ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း ၊ ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု မျှားကလေးကျေးရွာနေသူ အရပ်သား (၂) ဦး ကိုအမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ဝေ ဖန်နေကြသည်။
“ ဒီမှာကလက်နက်ကိုင်အုပ်စုတွေများလာတယ် ၊ ဘယ်အဖွဲ့ကလို့တော့ မပြောရဲသေးပေမယ့် ၊အခု သူတို့ ဖမ်းသွားတာ ၁ လ နီးပါးရှိတော့မယ်။ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ အမှန်အတိုင်း ထုတ်ပြန်စေချင်ပါတယ်၊ ဖမ်းထားတဲ့သူတွေကိုလည်း ပြန်လွတ်ပေးပါလို့တောင်းဆိုချင်ပါတယ်” လို့ဖမ်းဆီးခံရတဲ့မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လ ၂၃ ရက်နေ့ ညပိုင်းတွင် မျှားကလေးကျေးရွာနေသူ ဦးလှမင်းနှင့် သားမက်ဖြစ်သူ ကိုမင်းတေဇတို့ကို အမည်မသိအဖွဲ့တဖွဲ့က လာရောက်သတ် ဖြတ်ခဲ့ပြီး ဦးလှမင်း၏ သမီးဖြစ်သူ အသက် ၂၁ နှစ်အရွယ် မအိရွှေဇင်မင်းနှင့် ၄င်း၏ နေအိမ်တစ်အိမ်ကျော်က အသက် ၃၀ အရွယ် ကိုဆန်းလွင်ထူးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့အထိ အဆက်အသွယ်မရသေးကြောင်းနီးစပ်သူများထံမှ သိရသည်။
လက်ရှိ ပျောက်ဆုံးနေသူများနှင့် အသတ်ခံရသူများ သည် စစ်ကောင်စီအားပေးထောက်ခံသူများ မဟုတ်ကြောင်းနှင့် သက်ဆိုင်ရာ ရဲစခန်းများတွင်လည်း ချုပ်နှောင်ထားခြင်း မရှိကြောင်း နီးစပ်သူများက ဆိုသည်။
“ ပြည်သူတွေက လက်နက်ကိုင်ထားတဲ့လူဆိုရင် အကုန် ကြောက်နေရတာမျိုးဖြစ်နေပြီ ခုဖြစ်သွားတဲ့ ဖြစ်စဉ်မှာ ဘယ်အဖွဲ့က လုပ်လို့ လုပ်သွားမှန်းမသိ ဖြစ်နေတယ်” လို့ မျှားကလေး ကျေးရွာနေသူတစ်ဦးကဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဓနုဒေသ ပင်းတယ ရွာငံ နှစ်မြို့နယ်တွင် လက်နက်ကိုင်တော်လှန်ရေး အင်အားကောင်းခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၈) ဖွဲ့အထိပေါ်ထွက်ခဲ့ပြီး ရွာငံမြို့နယ်တွင် ယခုလက်ရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့ (၅) ဖွဲ့ ခန့်လှုပ်ရှားနေကြောင်း
သိရသည် ။
ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ဓနုပြည်သူ့ လွတ် မြောက်ရေးတပ်ဦး – DPLF ဖွဲ့စည်း ကြောင်း ကြေညာပြီးသည့် နောက်ပိုင်း ဓနုဒေသအပါအဝင် နယ်နိမိတ် ခြင်းထိစပ်နေသည့် ကျေးရွာများမှ အရပ်သား ဖမ်းဆီးခံရမှု အများအပြားရှိနေကြောင်း သိရသည် ။