ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သီပေါမင်းနန်းတက်လာတော့ သူ့ခမည်းတော် မင်းတုန်းမင်းရဲ့ မိဘုရားတစ်ချို့ကို ဖမ်းတဲ့အခါ မိုးနဲစော်ဘွားစဝ်ခွန်ကြည်ရဲ့ အစ်မတော်(မိုးနဲမိဘုရား)ကိုပါ ဖမ်းတယ်။ စဝ်ခွန်ကြည်က သူ့အစ်မကို ဖမ်းလို့ဆိုပြီး မကြေနပ်ဘူး။ အဲဒါတွေကနေ ၁၈၈၅ခုနှစ် မတိုင်မီ ရှမ်းပြည်မှာ စစ်ဘေးကြီး စတင်ဖို့ အကြောင်းဖန်လာပါတော့တယ်ခင်ဗျ။
စစ်ဘေးကြီးစဖို့ အကြောင်းဖန်နေရာကနေ ဝုန်းခနဲထချဖို့လုပ်လိုက်တာကတော့ မိုးနဲမှာ ရုံးလာထိုင်တဲ့ ဝန်ထောက်နဲ့ စစ်ကဲပါ။ မန္တလေးကနေ လွှတ်လိုက်တဲ့ ဝန်ထောက်နဲ့ စစ်ကဲက မိုးနဲတပ်ရုံး( ဗိုလ်မှူးမင်းသားအဆင့်ရှိသူ ကွပ်ကဲသည့်ကုန်းဘောင်ခေတ် ရှမ်းပြည်လုံးဆိုင်ရာ စစ်ဌာနချုပ်)မှာ အနေအထိုင်မတတ်ဘဲ မိုးနဲစော်ဘွားအပေါ် အာဏာတွေပြတယ်။ စော်ဘွားရဲ့ အစ်မတော်ကို ဖမ်းဆီးထားတာမှ မကြာသေးခင်မှာ စော်ဘွားကိုပါ မန္တလေးလိုက်ဖို့ အတင်းအကြပ်အမိန့်ပေးပြီး ခေါ်တယ်။ ဒါကြောင့် မိုးနဲစော်ဘွားစဝ်ခွန်ကြည်က သည်းခံနိုင်စိတ်ကုန်ပြီး စစ်ကဲအပါအဝင် မိုးနဲတပ်ရုံးက အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် စုစုပေါင်းတစ်ထောင်နီးပါးရှိသည့်အနက် ၄၀၀ေကျာ်ကို အလစ်မှာ ဝင်စီးပြီး ရသမျှ အကုန်သတ်ပစ်လိုက်တယ်။ ဝန်ထောက်လည်း ကျန်သမျှလူစုပြီး မိုးနဲကနေ ညောင်ရွှေအထိ ထွက်ပြေးလာခဲ့ရပါတယ်။
ရန်ကုန်မှာ လာခိုတဲ့ သီပေါစော်ဘွားဟာ သူရောက်လာတဲ့ရန်ကုန်ကို အင်္ဂလိပ်က ဘယ်လိုဥပဒေတွေနဲ အုပ်ချုပ်တယ်ဆိုတာကို မသိဘူး။ သူ့ကိုယ်သူ ဓါးပိုင်စီရင်ဆုံးဖြတ်ခွင့်ရတုန်းလို့ ထင်နေတယ်။ ဒါကြောင့်လည်း သူ့နောက်လိုက်တစ်ယောက်ကို ထသတ်မိတယ်။ အဲသည်မှာတင် အင်္ဂလိပ်အစိုးရရဲ့ အဖမ်းအဆီးကို ခံရပြီး တရားရုံးရောက်သွားတယ်။ စော်ဘွားခမျာ ကိုယ်နောက်ပါလူကိုပဲသတ်သတ် လူသတ်မှုနဲ့ အရေးယူခံတယ်ဆိုတာကို ရန်ကုန်ရောက်မှ သိရပါတယ်။
သို့သော် အင်္ဂလိပ်အစိုးရက သူ့ကိုသီပေါစော်ဘွားမှန်း သိသွားတဲ့အခါ လူသတ်မှုကနေ ခုခံကာကွယ်မှုကြောင့် လူသေမှုအဖြစ် ပြောင်းပြီးတရားစွဲလိုက်တဲ့အခါ လျော်ကြေးနဲ့တင် ပြီးသွားရော။ အဲသည်မှာတင် အင်္ဂလိပ်အစိုးရအတွက် နောင်တစ်ချိန် ရှမ်းပြည်ကို သိမ်းဖို့လုပ်တဲ့အခါ အထောက်အပံ့အကြီးကြီး ရသွားခဲ့ပါတယ်။
အင်္ဂလိပ်အစိုးရအနေနဲ့ အထက်မြန်မာပြည်ကို ၁၈၈၆မှာ အိန္ဒိယဘုရင်ခံချုပ်၊ ဝန်ရှင်တော်မင်းကြီး ဆာအာသာဖယ်ယာတို့ရဲ့ အကြံပြုချက်နဲ့အတူ အပြီးသိမ်းလိုက်တယ်။ သို့သော် ရှမ်းပြည်ကို ဆက်ပြီးတက်မလာသေးဘူးခင်ဗျ။ အဲသည်ကာလမှာ သီပေါစော်ဘွားစဝ်ကြာခိုင်ဟာ သီပေါပြန်ရောက်ပြီး အုပ်ချုပ်နေပြီ။
စဝ်ကြာခိုင် သီပေါပြန်ရောက်ချိန် ရှမ်းပြည်မြောက်ပိုင်းမှာ နယ်မြေလု စစ်ပွဲတွေနဲ့ ရှုပ်ထွေးနေတယ်။ သိန္နီစော်ဘွားစဝ်နော်ဖှကို သူ့အမတ်ဖြစ်သူ ဗိုလ်မင်္ဂလာခေါ် ခွန်ဆံဟိုက်က ပုန်ကန်တယ်။ အဲလိုပုန်ကန်ရာမှာ သားမက်ဖြစ်သူ ခွန်ဆန်တုန်ဟုန်း(မိုင်းလင်းစော်ဘွားရဲ့တပ်ကနေ စစ်ကူလွှတ်လိုက်တဲ့ အခုတန့်ယန်းမြို့နယ်၊ တုန်ဟုန်းရွာသား အရာရှိပေါက်စ)က အစွမ်းအစရှိရှိကူညီရင်းက ခွန်ဆံဟိုက် ရုတ်တရက်ကွယ်လွန်ရာမှာ ခွန်ဆန်တုန်ဟုန်းဟာ သိန္နီနယ်ရဲ့ စင်ပြိုင်စော်ဘွားဖြစ်လာတယ်။
ခွန်ဆန်တုန်ဟုန်းတိုက်လို့ သိန္နီစော်ဘွားစဝ်နော်ဖှ မန္တလေးဆင်းပြေးရသလို သားတော်ဖြစ်သူစဝ်နော်မိုင်းကလည်း အလူးအလဲခုခံနေရတယ်။
သိန္နီနယ်ကို သိမ်းထားတဲ့ ခွန်ဆန်တုန်ဟုန်းက ဗန်းမော်နယ်ခြားတောင်ပေါ်မှာနေတဲ့ ကချင်တွေကို လက်အောက်ခံအဖြစ်သိမ်းသွင်းပြီး သိန္နီစော်ဘွားရဲ့သား စဝ်နော်မိုင်းကို တိုက်ခိုက်တယ်။ အနိုင်ရတဲ့အခါ ကချင်တွေကို အခုကွတ်ခိုင်-နမ့်ဖတ်ကာနယ်မှာ အခြေချနေခွင့်ပြုတယ်ခင်ဗျ။
စဝ်နော်မိုင်းလည်း ကြံရာမရဖြစ်ပြီး သီပေါစော်ဘွား စဝ်ကြာခိုင်ဆီက အကူအညီတောင်းတယ်။ သီပေါစော်ဘွားက အကူအညီပေးလို့ဆိုပြီး သိန္နီနယ်ကို စင်ပြိုင်စော်ဘွားလုပ်နေတဲ့ ခွန်ဆန်တုန်ဟုန်းက မန္တလေးကနေ တက်လာတဲ့ အင်္ဂလိပ်တော်လှန်ရေးအဖွဲ့က ချောင်းခွမင်းသား(ထိပ်တင်စောရန်နိုင်၊ ထိပ်တင်စောရန်ပိုင်) အုပ်စုနဲ့ပေါင်းပြီး သီပေါနယ်ကို ဝင်တိုက်တော့ သီပေါစော်ဘွားစဝ်ကြာခိုင်ဟာ မန္တလေးဆင်းပြီး အင်္ဂလိပ်အစိုးရဆီ အကူအညီတောင်းရတော့တယ်။ အဲသည်အခါမှ အင်္ဂလိပ်က ရှမ်းပြည်မြောက်ပိုင်းကို သိမ်းရကောင်းမှန်း စသိတော့တယ်ခင်ဗျာ။
စဝ်ကြာခိုင် မန္တလေးဆင်းချိန်မှာ အင်္ဂလိပ်တပ်က ရှမ်းပြည်တောင်ပိုင်းမှာ ရောက်နေပြီ။ ရောက်ရခြင်း ရည်ရွယ်ချက်က လင်းပင်အုပ်စုကြောင့်ပါ။ ကျိုင်းတုံစော်ဘွား၊ ကျိုင်းတုံရောက်နေတဲ့ မိုးနဲစော်ဘွား၊ ရပ်စောက်စော်ဘွား၊ မိုင်းပွန်စော်ဘွားတို့က သီပေါမင်းကို နန်းချပြီး လင်းပင်မင်းသားကို နန်းတင်ဖို့ ပြင်နေကြတယ်။ သူတို့အုပ်စုက သီပေါမင်းကို သစ္စာခံတဲ့သူတွေကို တိုက်တဲ့အခါ ညောင်ရွှေစော်ဘွားစဝ်မောင်(မင်းတုန်းမင်းရဲ့ မွေးစားသားတော်)နဲ့ စစ်ဖြစ်ကြရတော့တယ်။
စဝ်မောင်က အကူအညီတောင်းလို့ အင်္ဂလိပ်အစိုးရက လင်းပင်အုပ်စုကို တိုက်ဖို့အတွက် ရှမ်းပြည်တောင်ပိုင်းဘက် ချီတက်လာပြီး မိုင်းသောက်မှာ စစ်စခန်းတည်တယ်။ ပြီးတော့ လင်းပင်အုပ်စုကို ဖြိုခွဲဖို့ လုပ်တော့တာပဲ။ အဲသည်မှာတင် ရှမ်းပြည်တောင်ပိုင်းကိုပါ သိမ်းဖို့အကြောင်း ဖြစ်လာပါတယ်ခင်ဗျ။
ရှမ်းပြည်မြောက်ပိုင်းကို သီပေါစော်ဘွား အကူအညီတောင်းလို့ တက်လာတဲ့အင်္ဂလိပ်တပ်ရယ်၊ ရှမ်းပြည်တောင်ပိုင်းမှာ ညောင်ရွှေစော်ဘွားအကူအညီတောင်းလို့ တက်လာတဲ့အင်္ဂလိပ်တပ်ရယ်ဟာ ခွန်ဆန်တုန်ဟုန်းနဲ့ စဝ်နော်မိုင်းတို့ရဲ့ သိန္နီနယ်လုနေကြတဲ့ကိစ္စကို အကြောင်းပြုပြီး မိုင်းရယ်နယ်မှာ ဆက်မိကြတယ်။ သီပေါစော်ဘွား မန္တလေးဆင်းပြီး အင်္ဂလိပ်အစိုးရဆီ သွားတဲ့အချိန်မှာ စဝ်နော်မိုင်းက မိုင်းသောက်ကိုဆင်းပြီး အင်္ဂလိပ်အစိုးရကလွှတ်လိုက်တဲ့ စစ်တပ်ဆီ အကူအညီတောင်းတယ်ခင်ဗျ။ အဲသည်မှာပဲ ရှမ်းတောင်ဘက်က ပတ်ပြီးချီတက်လာတဲ့ အင်္ဂလိပ်တပ်နဲ့ ရှမ်းမြောက်ကို ချီတက်လာတဲ့ အင်္ဂလိပ်တပ်တို့က သိန္နီနယ်ကို ၂ပိုင်းခွဲပြီး အုပ်ချုပ်ကြဖို့ကို တိုက်တွန်းလိုက်လို့ ခွန်ဆန်တုန်ဟုန်းက မူလသိန္နီနယ်အခြမ်းကို မြောက်သိန္နီအမည်နဲ့ရပြီး စဝ်နော်မိန်းက မိုင်းရယ်နယ်အခြမ်းကို တောင်သိန္နီအမည်နဲ့ ရသွားတယ်။
ရှမ်းအရှေ့ ကျိုင်းတုံနယ်။ သည်နယ်ကို သိမ်းနိုင်ဖို့ အင်္ဂလိပ်အစိုးရဟာ မိုးနဲစော်ဘွားစဝ်ခွန်ကြည်ဆီကနေ အကူအညီယူရပါတယ်။ ကျိုင်းတုံစော်ဘွားကို အင်္ဂလိပ်လက်အောက်ခံအဖြစ် ဝင်ရောက်ဖို့ တိုက်တွန်းပေးသူဟာ မိုးနဲစော်ဘွားဖြစ်ပါတယ်။ သူကိုယ်တိုင်က လင်းပင်အဖွဲ့ဝင်ဖြစ်ပေမယ့် အင်္ဂလိပ်ရဲ့အစွမ်းအစတွေကို သိရတဲ့အခါ အင်္ဂလိပ်လက်အောက်အဖြစ် လက်ခံလိုက်ပါတယ်။ အဲသည်မှာ မိုးနဲစော်ဘွားဟာ ဗမာဘုရင်တွေလက်ထက်က တပ်ရုံးထားသလို အင်္ဂလိပ်အစိုးရကလည်း တပ်ရုံးလိုအားထားရမယ့် အရာထားပေးဖို့ တောင်းဆိုလို့ အင်္ဂလိပ်တပ်ဟာ မိုးနဲမှာ ယူနီယံဂျက်အလံကို စိုက်ထူပေးခဲ့ပြီး အင်္ဂလန်ဘုရင်မကြီးရဲ့ အစောင့်ရှောက်ခံမြေအဖြစ် သတ်မှတ်ကာကွယ်ပေးခဲ့ပါတယ်။ အဲသည်အချက်တွေကြောင့် မိုးနဲစော်ဘွားဟာ
သူ့ကျေးဇူးရှင်မိတ်ဆွေ ကျိုင်းတုံစော်ဘွားစဝ်ကွမ်းကျောက်အင်းတလိုင်းရဲ့သားတော်ဖြစ်သူ ကျိုင်းတုံ စော်ဘွားအသစ် စဝ်ခမ်းဖု( စဝ်နန်းတိပ်ထီလာ၏ နောင်တော်)ကို စာတွေရေးရေးပြီး ဖျောင့်ဖျတိုက်တွန်းခဲ့တာဖြစ်ပါတယ်။
မိုးနဲစော်ဘွားအနေနဲ့ အဲလိုစာတွေရေးပြီး ဖျောင်းဖျနိုင်ဖို့ နမူနာယူရတာကတော့ ရပ်စောက်စော်ဘွားအသစ်ဖြစ်လာသူ စဝ်ခွန်နုဖြစ်ပါတယ်။ ရှမ်းပြည်တောင်ပိုင်းက စော်ဘွားတွေထဲမှာ ညောင်ရွှေစော်ဘွားစဝ်မောင်ပြီးလျှင် အင်္ဂလိပ်အစိုးရရဲ့ ပထမဆုံး အသိအမှတ်ပြုခြင်းခံရသူက စဝ်ခွန်နုပါ။ သူ့ရဲ့ စာအရေးအသားကြောင့်ပဲ ရှမ်းပြည်တောင်ပိုင်းက ရှမ်းစော်ဘွားတွေဟာ စစ်မတိုက်ကြရဘဲ အင်္ဂလိပ်လက်အောက်ခံအဖြစ် သဘောတူသွားကြတာဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာတော့ စဝ်ခွန်နုလို ရှမ်းစော်ဘွားတွေဆီ စာလွှာတွေပို့ပြီး အင်္ဂလိပ်လက်အောက်ခံအဖြစ် နေကြဖို့တိုက်တွန်းသူက သီပေါစော်ဘွားဖြစ်ပါတယ်ခင်ဗျာ။
အင်္ဂလိပ်အစိုးရအနေနဲ့ ရှမ်းပြည်ကို သိမ်းပြီးနောက် Shan State Actနဲ့ စတင်အုပ်ချုပ်လိုက်သည့်အခါမှသာ ရှမ်းပြည်မြောက်ပိုင်းနဲ့ ရှမ်းပြည်တောင်ပိုင်းက ရှမ်းစော်ဘွားချင်းဖြစ်ကြတဲ့ စစ်ပွဲတွေဟာ ရပ်ဆိုင်းသွားပါတော့တယ်။ တစ်ခါမှ မျက်နှာချင်းမဆိုင်နိုင်လောက်အောင် စစ်ဖြစ်ခဲ့ကြတဲ့ ရှမ်းစော်ဘွားအချို့ဟာလည်း အင်္ဂလိပ်အစိုးရက ကျင်းပပေးတဲ့ ဒါဘာပွဲတွေကို မကြာခဏတက်အပြီးမှာတော့ ပြန်လည်ပေါင်းစည်းမိကြပြီး သားပေး၊ သမီးယူဆိုတဲ့ အစဉ်အလာတွေနဲ့ အပြန်အလှန်အသိအမှတ်ပြုကြပါတော့တယ်ခင်ဗျာ။ အဲသည်ထဲမှာ ကျိုင်းတုံစော်ဘွား၊ သီပေါစော်ဘွား၊ ညောင်ရွှေစော်ဘွား၊ တောင်သိန္နီစော်ဘွား၊ ရပ်စောက်စော်ဘွား၊ တောင်ပိုင်စော်ဘွား၊ မြောက်သိန္နီစော်ဘွား စသည်တို့ဟာ သားပေးသမီးယူစနစ်အရ အပြန်အလှန် လက်ထပ်ထိမ်းမြားမှုကို ဆောင်ရွက်ကြပြီး အင်အားစုဖွဲ့မှုနဲ့ ညီညွတ်မှုကို တည်ဆောက်ထားခဲ့ကြကြောင်းကို တွေ့ရှိရပါတယ်ခင်ဗျာ။
ကျမ်းကိုး-
၁။ ဇော်လွင်ဦး(ဟင်္သာတ)။ ရပ်စောက်သမိုင်း ရပ်စောက်မှတ်တမ်း။ ရပ်စောက်မြို့စစ်တမ်း။၂၀၁၉ခုနှစ်၊ မေလ။ ရွှေနှလုံးသားစာပေ။ ဟင်္သာတမြို့။
၂။ မကြန်။ မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေး(၁၈၈၆-၉၇)။ ၂၀၀၃(ပထမအကြိမ်)။ မြန်မာ့ရတနာစာပေ။ရန်ကုန်မြို့။
၃။ မောင်မောင်တင်၊ ဦး။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး(တတိယတွဲ)။ ၂၀၀၄၊ အောက်တိုဘာလ။ တက္ကသိုလ်များ သမိုင်းသုတေသနဦးစီးဌာန၊ ရန်ကုန်မြို့။
၄။ ရှမ်းပြည်နယ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန။ ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်း။ ၁၉၆၁။ တို့တာဝန်ပုံနှိပ်တိုက်။ ရန်ကုန်မြို့။
၅။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ။ ၂၀၁၃၊ ဒီဇင်ဘာလ။ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ကမ္ဘာအေး။ ရန်ကုန်မြို့။
၆။ သန်းထွန်း၊ ဒေါက်တာ။ နယ်လှည့်ရာဇဝင်။ ၂၀၀၃။ ပြည့်စုံစာအုပ်တိုက်။ ရန်ကုန်မြို့။
၇။ သိန္နီအမတ်။ သိန္နီသက္ကရာဇ်စဉ်ပရပိုက်(ရှမ်းဘာသာ)။ အရှင်စန္ဒာသီရိ(သီရိမင်္ဂလာစွမ်ဆိုင်ကျောင်း)စာစု။
8. Confidential Leading Families of Shan States and Karenni.
9. Report on the Administration of Upper Burma, 1886.
10. Saimong Mangrai, Sao, The Shan State and The British Annexation, Cornell University, Ithaca, New York, 1965.
11. Sai Aung Tun, History Of The Shan State ; From Its Origins To 1962, Silkworm Books; Illustrated edition ,January 7, 2009.
12. Woodman, Dorothy, The Making of Burma, London, the Cresset Press, 1957.