်းရှောင်ရန်အတွက် အန္တရာယ်ကင်းသောလမ်းကြောင်း ဖွင့်ပေးရန်နှင့် ကူညီပေးရမည်။
၄-ဒေသခံနယ်မြေအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီး လုံခြုံစိတ်ချရသော ဒုက္ခသည်စခန်းများ ဆောက်လုပ်ပေးရန်နှင့် စီမံခန့်ခွဲနေရာချထားပေးရမည်။
၅-စစ်သုံ့ပန်းများကို ကောင်းမွန်စွာ ဆက်ဆံရန်၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များကို အထူးစောင့်ရှောက်ပေးရမည်။
၆-ဒဏ်ရာရနေသော (သို့မဟုတ်) နာမကျန်းဖြစ်နေသော စစ်ပြေးဒုက္ခသည်များနှင့် စစ်သုံ့ပန်းများကို လူသားချင်းစာနာထောက်ထားပြီး ကောင်းမွန်စွာ ဆေးကုသမှုပေးရမည်။
၇-လက်ရှိဒေသခံရပ်ကွက်နှင့် သူကြီးများအားလုံးမှတစ်ဆင့် ပြည်သူအားလုံးထံသို့ လေကြောင်းတိုက်ခိုက်ခြင်းမှ ကြုံတွေ့နိုင်မည့်ဘေးအန္တရာယ်များကို တိမ်းရှောင်နိုင်ရန် အတွက် ပညာဗဟုသုတပေးခြင်းနှင့် ရပ်ကွက်လုံခြုံရေး၊ ပြည်သူပိုင် အိုးအိမ်စည်းစိမ်များ ကာကွယ်ပေးခြင်းများကို အကောင်အထည်ဖော်ပေးရမည်။
၈- လားရှိုးမြို့တွင်းရှိ လက်ရှိ ပြည်သူ့ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ဆရာဝန်များနှင့်သူနာပြုဝန်ထမ်းများအားလုံး မိမိတာဝန်ကို လက်ရှိရာထူးနှင့်လစာအတိုင်း ဆက်လက် ထမ်းဆောင်ထားနိုင်ပါသည်။
၉- MNDAA တပ်ဖွဲ့ဝင်များအားလုံး တားမြစ်မိန့်လိုက်နာမှု ရှိ၊ မရှိ ပြည်သူများက စောင့်ကြည့်ပေးပြီး အောက်ပါ ဖုန်းနံပါတ်များသို့ တိုင်ကြားနိုင်သည်။
တိုင်ကြားနိုင်သော ဖုန်းနံပါတ်များမှာ ၁- လီဦးစီးဌာနမှူး – ၀၉၆၇၈၂၄၃၆၂၆
၂- ရန်ဦးစီးဌာနမှူး – ၀၉၆၇၈၁၇၂၁၃၆
၃- ဟဲအရာရှိ – ၀၉၈၈၂၉၅၄၅၆၅ တို့ဖြစ်ကြောင်း သိရှိရသည်။