ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လက်နက်ကိုင်အချင်းချင်းကြား ဆက်ဆံရေး ပိုမိုတင်းမာလာသည့် သျှမ်းပြည်နယ်မြောက်ပိုင်း 

လက်နက်ကိုင်အချင်းချင်းကြား ဆက်ဆံရေး ပိုမိုတင်းမာလာသည့် သျှမ်းပြည်နယ်မြောက်ပိုင်း 

Hsan Loi Editor
23/04/2024
Share:

 

Operation 1027 (စစ်ဆင်ရေး ၁၀၂၇) အတွင်း သျှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်များအား မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့်တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်မှုပုံစံနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ နယ်မြေအသီးသီး၌ ဖော်ဆောင်လျက်ရှိသည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် တိုင်းရင်းသားလူမျိုးတစ်မျိုးတည်းသာ မှီတင်းနေထိုင်ကြခြင်းမဟုတ်သောကြောင့် အုပ်ချုပ်မည့်အဖွဲ့အစည်းများအနေဖြင့် ဒေသတွင်းရှိ တိုင်းရင်းသားများလူမျိုးစုများအားလုံးအပေါ် သက်ရောက်သော အုပ်ချုပ်မှုပုံစံကို ဖော်ဆောင်နိုင်ရန် ခက်ခဲလာသည့် အနေအထားမျိုးကို တဖြည်းဖြည်း တွေ့မြင်လာရသည်။

 

စစ်ဆင်ရေး ၁၀၂၇ ကို မြောက်ပိုင်းမဟာမိတ်များဖြစ်သည့် TNLA, MNDAA, AA နှင့် တော်လှန်ရေးအင်အားစုများက ပူးပေါင်းဖော်ဆောင်ခြင်းဖြစ်ပြီး တရုတ်၏ ကြားဝင်ညှိနှိုင်းမှုကြောင့် တိုက်ပွဲများ ယာယီရပ်ထားသည့် အနေအထားမျိုးဖြစ်သည်။ တိုက်ပွဲများ ယာယီရပ်နားထားပြီးနောက် MNDAA အနေဖြင့် ၎င်းတို့ သိမ်းပိုက်ရရှိထားသော မြို့နယ်များအား အုပ်ချုပ်မှုယန္တရားလည်ပတ်ရန် ဖော်ဆောင်ချိန်၌ SSPP နှင့် ထိပ်တိုက်တွေ့ခဲ့သည့် အနေအထားလည်း ပေါ်ပေါက်ခဲ့သည်။

 

၂၀၂၄ ခုနှစ် မတ်လ (၂၆)ရက်နေ့တွင် သိန္နီမြို့နယ် စယ်အူကျေးရွာအုပ်စုအတွင်း MNDAA နှင့် SSPP တို့ အပြန်အလည်ပစ်ခတ်သည်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်မြေအုပ်ချုပ်မှု ပြဿနာများပေါ်ပေါက်လာသည်ကို တွေ့မြင်နိုင်သည်။ တိုက်ပွဲဖြစ်ပွားဖြစ်ပြီးနောက် ၂ ဖက်သော ထိပ်ပိုင်းခေါင်းဆောင်များက အပြန်အလှန်တွေ့ဆုံညှိနှိုင်းရေးကိုသာ ဦးစားပေးဆွေးနွေးမည်ဟု ထုတ်ပြန်ခဲ့ပြီး ယနေ့အထိ နယ်မြေအုပ်ချုပ်မှုကို မည်သို့ ကန့်သတ်ဆွေးနွေးခဲ့သည်ကို မသိရပါ။

 

မတ်လတွင်ပင် MNDAA နယ်မြေအတွင်း ယာဉ်မတော်တဆဖြစ်ပွားခဲ့သော UWSA အရာရှိတစ်ဦးကို MNDAA တပ်သားများက ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့သေးသည်။

 

ဒါ့အပြင် ယခုနောက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ်ရှိ KIA ဆက်ဆံရေးရုံးနှင့် MNDAA တပ်ဖွဲ့ဝင်များအား မြို့တွင်းထွက်ခွာသွားရန် TNLA က ဖိအားပေးပြောဆိုခဲ့သလို မြို့တွင်းအထိ ပစ်ခတ်သံများပြန်လည်ထွက်ပေါ်လာကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

ပြီးခဲ့သော ရက်ပိုင်းအတွင်းမှာလည်း သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာရှိ KIA တပ်ဖွဲ့ဝင်များအား ထွက်ခွာပေးရန် TNLA က အကြောင်းထပ်ကြားသည်ဟုဆိုသည်။

 

ကွတ်ခိုင်မြို့နယ်တွင် KIA အဖွဲ့များ မြို့တွင်းဆက်ဆံရေးရုံးဖွင့်လှစ်နေပါက စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်လာနိုင်သည်ကို ရှောင်ရှားရန်အတွက်ဟု TNLA ဘက်က ဖြေရှင်းထားသော်လည်း KIA ဘက်က မည်သို့ ပြန်လည်တုံ့ပြန်မည်ကို မသိရသေးပါ။

 

တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား ယခုလို ဆက်ဆံရေးတင်းမာလာမှုကြောင့် တိုက်ပွဲပြန်လည်ဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိသည်။