ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တရုတ်နဲ့ ထိုင်း နှစ်နိုင်ငံလုံးအနေနဲ့ Lancang-Mekong ပူးပေါင်းဆောင်ရွက်မှုနှင့် မဲခေါင်မြစ် ကြောင်းတလျှောက် တရားမ၀င်သွားလာမှု၊ အွန်လိုင်းရာဇ၀တ်မှုများ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရန် ဒေသဆိုင်ရာ မူဘောင်များမှ တဆင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်ရန်လိုအပ်ကြောင်း ပူးတွဲကြေညာချက်မှာ အလေးပေး ထုတ်ပြန်ထားပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ထိုင်းဘုရင့်နိုင်ငံတို့ရဲ့ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး၊ မိတ်ဖက်ဆက်ဆံရေး မြှင့်တင်ရေး ပူးတွဲကြေညာချက်ကို ယမန်နေ့က ထုတ်ပြန်ခဲ့ ပါတယ်။
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ရာထူးတက်လာပြီး အချိန်တိုအတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရာမှာ ထူးထူးခြားခြား အောင်မြင်မှုတွေအတွက် တရုတ်ဘက်က ချီးကျူး ဂုဏ်ပြုခဲ့သလို ထိုင်းဝန်ကြီးချုပ် ဦးဆောင်တဲ့ ထိုင်းအစိုးရသစ်ကို တရုတ်ဘက်မှ အခိုင်အမာ ထောက်ခံကြောင်းနဲ့ နှစ်နိုင်ငံ အဓိက အကျိုးစီးပွားများနှင့် စိုးရိမ်ပူပန်မှုများပါ၀င်တဲ့ ကိစ္စရပ်များတွင် အချင်းချင်း စဉ်ဆက်မပြတ် ပံ့ပိုးကူညီရန် ကတိကဝတ်ပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
“Safe Mekong Operation” တွင် နှစ်ဖက်စလုံးက ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်ကြပြီး လန်ချန်း-မဲခေါင်ဒေသတွင်းရှိ ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်နှင့် ပစ္စည်းဥစ္စာများ လုံခြုံမှု ရှိစေရန်အတွက် တရားမျှတမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတွင် ပူးပေါင်းဆောင်ရွက် သွားရန် သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ကို နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြပြီး အရည်အသွေးမြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ ခရီးသွား ပုံစံသစ်များနဲ့ ခရီးသွားများ ဘေးကင်းရေးတို့အပြင် နှစ်နိုင်ငံ လူသိနည်းတဲ့မြို့များကြား တိုက်ရိုက် ပျံသန်းမှုတိုးမြှင့်ရန် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန်လည်း သဘောတူညီခဲ့ကြပါတယ်။
ထိုင်းဝန်ကြီးချုပ်ရဲ့ တရုတ်ခရီးစဥ် (၄)ရက်သာအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Xi Jinping နဲ့ ဝန်ကြီးချုပ် Li Qiang တို့နဲ့ တွေ့ဆုံခဲ့ပြီး အချင်းချင်း အပြန်အလှန် ချီးကျုးနေကြတယ်လို့ သိရပါတယ်။