ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ ဇွန်လ (၆) ရက်နေ့တွင် သျှမ်းပြည်အထူးဒေသ (၁) အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားခုံရုံးမှ မုံးကိုးခရိုင် ပန်းဆိုင်ဒေသနှင့် ဘေးပတ်လည်ဒေသရှိ လက်နက်ကိုင်ပြန်ပေးဆွဲခြင်းနှင့် လူသတ်သော ဂိုဏ်းအဖွဲ့ကို MNDAA မှ တရားစီရင်ခဲ့ကြောင်း The Kokang မီဒီယာက ဖော်ပြခဲ့သည်။
တရားစီရင်ခြင်းခံရသူများတွင် မုံးကိုးပြည်သူ့စစ်တပ်ဖွဲ့ဝင် (၃) ဦး ပါဝင်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် သျှမ်းတိုင်းရင်းသားတစ်ဦး စုစုပေါင်း (၄) ဦးဖြစ်သည်။ ၎င်းတို့သည် လီအင်ဖူ (မုံးကိုးပြည်သူ့စစ်တပ်ဖွဲ့ဝင်)၊ ဟုတ်ချင်ပန်း (မုံးကိုးပြည်သူ့စစ်တပ်ဖွဲ့ဝင်)၊ ရန်မင်ဟွေ့ (မုံးကိုးပြည်သူ့စစ်တပ်ဖွဲ့ဝင်) နှင့် သျှမ်းတိုင်းရင်းသားဖြစ်သူ အိုက်မောင်တို့ဖြစ်သည်။
လီအင်ဖူ၊ ဟုတ်ချင်ပန်းတို့သည် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်များ ဖြစ်ကြောင်း ဖော်ပြထားသလို ပန်းဆိုင်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ပြစ်မှုများကျူးလွန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းတို့အဖွဲ့သည် စုစုပေါင်း မှုခင်း (၁၃) မှု ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး တရုတ်လူမျိုး (၁၄) ဦးကို ပြန်ပေးဆွဲပြီး မူဆယ်လိမ်လည်ကုမ္ပဏီသို့ ရောင်းချခဲ့သည်ဟုဆိုသည်။ အမှုနှင့်ပတ်သက်၍ တရုတ်ငွေ (၄၈၀၀၀၀) ယွမ်၊ မြန်မာငွေ သိန်း (၃၈၀) ကျပ်အား ရရှိပြီး ပူးပေါင်းမျှဝေသုံးစွဲခဲ့သည်ဟု သိရသည်။
မုံးကိုးခရိုင်အုပ်ချုပ်ရေးအဖွဲ့ ဒုတာဝန်ခံမှ အထူးဒေသ (၁) ယာယီတရားခုံရုံးကိုယ်စား လီအင်ဖူအား ထောင်ဒဏ် (၁၀) နှစ်၊ ဟုတ်ချင်ပန်အား ထောင်ဒဏ် (၈) နှစ်၊ ရန်မင်ဟွေအား ထောင်ဒဏ် (၈) နှစ်နှင့် အိုက်မောင်အား ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။