ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု၌ TNLA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဒေသခံပြည်သူများစွာ ထွက်ပြေးတိမ်းရှောင်နေရ

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု၌ TNLA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဒေသခံပြည်သူများစွာ ထွက်ပြေးတိမ်းရှောင်နေရ

Hsan Loi Editor
29/08/2023
Share:

 

ယနေ့ ဩဂုတ်လ(၂၉)ရက်နေ့ နံနက်အစောပိုင်းကတည်းကစတင်ပြီး သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

စစ်ကောင်စီတပ်မှ TNLA အဖွဲ့များရှိရာဆီသို့ စစ်ကြောင်းထိုးရာမှတဆင့် တိုက်ပွဲဖြစ်လည်ဖြစ်ပွားလာခြင်းဖြစ်ပြီး နှစ်ဖက်တပ်မှ လက်နက်ကြီးများဖြင့် အပြန်အလည်ပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့သည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လွယ်တေးမိန်းဘုန်းကြီးကျောင်း လက်နက်ကြီးကျည်ထိမှန်ပြီး ပျက်စီးခဲ့သည်ဟု သိရသည်။

 

“မနေ့ကတည်းက လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတော့ တိုက်ပွဲပြန်ဖြစ်တော့မယ့်အငွေ့အသက်တွေ ပြန်ရလာတယ်။ ဒီနေ့မနက်အစောပိုင်းမှာတော့ စစ်ကောင်စီဘက်ကရော TNLA ဘက်ကရော အပြန်အလည် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ကြတယ်။ TNLA တွေက သျှမ်းရွာတွေကို ကာဗာယူထားတော့ ပြည်သူတွေက ရွာကို စစ်ကောင်စီတွေ ထပ်ရောက်လာမှာကို စိုးရိမ်ထိတ်လန့်ကြတယ်။ လက်နက်ကြီးစပစ်ပြီးနောက်တော့ ရွာသူ/သားတွေ တော်တော်များများ ထွက်ပြေးကုန်ကြတယ်။ သိပ်မကြာပါဘူး စစ်ကောင်စီဘက်ကနေ ရဟတ်ယာဉ်တွေနဲ့ရောက်လာပြီး တိုက်ခိုက်တယ်။ အခုတော့ မန်ကတ်၊ နမ့်ကတ်နှင့်မိုင်းဆတ်ကျေးရွာတွေက ရွာသူ/သားတွေ မူဆယ်မြို့ဆီကို ထွက်ပြေးတိမ်းရှောင်ထားရတယ်။”ဟု မူဆယ်မြို့နယ် စွမ်စော်ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပြသည်။

 

ယနေ့ ညနေပိုင်းတွင် စစ်ကောင်စီဘက်မှ တိုက်လေယာဉ်များဖြင့် ထပ်မံပြီး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

 

အလားတူ မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးတွင်လည်း စစ်ကောင်စီတပ်နှင့် KIA တို့ ယနေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

လက်ရှိတွင် မူဆယ်မြို့နယ် ဟိုနားရပ်ကွက် ဘုန်းကြီးကျောင်း၌ စယ်လန့်စစ်ဘေးရှောင်ပြည်သူ (၁၈၀)ဦးကျော် ရောက်ရှိနေကြောင်း သတင်းရရှိသည်။