ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မူဆယ်မြို့နယ် တိန်းလုံကျေးရွာတွင် တပ်သားသစ်စုဆောင်းမှုပြုလုပ်ရင်း သေနတ်ပစ်ဖောက်စဉ် ဗီဒီယိုရိုက်ထားသူများအား SSPP အဖွဲ့မှ လာရောက်ဖမ်းဆီးခဲ့ဟုဆို

မူဆယ်မြို့နယ် တိန်းလုံကျေးရွာတွင် တပ်သားသစ်စုဆောင်းမှုပြုလုပ်ရင်း သေနတ်ပစ်ဖောက်စဉ် ဗီဒီယိုရိုက်ထားသူများအား SSPP အဖွဲ့မှ လာရောက်ဖမ်းဆီးခဲ့ဟုဆို

Hsan Loi Editor
22/06/2023
Share:

 

ယမန်နေ့ ၂၀၂၃ ခုနှစ် ဇွန်လ (၂၁) ရက်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် တိန်းလုံကျေးရွာတွင် နေထိုင်သော ဒေသခံ (၂) ဦး အား SSPP အဖွဲ့မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဖမ်းဆီးခံရသူများသည် စိုင်းထွန်းလှ – ကျေးရွာလက်ထောက်ဥက္ကဌ နှင့် နန်းခမ်းစန် တို့ဖြစ်သည်ဟု ဒေသခံများက ပြောပြသည်။

 

ဖမ်းဆီးရသည့်အကြောင်းရင်းကတော့ ၂၀၂၃ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် မူဆယ်မြို့နယ် တိန်းလုံကျေးရွာ၌ SSPP အဖွဲ့မှ တပ်သားသစ်စုဆောင်းမှု လာရောက်ပြုလုပ်စဉ်အတွင်း ဒေသခံများနှင့်အချင်းများခဲ့ပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်မှုကို ဗီဒီယိုရိုက်ကူးထားမှုကြောင့်ဟု ဆိုသည်။ အဆိုပါ ဗီဒီယိုရိုက်ကူးသူက ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ၎င်း၏ အစ်မဖြစ်သူ နန်းခမ်းစန်ကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး ကျေးရွာ လက်ထောက်ဥက္ကဌကိုလည်း ဖမ်းဆီးသွားခြင်းဖြစ်သည်။

 

“ညဘက်ပိုင်းတွေမှာ ရွာကိုလူစိမ်းတွေလာကပ်နေတာ နည်းနည်းကြာနေပြီ။ ခွေးတွေလည်း ညညဆိုထထဟောင်တယ်။ SSPP အဖွဲ့က ရွာသားတွေကို လာချောင်းနေတယ်လို့ မထင်ကြဘူးလေ။ လာရောက်ဖမ်းဆီးတဲ့အချိန်တုန်းကလည်း အနီးအနားမှာရှိတဲ့သူတွေက မအော်ကြဘူး။ အော်ရင်တော့ ရွာလုံးကျွတ်ထွက်ပြီး ဆန့်ကျင်ကြမှာပဲ။” ဟု ဒေသခံတစ်ဦးကပြောပြသည်။

 

SSPP အဖွဲ့သည် သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် တိန်းလုံရွာနှင့် ပန်ခမ်းရွာများတွင် တပ်သားသစ်စုဆောင်းရေးအတွက် လာရောက်စဉ် ဒေသခံပြည်သူများနှင့်အချင်းများပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကို ဒေသခံပြည်သူများက ရိုက်ကူးထားပြီး အွန်လိုင်းစာမျက်နှာပေါ် ပြန်လည်မျှဝေခဲ့ပြီး ပျံ့နှံ့ခဲ့သည်။