ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လစ်ဗျားအရှေ့ပိုင်းသို့ မုန်တိုင်းဝင် ဆည် ၂ ခုပေါက်ပြီးရေလွမ်း လူ ၅ ထောင်ကျော်သေဆုံး အများအပြားပျောက်ဆုံးနေဆဲ 

လစ်ဗျားအရှေ့ပိုင်းသို့ မုန်တိုင်းဝင် ဆည် ၂ ခုပေါက်ပြီးရေလွမ်း လူ ၅ ထောင်ကျော်သေဆုံး အများအပြားပျောက်ဆုံးနေဆဲ 

Hsan Loi Editor
14/09/2023
Share:

 

စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်မိုးမလင်းမီ လစ်ဗျားနိုင်ငံ အရှေ့ဖက်ကမ်းခြေမြို့ ဒါနာကမ်းခြေတလျှောက် မိုးများ ဒလဟောရွာသွန်းခဲ့ပြီး ဆည် ၂ ခု ကျိုးပေါက်သွားခဲ့သည်။

 

ဆူနာမီကဲ့သို့ ချက်ခြင်း ရေလွမ်းရိုက်ခတ်၍ ဒါနာကမ်းခြေတလျှောက်ရှိ ဒေသခံများနှင့် နေအိမ်များ ပင်လယ်ကမ်းခြေထိ မျောပါသွားခဲ့ကြရာ လူ ၅ ထောင်ကျော်သေဆုံးသွားခဲ့သည်။

 

ဒါနာကမ်းခြေမြို့ တမြို့တည်း၌ အနည်းဆုံး ၅၂၀၀ သေဆုံးသွားခဲ့ကြောင်း ၎င်းတို့ပြည်ထဲရေးဝန်ကြီးဌာနတခုက တာဝန်ရှိသူတဦးက အဆိုပါရက်၌ ပြောကြားခဲ့သည်။

 

ဆည်၂ ခုသည် ဆောက်လုပ်ထားသည်မှာကြာမြင့်ပြီဖြစ်ပြီး ထိန်းသိမ်းမှုအားနည်းချက်ကြောင့် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ပထမဆည် ကျိုးပေါက်သွားခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။

 

ယင်းနောက် ဒုတိယဆည် ထပ်မံ ကျိုးပေါက်၍ ဒါနာကမ်းခြေမြို့ရှိ ဒေသခံများနှင့် လူနေအိမ်များကို ပင်လယ်ကမ်းခြေဘက်သို့ ဆွဲချသွားခဲ့သလို ဖြစ်ခဲ့သည်။

 

၎င်းနှင့် ထိစပ်နေသော ရှဟတ်၊ အယ်ဗေဒ၊ မာဂျ် မြို့ခံ အနည်းဆုံး ၂ သောင်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရသည်။

 

ထောင်ချီပျောက်ဆုံးနေဆဲဖြစ်ပြီး သေဆုံးသူများ၏ ခန္ဓာများလည်း လမ်းများတလျှောက် ပျံ့ကျဲနေသည်ဟု သိရသည်။ ပြိုလဲနေသည့် အဆောက်အဦးများ၊ ရေနစ်နေသည့် မော်တော်ယာဉ်များ လမ်းများကို ပိတ်ဆို့သွားသည်ဟု ဆိုသည်။

 

ကယ်ဆယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက အနည်းဆုံး လူ ၁ သောင်းခန့် သေဆုံးသည်ဟု ပြောကြားထားသည်။

 

လစ်ဗျားနိုင်င်ငံသည် အာဖရိကမြောက်ပိုင်းရှိ သဘာဝ သယံဇာတ ပေါ်ကြွယ်ဝသော နိုင်ငံတခုဖြစ်သော်ငြားလည်း ၂၀၁၄ ခုနှစ်တည်းကစပြီး နိုင်ငံရေး စစ်ရေး ပဋိပက္ခအလွန်အကျွံကွဲပြားမှုမှ ထိန်းမနိုင်သိမ်းမရဘဲ အရှေ့နှင့်အနောက်ဟူ၍ အစိုးရ ၂ ရပ် စင်ပြိုင်ဖြစ်ပေါ်ခဲ့သည်မှာ ယနေ့ထိဖြစ်သည်။

 

ယင်းကြောင့် လစ်ဗျားပြည်သူလူထုကလည်း မတန်တဆ ပေးဆပ်နေကြရသည်။

 

၁၉၅၀-၁၉၆၀ ကာလတွင် လစ်ဗျားနိုင်ငံ ဒါနာကမ်းခြေမြို့သည် သဘာဝအလှအပ ရေပြာအိုင်၊ ရေတံခွန်များနှင့် သာယာလှပခဲ့ပြီး ပညာရေးနှင့် အနုပညာအတွက် မဏ္ဍိုင်ကြီးတခုဖြစ်ခဲ့ဖူးသည်။

 

၁၉၉၀ ခုနှစ်နှောင်းပိုင်း ဂါဒါဖီအာဏာရှင် အုပ်ချုပ်မှုနောက်ပိုင်း ဒါနာကမ်းခြေမြို့အတွက် အစွန်းရောက်သော နိုင်ငံရေးအခင်းအကျင်းကို ဖြစ်ပေါ်ခဲ့စေခဲ့သည်။

 

၂၀၁၁ ခုနှစ်တွင် ၈ လဝန်းကျင် လစ်ဗျားပြည်တွင်းစစ် ဖြစ်ခဲ့ဖူးသည်။

 

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်တွင် လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို အစ္စလမ်မစ်စစ်သွေးကြွ အန်ဆာ အာ သျှရရီယာအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ရာ အမေရိကန် သံမှူး ဂျေ ခရစ်တိုဖာ စတီဖင်နှင့် အမေရိကန်နိုင်ငံခြားရေးဌာန သတင်းအချက်အလက်ဆိုင်ရာ အရာရှိ ဆင် စမစ် သေဆုံးသွားခဲ့သည်။

 

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်တွင် စီအိုင်အေ အရာရှိ တိုင်ရွန်း အက်စ် ဝတ်နှင့် ဂလန်း ဒိုဟာတီတို့ ၂ ဦး မော်တာနှင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

 

အယ်ကိုင်းဒါးနှင့် မည်သည့်အကြမ်းဖက်အုပ်စုက တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အစိုးရက ချက်ခြင်း မ‌ဖော် ထုတ်နိုင်ခဲ့ပေ။ သို့သော် လစ်ဗျားအစိုးရက အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ရူံ့ချခဲ့သည်။

 

အီဂျစ်၊ အီတလီတို့က ကယ်ဆယ်ရေးလုပ်ငန်းများ ဝင်ရောက်ကူညီနေသော်လည်း မလုံလောက်သောကြောင့် အမေရိကန်အစိုးရက ဝင်ရောက်ကူညီရန် တိုက်တွန်းသူများလည်း ရှိသည်။ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ကမ္ဘော့ကုလသမဂ္ဂအဖွဲ့နှင့် လစ်ဗျား ကယ်ဆယ်ရေးအဖွဲ့အစည်းများကတဆင့် ဘဏ္ဍာငွေအထောက်အပံ့ဖြင့် ဝင်ရောက်ကူညီသွားမည်ဟု အင်္ဂါနေ့က ထုတ်ပြောခဲ့သည်။

 

ယင်းမတိုင်မီ ၁ ရက်ခန့်တွင် အာဖရိကမြောက်ပိုင်းရှိ မော်ရိုကိုနိုင်ငံတွင် ၆.၈ မက်တီကျု့ပြင်းအားရှိသည့် ငလျှင်လှုပ်ခတ်သွားပြီး လူပေါင်း ၂၉၀၀ ခန့်သေဆုံးသွားခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေရဆဲဖြစ်ကြောင်း သိရသည်။

 

Ref: NY Times, Photos: Libyan TV