ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရွာအဝင်ဆိုင်းဘုတ်များ ပြန်ဖျက်နေသော်လည်း ယခုထိ မိမိကျေးရွာကို ပြန်ခွင့်မရသေးသည့် သျှမ်းပြည်နယ်မြောက်ပိုင်းက သျှမ်းမိဘပြည်သူများ

ရွာအဝင်ဆိုင်းဘုတ်များ ပြန်ဖျက်နေသော်လည်း ယခုထိ မိမိကျေးရွာကို ပြန်ခွင့်မရသေးသည့် သျှမ်းပြည်နယ်မြောက်ပိုင်းက သျှမ်းမိဘပြည်သူများ

Hsan Loi Editor
12/06/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA အဖွဲ့သည် ဒေသခံပြည်သူများ၏ ခွင့်ပြုချက်မရဘဲ ရွာအဝင်ဆိုင်းဘုတ်များအား တအားပလောင်အလံပါသည့် ဆိုင်းဘုတ်များ စိုက်ထူထားမှုကို စစ်ကောင်စီမှ လိုက်လံဖျက်ဆီးလျက်ရှိသည်။ သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် လားရှိုးမြို့နယ်ကြားရှိ ကားလမ်းမကြီးတစ်လျောက် ကျေးရွာတော်တော်များများတွင် တအာင်းပလောင်စာနှင့် အလံပါဝင်သည့် ဆိုင်းဘုတ်များအား ၂၀၂၃ ခုနှစ် မတ်လ ခန့်ကတည်းက TNLA အဖွဲ့မှ လိုက်လံစိုက်ထူခဲ့ခြင်းဖြစ်သည်။

 

မူလက ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တအားပလောင်ရွာများကိုသာ ဆိုင်းဘုတ်များ လိုက်လံစိုက်ထူခဲ့သော်လည်း နောက်ပိုင်းတွင် သျှမ်းလူမျိုးနှင့် အခြားတိုင်းရင်းသားလူမျိုးတို့၏ ကျေးရွာများကိုလည်း ၎င်းတို့၏ ဆိုင်းဘုတ်များ လိုက်လံစိုက်ထူခဲ့သည်။ အဆိုပါ ဆိုင်းဘုတ်များ လိုက်လံစိုက်ထူမှုကြောင့် သျှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသား လူမျိုးတစ်ခုနှင့်တစ်ခုအကြား ပဋိပက္ခဖန်တီးရာရောက်ကြောင်း သျှမ်းပြည်သူများက ဝေဖန်ထောက်ပြခဲ့သော်လည်း ရပ်တန့်ခြင်းမရှိခဲ့ပေ။

 

၂၀၂၃ ခုနှစ် ဇွန်လ ဒုတိယပတ်ကစပြီး သျှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA အဖွဲ့မှ ရွာအဝင်ဆိုင်းဘုတ် စိုက်ထူထားမှုများကို စစ်ကောင်စီမှ ပြန်လည်ဖျက်ဆီးပစ်နေသလို စိုက်ထူထားသည့် ဆိုင်းဘုတ်များလည်း ခွင့်ပြုချက်တောင်းခံထားခြင်းမရှိသောကြောင့် ပြန်လည်ဖျက်ဆီးခိုင်းနေသည်ဟု သိရသည်။

 

ယခုအခါ ပြည်ထောင်စုကားလမ်းမကြီးတစ်လျောက်ရှိ ရွာအဝင်ဆိုင်းဘုတ်များကို ထုံးများဖြင့် ပြန်ဖျက်နေပြီဖြစ်ပါသည်။ ဒါ့အပြင် နောက်နောင်တွင်လည်း ခွင့်ပြုချက်မရဘဲ ယခုလို ဆိုင်းဘုတ်များ လိုက်လံစိုက်ထူခြင်းမပြုရန် သတိပေးထားသည်ဟုဆိုသည်။

 

သို့သော် သျှမ်းပြည်နယ်မြောက်ပိုင်း ကားလမ်းမကြီးပေါ်တွင်ရှိသည့် ကျေးရွာတော်တော်များများ၏ ရွာဝင်ဆိုင်းဘုတ်များကတော့ TNLA အဖွဲ့ စိုက်ထူထားသည့်ဆိုင်းဘုတ်များအတိုင်းသာ ရှိနေသေးသည်။ ဒါ့အပြင် မူလက ရှိနှင့်ပြီးသား သျှမ်းလူမျိုးများ နေထိုင်သည့် ကျေးရွာအဝင်ဆိုင်းဘုတ်များကိုလည်း TNLA အဖွဲ့၏ ဖျက်ဆီးခြင်းကို ခံထားရသည်။

 

“ကျနော်တို့ ကျောက်မဲမြို့နယ် ဟူးကွက်၊ ဟူးဆွန်၊ တော့ဆန်နယ်တစ်ဝိုက်ဆို သျှမ်းဆိုင်းဘုတ်တွေ အကုန်ဖျက်ဆီးခံထားရပြီ။ ရွာအဝင်ဆိုင်းဘုတ်တွေကို တအာင်းပလောင်စာနဲ့ အလံပါတဲ့ ဆိုင်းဘုတ်တွေပြန်လုပ်ထားကြတယ်။ ပြီးရင် သျှမ်းရွာတော်တော်များများကလည်း စစ်ပွဲဖြစ်ပြီးကတည်းက ထွက်ပြေးကြတာ အခုထိ အိမ်မပြန်နိုင်ကြသေးဘူး။ ရွာပျက် အိမ်ပျက်တွေဖြစ်ပြီး ရွာအပြင်မှာတော့ TNLA စစ်သားတွေက စောင့်နေကြပြီး ရွာထဲဝင်ချင်ရင် သူတို့ကို ခွင့်တောင်းကြရတယ်။ သူတို့ခွင့်ပြုချက်ရမှ နေ့တစ်ပိုင်းလောက်ပဲ အိမ်ပြန်ကြည့်ခွင့်ရပြီးတော့ ကိုယ့်အိမ်မှာတောင် အိမ်ခွင့်မရဘူး။ ရွာမှပြန်အခြေပြန်ချဖို့ဆို ပိုတောင်မဖြစ်နိုင်ဘူး။” ဟူ၍ ကျောက်မဲမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက ပြောပြသည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ၂၀၂၁ နောက်ပိုင်း ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ပြေးရှောင်မိဘပြည်သူ ထောင်ပေါင်းများစွာရှိပြီး ယနေ့အထိ ပြန်လည်အခြေချ နေထိုင်ခွင့် မရသေးပါ။ စစ်တမ်းများအရ ကျောက်မဲမြို့နယ်တွင် ကျေးရွာပျက်ဖြစ်သွားသည့် ရွာပေါင်း (၃၀) ရွာထက်မနည်းရှိကြောင်း သတင်းရရှိသည်။