ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မိုးကုတ်ပတ္တမြားမြေသည် ညောင်ရမ်းခေတ်ကစ၍ ကုန်းဘောင်ခေတ်နှောင်းကာလအထိ ဗမာဘုရင်၏ အုပ်ချုပ်မှုလက်အောက်သို့ ကျရောက်ခဲ့ရသည်။ ဗမာဘုရင်တို့က သျှမ်းအုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲရန်နှင့် ပတ္တမြားတွင်းများကို တူးဖော်၍ အခွန်ဆက်သရန်အတွက် စို့သူကြီးအုပ်ချုပ်ရေးစနစ်နှင့် ခေါင်းအကြီးအကဲ အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ခဲ့သည်။ ထို့အပြင် အခွန်ရရှိရန်အတွက် အဓိကထား၍ အုပ်ချုပ်ရေးစနစ်ကို ပြင်ဆင်မှုများရှိခဲ့ရာ ကုန်းဘောင်ခေတ်နှောင်း၌ မိုးကုတ်ပတ္တမြားမြေတွင် သုံးစို့ကော်ဟူသော အုပ်ချုပ်ရေးရာထူး သစ်ပေါ်လာသည်လည်း ရှိသည်ကို တွေ့ရသည်။ ဤသို့ဖြင့် မိုးကုတ်ပတ္တမြားမြေတွင် ပုံစံအမျိုးမျိုးဖြင့် အုပ်ချုပ် နေသည့် ဗမာဘုရင့်အုပ်ချုပ်ရေးစနစ်များသည် အထက်ဗမာပြည်ကို ဗြိတိသျှအစိုးရက တရားဝင်သိမ်းပိုက်သည့် ၁၈၈၆ခုနှစ်တွင် ချုပ်ငြိမ်းသွားခဲ့ပြီး ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးစနစ်သစ် စတင်လာခဲ့သည်။
၁၈၈၅-၁၈၈၆ခုနှစ်အတွင်းကာလသည် အထက်ဗမာပြည်ကို ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးစနစ်ကို စတင်ရန် ပြင်ဆင်နေချိန်ဖြစ်သည်။ ထိုကာလတွင် ဗြိတိသျှအစိုးရသည် အထက်ဗမာပြည်ကို တည်ငြိမ်စွာ ထိန်း ချုပ်နိုင်ရန် ရည်ရွယ်၍လည်းကောင်း၊ တရုတ်နိုင်ငံ၏ ဗြတိသျှအစိုးရက အထက်ဗမာပြည်ကို သိမ်းယူမှုအပေါ် မိမိတို့ပဏ္ဏာဆက်ပြည်ထောင်ကို သိမ်းယူသည်ဟူသော အကြောင်းပြချက်ဖြင့် ကန့်ကွက်နေသောကြောင့်လည်း ကောင်း၊ အထက်မြန်မာပြည်ကို မည်သည့်အုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးရမည်ကို အိန္ဒိယဘုရင်ခံချုပ်၊ ဗမာ ပြည်မဟာဝန်ရှင်တော်မင်းကြီးတို့ပါဝင်သည့် ဗြိတိသျှအစိုးရက တိုင်ပင်ဆွေးနွေးနေဆဲကာလဖြစ်သောကြောင့် လည်းကောင်း ဗမာဘုရင်၏ လွှတ်တော်ကို မဖျက်သိမ်းဘဲ ဗြိတိသျှအစိုးရအုပ်ချုပ်ရေးနှင့် တွဲဖက်၍ အတိုင်ပင်ခံ သဘောဖြင့် ဆက်လက်ထားရှိခဲ့သည်။ တစ်ဖက်တွင်လည်း ဗြိတိသျှအစိုးရသည် အုပ်ချုပ်ရေးကို နာခံခြင်း မရှိဘဲ ပုန်ကန်နေသူများ၊ ပုန်ကန်သူများကို အားပေးနေသူများ၊ ခေတ်ကာလအပျက်တွင် အုပ်စုဖွဲ့၍ ဓားပြတိုက်နေသူ များကို တိုက်ခိုက်ချေမှုန်းကာ နယ်မြေတည်ငြိမ်အောင် ဆောင်ရွက်နေရသည်။
ဤကာလအတွင်း၌ မိုးကုတ်ပတ္တမြားမြေတွင်လည်း မငြိမ်မသက်ဖြစ်နေသည်ကို မိုးကုတ်မြို့ ပတ္တမြား မြေသမိုင်းတွင် တွေ့ရသည်။ မိုးကုတ်ပတ္တမြားမြေနှင့် သပိတ်ကျင်းသို့ သွားရာလမ်းတွင် ဓားပြများ ဆူပူသောင်း ကျန်းနေပြီး လမ်းဖြတ်ခအဖြစ် တစ်ဦးလျှင် တစ်ဆယ်ကျပ်ကျော် ပေးဆောင်ရကြောင်း၊ ဓားပြဗိုလ်လုပ်နေသူများ မှာ ရွှေညောင်ပင်တွင် ပေါ်ခွေး၊ ဝါးဖြူတောင်တွင် ဟိန်ခန်၊ သပိတ်ကျင်းတွင် ဗိုလ်သြတို့ ဖြစ်ကြောင်း ဖော်ပြထား ပါသည်။ GAZETTEER OF UPPER BURMA AND THE SHAN STATE PART II, VOL II တွင်လည်း မိုးကုတ်ပတ္တမြား မြေ၏ ထိုကာလတွင် မတည်မငြိမ်ဖြစ်ရပုံကို ဖော်ပြထားပြီး သပိတ်ကျင်းတွင် ဗိုလ်လုပ်နေသူမှာမူ ဗိုလ်သြ မဟုတ်ဘဲ ဗိုလ်ကလေးဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။ ဤသမိုင်းမှတ်တမ်းများကို ကြည့်ခြင်းဖြင့် ဗြိတိသျှအစိုးရသည် အထက်ဗမာပြည်ကို တရားဝင်သိမ်းပိုက်သည့် ၁၈၈၆ခု၊ ဇန်နဝါရီလ(၁)ရက်နေ့အထိ မိုးကုတ်ပတ္တမြားမြေ၏ အုပ်ချုပ်ရေးကဏ္ဍကို မဖော်ဆောင်နိုင်သေးကြောင်းနှင့် ထိုသို့မဖော်ဆောင်နိုင်သည့် အတွက် မိုးကုတ်ပတ္တမြားမြေတွင် မတည်ငြိမ်မှုများစွာ ဖြစ်ပေါ်နေရသည်ဟု သုံးသပ်နိုင်ပေသည်။
မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေး သမိုင်းသုတေသနမှတ်တမ်းတွင် ဗြိတိသျှအစိုးရသည် ၁၈၈၆ခု အစပိုင်းတွင် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကို လွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အတွက် အထက်ဗမာပြည်ကို စီရင်စု နယ်မြေ(၁၂)ခု ခွဲ၍ စတင်အုပ်ချုပ်ခဲ့သည်ကို တွေ့ရသည်။ ၁၈၈၆ခုနှစ်၊ မတ်လတွင် အထက်ဗမာပြည်၌ စီရင်စု နယ်မြေပေါင်း (၁၄)ခု ရှိလာသော်လည်း အုပ်ချုပ်ရေးခိုင်မာအောင် ဆောင်ရွက်နေရဆဲဖြစ်၍ လိုအပ်ချက်အရ စီရင်စုနယ်များကို အမျိုးမျိုးပြောင်းလဲခြင်း၊ နုတ်ပယ်ခြင်း၊ ဖြည့်သွင်းခြင်းများကို လုပ်ဆောင်ရသည်ကို တွေ့ရ သဖြင့် ဗြိတိသျှအစိုးရ၏ ကနဦးအုပ်ချုပ်ရေးကာလသည် အမျိုးမျိုးစမ်းသပ်နေရသည့် အဆင့်တွင်ပင် ရှိနေသေး သည်ဟု သုံးသပ်ရပေသည်။
ဤအချိန်အထိပင် မိုးကုတ်ပတ္တမြားမြေသည် ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ စီရင်စုနယ်အဖြစ် မပါဝင်သေးပေ။ ၁၈၈၆ခုနှစ်၊ မတ်လနောက်ပိုင်းတွင် စီရင်စုနယ်မြေ(၃)ခုကို အသစ်ထပ်မံဖွဲ့စည်းသည့်အခါမှသာ ပတ္တမြားမြေစီရင်စုအဖြစ် ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးနယ်ပယ်တွင် စာရင်းဝင်လာခဲ့သည်ကို မဟာဝန်ရှင် တော်မင်းကြီးအုပ်ချုပ်ရေး သမိုင်းသုတေသနမှတ်တမ်းတွင် တွေ့ရသည်။ ထိုသို့ ပတ္တမြားမြေစီရင်စု ဖြစ်လာ အောင် ဆောင်ရွက်သူမှာ ဗြိတိသျှစစ်တပ်အရာရှိ ဆာချားလ်စ်ဘားနဒ် ဖြစ်ပါသည်။ မိုးကုတ်မြို့ ပတ္တမြားမြေ သမိုင်းတွင် ဆာချားလ်စ်ဘားနဒ် ဦးဆောင်သော ဗြိတိသျှစစ်တပ်သည် ၁၈၈၆ခု မတ်လတွင် မိုးကုတ်ပတ္တမြားမြေ သို့ ချီတက်လာကြောင်း၊ မိုးကုတ်ပတ္တမြားမြေသို့ ပြောင်ခေါင်းအရပ်ဘက်ကလှည့်၍ ဝင်ရောက်ရန် ပြင်ဆင်ခဲ့သ ဖြင့် ပြောင်ခေါင်းအရပ်သည်ပင် နောင်အခါ ဘားနဒ်မြို့ဟု ဂုဏ်ပြုခေါ်ဆိုခြင်း ခံရကြောင်းကို ဖော်ပြထားပါသည်။
ထို့အပြင် ဗြိတိသျှအစိုးရသည် ၁၈၈၆ခုနှစ်၊ သြဂုတ်လနှင့် စက်တင်ဘာလတွင် ခရိုင်(District)အဆင့် အုပ်ချုပ်ရေးနယ်များကို ဆက်လက်ဖွဲ့စည်းခဲ့ရာ မိုးကုတ်ပတ္တမြားမြေသည် မြောက်ပိုင်းခရိုင်တွင် ပါဝင်ခဲ့ပြီး မန္တလေးတွင် ရုံးစိုက်သည့် ခရိုင်ဝန်ရှင်တော်မင်းကြီး ဘားဂျက်(George Douglas Burgess)၏ အုပ်ချုပ်မှု လက်အောက်တွင် ရောက်ရှိခဲ့သည်ကို မဟာဝန်ရှင် တော်မင်းကြီးအုပ်ချုပ်ရေး သမိုင်းသုတေသနမှတ်တမ်းတွင် တွေ့ရှိရပါသည်။ ဗြိတိသျှအစိုးရသည် မိုးကုတ်ပတ္တမြားမြေကို မြောက်ပိုင်းခရိုင်လက်အောက်ခံ စီရင်စုနယ် အဖြစ် ဖွဲ့စည်းရာတွင် လွယ်လွယ်ကူကူ ဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိခဲ့ပါချေ။ အဘယ့်ကြောင့်ဆိုသော် ဗိုလ်သာစီနှင့် ဗိုလ်ရွက်တို့ ဦးဆောင်သည့် မိုးကုတ်နယ်ခံ တော်လှန်ရေးအင်အားစုများ၏ ခုခံတိုက်ခိုက်မှုများကို ရင်ဆိုင်ခဲ့ရ ကြောင်း မိုးကုတ်မြို့ ပတ္တမြား မြေသမိုင်းတွင် တွေ့ရှိရသောကြောင့် ဖြစ်ပါသည်။ ဤကဲ့သို့သော ခုခံတိုက်ခိုက်မှု များကို ချေမှုန်းရန် ဂျင်နရယ် စတီးဝပ်ခေါင်းဆောင်သည့် ဗြိတိသျှစစ်တပ် ရောက်ရှိလာပြီးမှသာ မိုးကုတ် ပတ္တမြားမြေတွင် ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးအာဏာသည် စတင်သက်ရောက်လာပြီး အရေးပိုင်အဆင့် ရုံးစိုက်ရာဒေသ ဖြစ်လာခဲ့သည်ကိုပါ တွေ့ရှိရပေသည်။ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးစနစ်အရ မိုးကုတ်ပတ္တ မြားမြေကို ပထမဦးစွာ အုပ်ချုပ်သည့် အရေးပိုင်မှာ မစ္စတာကာတာ( G.M.S. Carter)ဖြစ်ပါသည်။
ဗြိတိသျှအစိုးရသည် စီရင်စုနယ်မြေများ၊ ခရိုင်နယ်မြေများ ဖွဲ့စည်းရာတွင် ဒေသ၏ နောက်ခံသမိုင်း၊ ပထဝီဝင်အနေအထား၊ စီးပွားရေးနှင့် နယ်မြေတည်ငြိမ်မှု ရှိမရှိကို အခြေခံ၍ ဖွဲ့စည်းခဲ့သည်ဟု ဆိုပါသည်။ သို့သော် မိုးကုတ်ပတ္တမြားကို မူလပိုင်ရှင်ဖြစ်သည့် မိုးမိတ်သျှမ်းပြည်၏ လက်အောက်သို့ ပြန်မထားဘဲ မန္တလေးခရိုင် လက်အောက်ခံအဖြစ် ထားရှိသည်ကို ကြည့်ရလျှင် ဗမာမင်းတို့၏ အုပ်ချုပ်ပုံအတိုင်းသာ အခြေခံ၍ ဖွဲ့စည်း ခဲ့သည်ဟု သုံးသပ်ရပေသည်။ ထို့အပြင် GAZETTEER OF UPPER BURMA AND THE SHAN STATE PART II, VOL IIနှင့် မိုးမိတ်ရာဇဝင်တော်သစ်အရ မိုးမိတ်သျှမ်းပြည်သည် မိုးမိတ်စော်ဘွားအရာလုသည့် မိုးလှိုင်းမြို့စား စဝ်ခမ်းလှိုင်၏ ပြဿနာများနှင့် ဗြိတိသျှအစိုးရကို တော်လှန်နေသူများဖြစ်သည့် ထိပ်တင်စောရန်နိုင်၊ ထိပ်တင် စောရန်ပိုင်မင်းသားများ၏ ခိုလှုံရာနယ်မြေဖြစ်ခဲ့သဖြင့် ဗြိတိသျှအစိုးရသည် မိုးကုတ်ပတ္တမြားမြေကို မိုးမိတ် သျှမ်းပြည်ထံ ပြန်မလွှဲအပ်သည့် အကြောင်းတစ်ရပ်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်နိုင်ပါသေးသည်။ ဤကဲ့သို့ သော ဖြစ်စဉ်များသည် နောင်အခါတွင် ရှမ်းပြည်နှင့် ဗမာပြည်တို့၏ မိုးကုတ်ပတ္တမြားမြေနှင့် စပ်လျဥ်း၍ ပိုင်ဆိုင် မှုဆိုင်ရာ အငြင်းပွားစရာများ ဖြစ်လာစေမည့် အခြေခံအကြောင်းတစ်ရပ် ဖြစ်စေခဲ့သည်ဟူ၍ပါ သုံးသပ်နိုင်ပေ သည်။
၁၈၈၈ခုနှစ်၊ မတ်လ(၂၉)ရက်တွင် ဗြိတိသျှအစိုးရသည် မိုးကုတ်ပတ္တမြားမြေကို အထက်မြန်မာပြည်၏ မြောက်ပိုင်းခရိုင်မှ ခွဲထုတ်၍ သီးခြားခရိုင်တစ်ခုအဖြစ် သတ်မှတ်ကာ Ruby Mines Districtအမည်ဖြင့် သတ်မှတ် ပေးခဲ့သည်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဘဏ္ဍာရေးကဏ္ဍများကို ကောင်းစွာလည်ပတ်နိုင်ရန်အတွက် မိုးကုတ် မြို့တွင် အရေးပိုင်ရုံး၊ နယ်ပိုင်ဝန်ထောက်ရုံး၊ ငွေတိုက်ဝန်ထောက်ရုံးတို့အပြင် မြို့အုပ်ရုံး(၂)ရုံးတို့ကို တည်ထောင် ၍ အုပ်ချုပ်ခဲ့သည်ကို မိုးကုတ်မြို့ ပတ္တမြား မြေသမိုင်းတွင် တွေ့ရသည်။ ထို့အပြင် ၁၈၉၃ခုတွင် ဗြိတိသျှအစိုးရ သည် မိုးကုတ်ပတ္တမြားမြေ(Ruby Mines District)ရှိ ဒေသခံများကိုလည်း အုပ်ချုပ်ရေးကဏ္ဍတွင် ထည့်သွင်း၍ မြို့သူကြီးအဆင့်များပေးအပ်ကာ ခန့်ထားသည်ကို တွေ့ရှိရပါသည်။ ဤသို့ဆောင်ရွက်သည်မှာ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးစနစ်တွင် ဒေသခံများအပေါ် စည်းရုံးရေးသဘောဆောင်ရန်၊ အောက်ခြေတွင် ဒေသခံချင်း အုပ်ချုပ် စေခြင်းဖြင့် ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးစနစ်အပေါ် အမြင်မကြည်မှုများကို လျှော့ချနိုင်ရန် ရည်ရွယ်သည်ဟု သုံးသပ်ရပါသည်။
ဤအပိုင်းကို ခြုံငုံသုံးသပ်ရလျှင် မိုးကုတ်ပတ္တမြားမြေသည် ဗြိတိသျှတို့ အထက်မြန်မာပြည်ကို တရားဝင် သိမ်းပိုက်သည့် ၁၈၈၆ခုနှစ်အစပိုင်းအထိ အစိုးရ၏ အုပ်ချုပ်ရေးအာဏာ မသက်ရောက်ဘဲ ဒေသမတည်မငြိမ် ဖြစ်နေသည်။ ၁၈၈၆ခု၊ မတ်လမှသာ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးအာဏာ စတင်သက်ရောက်လာပြီး မိုးကုတ် ပတ္တမြားမြေကို စီရင်စုနယ်မြေအဆင့်သတ်မှတ်ကာ မန္တလေးတွင် ရုံးစိုက်သည့် မြောက်ပိုင်းခရိုင်လက်အောက်သို့ ထည့်သွင်းခဲ့သည်။ မိုးလှိုင်းမြို့စားစဝ်ခမ်းလှိုင်၏ မိုးမိတ်စော်ဘွားအရာကို လုယူရန်ကြံစည်ရင်း ဗြိတိသျှအစိုးရ ကို တော်လှန်တိုက်ခိုက်နေသည့် ထိပ်တင် စောရန်ပိုင်၊ ထိပ်တင်စောရန်နိုင်မင်းသားတို့နှင့် ပူးပေါင်းသွားခဲ့သည့် ပြဿနာများသည် မိုးကုတ်ပတ္တမြားမြေပေါ်လည်း ရိုက်ခတ်ခဲ့သည်။ ဗြိတိသျှအစိုးရသည် ၁၈၈၈ခုနှစ် ရောက်မှ သာ တည်ငြိမ်အောင် ထိန်းသိမ်းအုပ်ချုပ်နိုင်ပြီဟု ယူဆသဖြင့် မိုးကုတ်ပတ္တမြားမြေကို မြောက်ပိုင်းခရိုင်မှ ခွဲထုတ် ပြီး Ruby Mines Districtအမည်ဖြစ် သီးခြားခရိုင်အဖြစ် ဖွဲ့စည်းခဲ့သည်။ ၁၈၉၃နှစ်တွင် ဗြိတိသျှအစိုးရသည် မိုးကုတ်ပတ္တမြားမြေ(Ruby Mines District)ကို အုပ်ချုပ်ရလွယ်ကူစေရန်နှင့် သြဇာကြီးမားသည့် ဒေသခံလူကြီး များကို စည်းရုံးနိုင်ရန်အတွက် မြို့သူကြီးအဆင့် အုပ်ချုပ်ရေးဝန်ထမ်းများကို ဒေသခံများအား ခန့်အပ်ကာ အုပ်ချုပ်စေခဲ့သည်ဟု သုံးသပ်နိုင်ပေသည်။ လာမည့်နိဂုံးပိုင်းတွင်မူ မိုးကုတ်ပတ္တမြားမြေနှင့် ပတ်သက်၍ ဗြိတိသျှ အစိုးရ၏ အုပ်ချုပ်ရေး၊ ဥပဒေတို့အပြင် ဂျပန်ခေတ်ကာလနှင့် လွတ်လပ်ရေးကာလတွင် မိုးကုတ်ပတ္တမြားမြေကို ဗမာပြည်အတွင်း ထည့်သွင်းခဲ့သည့် အခြေအနေတို့ကို တင်ပြပေးသွားပါမည်။
ကျမ်းကိုး-
– ၁။ခေမိန္ဒ၊ ဦး(အဂ္ဂမဟာပဏ္ဍိတ)။ မိုးမိတ်ရာဇဝင်တော်သစ်။ ၁၉၄၈။ ပဒေသရာဇ်ပုံနှိပ်တိုက် ။ တောင်ကြီးမြို့။
– ၂။ဆန်းလွင်(ဘီအေ)။ မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်း။ ၁၉၅၀။ လူထုအလင်းစာအုပ်ဆိုင်။ မိုးကုတ်မြို့။
– ၃။ မကြန်။ မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေး(၁၈၈၆-၉၇)။ ၂၀၀၃။ မြန်မာ့ရတနာစာပေ။ ရန်ကုန်မြို့။
– 4. NOTES AND STATISTICS IN FOUR PARTS, PART III.- Upper Burma, PRINTED BY THE SUPERINTENDENT , GOVERNMENT PRINTING, BURMA, 1893.
– 5. Scott. J. George, GAZETTEER OF UPPER BURMA AND THE SHAN STATE PART II, VOL II, Superintendent, Government Printing Press,RANGOON, 1901.