ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မီးမြိုက်နှိပ်စက်ခံရသည့် ဟိုပုံးမြို့နယ် ဖောင်းဆိုင်ရွာသား ဦးစိုင်းဝါလနှင့်အတူ ရွာသား (၁၀) ဦး ဖမ်းဆီးခံထားရပြီး တစ်ရွာလုံးထွက်ပြေးရဟုဆို

မီးမြိုက်နှိပ်စက်ခံရသည့် ဟိုပုံးမြို့နယ် ဖောင်းဆိုင်ရွာသား ဦးစိုင်းဝါလနှင့်အတူ ရွာသား (၁၀) ဦး ဖမ်းဆီးခံထားရပြီး တစ်ရွာလုံးထွက်ပြေးရဟုဆို

Hsan Loi Editor
14/05/2023
Share:

 

၂၀၂၃ခုနှစ် မေလ (၉) ရက်နေ့တွင် လူမှုကွန်ယက်ပေါ်၌ သျှမ်းပြည်သူလူထုတစ်ဦးအား SSPP မှ နောက်ပြန်ကြိုးတုပ်ပြီး သစ်ပင်တစ်ပင်တွင်တွဲလောင်းချိတ်ကာ မီးမြိုက်နှိပ်စက်သည့် ရုပ်သံထွက်ပေါ်ခဲ့သည်။ မီးမြိုက်နှိပ်စက်ခံရသူသည် ဟိုပုံးမြို့နယ် ဖောင်းဆိုင်ကျေးရွာသားတစ်ဦးဖြစ်ကြောင်း သိရသည်။

 

ဒေသသတင်းအရင်းအမြစ်များ၏ သတင်းပေးပို့မှုအရ (၂၈.၄.၂၀၂၃) ရက်နေ့က ဖောင်းဆိုင်ကျေးရွာအနီး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ (၂၉.၄.၂၀၂၃) ရက်နေ့ နံနက်ပိုင်းတွင် ဖောင်းဆိုင်ကျေးရွာအနီး ရောက်ရှိနေသည့် SSPP ယူနီဖောင်းစစ်ဝတ်စုံ ဝတ်ထားသော ဝ စစ်သားများမှ ဖောင်းဆိုင်ရွာကို ရောက်လာပြီး ရွာသား (၇) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ (၃၀.၄.၂၀၂၃)ရက်နေ့တွင် ရွာသား နောက်ထပ်နှစ်ဦးအပြင် (၁.၅.၂၀၂၃) ရက်နေ့တွင်လည်း ရွာသားနောက်ထပ်တစ်ဦးကို ထပ်မံ လာရောက်ဖမ်းဆီး ခေါ်ဆောင်ခဲ့သည်။ ဗုံးမကွဲခင်ကလည်း လုင်းဆော ဟုခေါ်သော ရွာသားတစ်ဦးကို လာရောက်ဖမ်းဆီးခေါ်ဆောင်ထားသေးသည့်အတွက် စုစုပေါင်း (၁၁) ဦး ဖမ်းဆီးခံခဲ့ရကြောင်း သတင်းပေးပို့ထားသည်။

 

ဖမ်းဆီးခေါ်ဆောင်ခံထားသူများမှာ

(၁) ဦးစိုင်းဝါလ (ရွာသူကြီး – မီးမြိုက်နှိပ်စက်ခြင်းခံရသူ)

(၂) လုင်းတော ( ရိုက်နှက်နှိပ်စက်မှုကြောင့် သေဆုံးပြီဟုဆို)

(၃) လုင်းမောင်

(၄) လုင်းအော

(၅) လုင်းဆော

(၆) လုင်းဆောလိန်

(၇) လုင်းကျော်ရှင် (စကစ ကျေးရွာအုပ်ချုပ်ရေးမှူး)

(၈) စိုင်းဝိ

(၉) စိုင်းခေး

(၁၀) စိုင်းရွှေ

(၁၁) စိုင်းဆာတို့ဖြစ်ကြောင်း သိရသည်။

 

ယနေ့အထိ လုင်းဝါလ (မီးမြိုက်နှိပ်စက်ခံရသူ) နှင့် လုင်းတော တို့ (၂) ဦး၏ သတင်းကိုသာ ကြားသိထားရပြီး ကျန်သည့် (၉) ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရပါ။ ၎င်းတို့၏ မိသားစုများက တွေ့ခွင့်တောင်းသော်လည်း ဝ စစ်သားများမှ တွေ့ခွင့်မပေးကြောင်း သိရသည်။

 

“ရွာသားကို မီးမြိုက်နှိပ်စက်နေတဲ့ SSPP ဝတ်စုံတွေ ဝတ်ထားတဲ့ တပ်သားတွေရဲ့ စကားပြောဆိုပုံတွေကို လေ့လာကြည့်ရရင် သျှမ်းစစ်စစ်တွေရဲ့အသံမဟုတ်ဘဲနဲ့ ဝ တွေသျှမ်းစကားပြောနေတဲ့လေသံလို့ ယူဆရတယ်။ လာဖမ်းတုန်းကလည်း SSPP ယူနီဖောင်းစစ်ဝတ်စုံ ဝတ်ထားသော ဝ စစ်သားများက လာဖမ်းတာဆိုတော့ နှိပ်စက်တာလည်း SSPP ယူနီဖောင်းစစ်ဝတ်စုံ ဝတ်ထားသော ဝ တပ်သားတွေဖြစ်ဖို့များတယ်။ ဒါပေမယ့် SSPP ရဲ့ ထုတ်ပြန်ချက်မှာဖတ်ကြည့်တော့ ဝ တပ်သားတွေလုပ်တာဆိုပြီး ပြောထားမျိုးမတွေ့ရဘူးပေါ့။ ဒါကတော့ သူတို့တွေကြားထဲမှာ ဘယ်လိုဆက်ဆံရေးမျိုးရှိလဲ ဘယ်လိုသဘောတူညီချက်တွေရှိထားလဲ မသိဘူးပေါ့လေ။

 

တစ်ဖက်ကကြည့်ပြန်တော့လည်း သျှမ်းပြည်သူလူထု အတော်များများက RCSS ကို ထောက်ခံနေတော့ သူတို့အနေနဲ့ တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်တာမျိုးမလုပ်ဘူး။ SSPP ကို ရှေ့တန်းတင်ပြီး နောက်ကနေကြိုးကိုင်နေတာမျိုးပေါ့။ ဒီမီးမြိုက်နှိပ်စက်တဲ့ရုပ်သံ ထွက်လာပုံအရဆိုရင် သျှမ်းတပ် (၂) တပ်ကို ပိုပြီး အမုန်းပွားစေတဲ့ လုပ်ရပ်မျိုးဖြစ်နေတယ်။ ဒီလိုလုပ်ရပ်မျိုးကို ဘယ်သူက ဖန်တီးမလဲ ဆက်စပ်စဉ်းစားကြည့်ပေါ့ဗျာ။” ဟု သျှမ်းပြည်သား နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုသည်။

 

ဆက်စပ်သတင်းများအရ ကျေးရွာသားများ ဖမ်းဆီးနှိပ်စက်ခြင်း ခံရသည့် ဖောင်းဆိုင်ကျေးရွာတွင် ယခုအခါ တစ်ရွာလုံးနီးပါး ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

 

လုင်းဝါလ၏ ဇနီးနှင့်ကလေးပုံဖြစ်သည်။