ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မူဆယ်မြို့နယ် ဇယ်လန့်ရွာ၌ စစ်ကောင်စီတပ်နှင့်အတူပြည်သူ့စစ်ပူးပေါင်းအဖွဲ့ နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွား

မူဆယ်မြို့နယ် ဇယ်လန့်ရွာ၌ စစ်ကောင်စီတပ်နှင့်အတူပြည်သူ့စစ်ပူးပေါင်းအဖွဲ့ နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွား

Hsan Loi Editor
24/07/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ဇယ်လန့်ရွာ၌ ဇူလိုင်လ (၂၃) ရက်နေ့ ယမန်နေ့ ညနေ (၄) နာရီခန့်က စတင်ပြီး စစ်ကောင်စီတပ်နှင့်အတူ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့သည် TNLA အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

မူဆယ်-နမ့်ခမ်း ကားလမ်းမကြီး ဇယ်လန့်ရွာအနီးတွင် TNLA အဖွဲ့မှ ဆက်ကြေးကောက်နေချိန် မြို့မပြည်သူ့စစ်အဖွဲ့အား ကားရပ်ရန် တားရာမှ ရပ်တန့်ခြင်းမရှိသည့်အတွက် TNLA အဖွဲ့မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပြသည်။ TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် မြို့မပြည်သူ့စစ်အဖွဲ့မှ (၅) ဦး ထိခိုက်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့သည်။

 

ထို့ကြောင့် ဆင်ကျော့ပြည်သူ့စစ်အဖွဲ့၊ မြို့မပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီအဖွဲ့တို့သည် TNLA အဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်ရန် မူဆယ်မှ ထွက်လာသည့်အချိန် TNLA အဖွဲ့က လမ်းတစ်ဝက်တွင် ချုံခိုတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီအဖွဲ့မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များသည် ဇယ်လန့်ရွာအနီးရှိ ကောင်ရွာတွင် (၂) လုံး ကျခဲ့သည်ဟုဆိုသည်။

 

“မနေ့ကတော့ လက်နက်ကြီးလက်နက်ငယ်အသံတွေ ဆူညံပွတ်လောရိုက်နေတာပဲ။ ကားတွေလည်း လမ်းမှာ ရပ်ပြီး စောင့်နေရတာပေါ့။ စပစ်တာတော့ TNLA က ပြည်သူ့စစ်ကားတွေကို စပစ်တာကနေတဆင့် အပြန်အလှန်ပစ်ခတ်ကြတာပေါ့။ TNLA တွေက ဇယ်လန့်နားမှာပဲ ရှိနေတော့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ရမ်းသမ်းပစ်လို့ ပြည်သူတွေထိတ်လန့်တုန်လှုပ်ကြတယ်။ ဒီမှာက အဖွဲ့ပေါင်းစုံရှိတော့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လူကောက်လိုက် ဆက်ကြေးကောက်လိုက် သူတို့အချင်းချင်း ရန်ဖြစ်လိုက်နဲ့ ကြားကနေ ပြည်သူတွေပဲ ခံနေရတယ်။” ဟု မူဆယ်မြို့နယ် ဒေသခံတစ်ဦးက ပြောပြသည်။

 

မူဆယ်၊ နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်အပြင်၊ TNLA၊ KIA နှင့် SSPP အဖွဲ့အပြင် ပြည်သူ့စစ်အဖွဲ့ပေါင်း (၂၀) ဖွဲ့ခန့်ရှိသည့်အတွက် မကြာခဏ ထိတွေ့တိုက်ပွဖြစ်ပွားလေ့ရှိသည်။