ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်၊ လင်းခေးမြို့မှာ ပြည်သူ့လုံခြုံရေးစစ်သင်တန်း (၆)ပတ်ကြာ ဖွင့်လှစ်ပြီး လက်နက်ကြီး ပစ်ခတ်မှုတွေပါ ထည့်သွင်းသင်ကြားပို့ချပေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
လင်းခေးမြို့တွင် စစ်ကောင်စီ က ပြည်သူ့လုံခြုံ ရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်သင်တန်းပေးနေတာ ရက်သတ္တပတ် (၂)ပတ်ရှိနေပြီဖြစ်ကြောင်း သိရသည်။
” အခု စစ်ကောင်စီကပေးတဲ့ သင်တန်းကာလ က ရက်သတ္တပတ် ၆ ပတ် လောက်ကြာမယ်၊ သင်တန်းထဲမှာက လက်နက်ငယ်အပြင် လက်နက်ကြီးပစ်ခတ်တာတွေ တောတွင်းချီတက်တိုက်ခိုက်တာတွေကို သင်ကြား ပို့ချပေးနေတယ်” လို့ ဒေသခံတစ်ဦးက Hsan Loi Voice ကိုပြောသည်။
သင်တန်းသားများကို စစ်ကောင်စီတပ်၏ လက်အောက်ခံ ဝမ်ဟတ်တိုက်နယ် ဌာနေပြည်သူ့စစ်အဖွဲ့များထံမှ ခေါ်ယူတာဖြစ်ပြီး ဝမ်ဟတ်တိုက်နယ် အတွင်းရှိ ကျေးရွာတွေဆီက ပြည်သူ့စစ် တပ်ဖွဲ့ဝင် တစ်ရွာ ၅ ယောက် နှုန်းနဲ့ ခေါ်တာဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ပြည်သူ့လုံခြုံရေး စစ်သင်တန်းသို့ သင်တန်းသား (၅၀)ဦး တက်ရောက်သင်ကြားပြီး လင်းခေး ခလရ(၉၉) တပ်တွင်းမှာ သင်ကြားပို့ချပေးကြောင်း သိရသည်။
စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံးနေမှုကို ထိန်းချုပ်ရန်နှင့် ကျန်ဒေသများကို ကာကွယ်နိုင်ရန် ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့ကိုဖွဲ့စည်းပြီး အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းရှိ အမျိုးသားများကို စစ်သင်တန်းပေးကာ လက်ရှိဆင်နွှဲနေသည့် တိုက်ပွဲများနှင့် ကိုက်ညီသော လက်နက်၊ စစ်ပစ္စည်းများ တပ်ဆင်ပေးမည်ဟု ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။