ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ဟိုနောင်ရွာအနီးရှိ အမှိုက်ပုံတစ်ခု၌ အောက်တိုဘာလ (၂၁) ရက်နေ့ နံနက်(၁၀) နာရီကျော်ခန့်တွင် ပုတ်ပွနေသော အလောင်း(၃) လောင်း လာရောက်စွန့်ပစ်ထားသည်ကို ဒေသခံများက တွေ့ရှိခဲ့သည်ဟုဆိုသည်။ အနံ့အသက်အလွန်ဆိုးသောကြောင့် အမှိုက်ပုံကိုဒေသခံများ စစ်ဆေးကြည့်ရာမှ သေဆုံးနေသည်မှာကြာပြီဖြစ်သော အလောင်း(၃) လောင်းကိုတွေ့ရှိခြင်းကြောင့် လက်ဖက်ညွှန့်လူမှုကူညီရေးအသင်းနှင့် မြင့်မြတ်ပါရမီလူမှုကူညီရေးအသင်းအား အကြောင်းကြားခဲ့ကြောင်း သိရသည်။
“ အလောင်းတွေက တော်တော်ကိုဆိုးဆိုးဝါးဝါးအနံ့တွေထွက်နေပြီးတော့ လောက်တွေတောင် ထွက်နေပြီ။ ပြည်သူတွေက အကြောင်းကြားလာလို့ ကျနော်တို့ လက်ဖက်ညွှန့် လူမှုကူညီရေးအသင်းနဲ့ မြင့်မြတ်ပါရမီလူမှုညီရေးအသင်းက အလောင်းတွေကို သယ်ဆောင်ပြီး မူဆယ်ဆေးရုံဆီကို ပို့ဆောင်ပေးခဲ့တယ်။ အလောင်းတွေက ဆာလာအိတ်ထဲကို လုံးထွေးထည့်ထားပြီး ကြိုးချည်ပြီးလာပစ်ထားတာပါ။ ဘာဒဏ်ရာတွေကြောင့် သေဆုံးရတယ်ဆိုတာကိုတော့ အလောင်းတွေပုတ်ပွနေတဲ့အတွက် ကျနော်တို့တော့ မသိနိုင်ဘူး။ တာဝန်ရှိတဲ့သူတွေတော့ စစ်ဆေးနေတယ်။” ဟု လက်ဖက်ညွှန့်လူမှုကူညီရေးအသင်းက အဖွဲ့ဝင်တစ်ဦးကပြောပြသည်။
သေဆုံးသူ (၃) ဦးသည် မူဆယ်ဒေသခံများဖြစ်ကာ အမျိုးသမီးတစ်ဦး၊ အမျိုးသာ (၂)ဦးဖြစ်သည်ဟု ၎င်းမှဆက်လက်ပြောပြသည်။ အမျိုးသား(၂)ဦးသည် သားအဖဖြစ်ပြီး အမျိုးသမီးမှာ ၎င်းတို့၏လက်ထောက်ဖြစ်ကြောင်း ဆက်စပ်သိရသည်။ ၎င်းတို့(၃)ဦးသည် ကျယ်ခေါင်မြို့သို့ သွားကြသူများဖြစ်ပြီး ပျောက်ဆုံးနေသည်မှာ (၁) ပတ်ကျော်ခန့်ရှိပြီဖြစ်ကာ ငွေကျပ်သိန်း(၁၀၀)ခန့်လည်း ပါသွားသည်ဟု သတင်းရရှိသည်။
မူဆယ်မြို့တွင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့စစ်များစွာရှိသည့်မြို့ဖြစ်ပြီး မကြာခဏဆိုသလို ဒုစရိုက်မှုဖြစ်ပွားလျက်ရှိသည်။