ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယခင်လက ကုန်းဘောင်ခေတ်၊ ဘိုးတော်ဘုရားလက်ထက် မိုးကုတ်ပတ္တမြားမြေ၏ အခြေအနေ နှင့် မူလပိုင်ရှင်ဖြစ်သည့် မိုးမိတ်သျှမ်းပြည်၏ အုပ်ချုပ်မှုအခြေအနေတို့ကို သုံးသပ်ဖော်ပြခဲ့ပါသည်။ ယခုတစ်ပတ်တွင်လည်း ဘိုးတော်ဘုရားလက်ထက်နှင့် ကုန်းဘောင်ခေတ်နှောင်းကာလ မင်းတုန်းမင်းနှင့် သီပေါမင်းတို့လက်ထက် မိုးကုတ်ပတ္တမြားမြေ၏ အခြေအနေတို့ကို ဆက်လက်သုံးသပ်၍ ဖော်ပြသွားပါမည်။
မိုးကုတ်ပတ္တမြားမြေသည် ဘိုးတော်ဘုရား၏ အမိန့်အရ မြန်မာမင်းပိုင်ဆိုင်သည့် ရတနာမြေ ပြန်ဖြစ်လာခဲ့ပြီး မူလပိုင်ရှင်ဖြစ်သည့် မိုးမိတ်သျှမ်းပြည်ကမူ ညောင်ရမ်းခေတ်က လဲလှယ်ချက်အတိုင်း တကောင်းမြို့ကိုသာ ပြန်လည်ရရှိခဲ့သည်။ ထိုသို့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ပြဿနာများ ဖြစ်ပွားပြီးနောက် မိုးကုတ်ပတ္တမြားမြေတွင် သုံးနှစ်တိုင်တိုင် ကပ်ရောဂါနှင့် အစာရေစာရှားပါးမှုများပါ ကျရောက်လာခဲ့ရာ မိုးကုတ်နယ်သားများမှာ နီးစပ်ရာ ကျောက်မဲ၊ သီပေါ၊ လားရှိုးနယ်များသို့ ပြောင်းရွှေ့သွားခဲ့ကြသည်ဟု မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ထို့အပြင် ဤကဲ့သို့ ပြောင်းရွှေ့သွားကြသဖြင့် မိုးကုတ်ပတ္တမြားမြေတွင် လူနေအိမ်ခြေများ နည်းပါးသွားရာ ဘိုးတော်ဘုရား သည် ကသည်းလူမျိုး အိမ်ထောင်စုံ (၄၅) အိမ်ထောင်ကို မိုးကုတ်ပတ္တမြားမြေသို့ ပို့၍ နေထိုင်စေသည်ဟု ဆက်လက်ဖော်ပြထားသည်ကို လည်းတွေ့ရသည်။
ဘိုးတော်ဘုရားသည် အေဒီ ၁၇၈၂ ခုတွင် နန်းတက်ပြီး မိုးကုတ်ပတ္တမြားမြေကို မိုးမိတ်သျှမ်းပြည်ထံက ပြန်လည်သိမ်းယူခဲ့သည်မှာ အေဒီ ၁၇၈၃ ခုတွင် ဖြစ်ပါသည်။ ထိုခုနှစ်နောက်ပိုင်းတွင်မှ မိုးကုတ် ပတ္တမြားမြေ၌ ကပ်ရောဂါနှင့် အစာရေစာရှားပါးမှုများပါ ကျရောက်ခြင်းဖြစ်သည်။ မိုးကုတ်ပတ္တမြားမြေကို ပိုင်ဆိုင်လိုသဖြင့် မိုးမိတ်သျှမ်းပြည်ဆီကပင် ပြန်လည်သိမ်းယူခဲ့သော ဘိုးတော်ဘုရားသည် မိုးကုတ် ပတ္တမြားမြေ၌ ကပ်ရောဂါနှင့် အစာရေစာရှားပါးမှုများ ကျရောက်ရာတွင် အဘယ့်ကြောင့် အရေးတယူပြု၍ ချက်ချင်းမဆောင်ရွက်နိုင်ရပါသနည်း။ ရတနာမြေတွင် ထိုပြဿနာများ ဖြစ်နေသည်ကို ဂရုတစိုက် မစီမံနိုင်လောက်အောင် ဘိုးတော်ဘုရားတွင် အခြားအရေးပါသည့် ကိစ္စများ ရှိနေပါသလော။
ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး၊ ဒုတိယတွဲပါ ဖော်ပြချက်များအရ ဤမေးခွန်းကို ဖြေ ဆိုရန် အချက် (၅) ချက်ရှိပါသည်။ ၄င်းတို့မှာ- (၁) အေဒီ ၁၇၈၄ ခုတွင် ဘိုးတော်ဘုရားသည် ရခိုင်ပြည်ကို တိုက်ခိုက်သိမ်းယူခြင်း၊ (၂) အေဒီ၁၇၈၅ခုမှ အေဒီ ၁၇၉၈ ခုအထိ ဘိုးတော်ဘုရားသည် ယိုးဒယားသို့ ချီတက်တိုက်ခိုက်နေရခြင်း၊ (၃) အေဒီ ၁၇၉၁ ခုမှ အေဒီ ၁၇၉၇ ခုအထိ ဘိုးတော်ဘုရားသည် မင်းကွန်း ပုထိုးတော်ကြီးကို တည်ဆောက်နေရခြင်း၊ (၄) ၁၇၉၆ ခုတွင် ဘိုးတော်ဘုရားသည် မိတ္ထီလာကန်ကို ဆည်ဖို့ပြင်ဆင်နေရခြင်း၊ (၅) ၁၈၁၄ ခုတွင် ဘိုးတော်ဘုရားသည် မဏိပူရ် (ကသည်း) ပြည်ကို ချီတက် တိုက်ခိုက်ရခြင်းတို့ပင် ဖြစ်ပါသည်။ ဤအချက် (၅) ချက်ကြောင့် မိုးကုတ်ပတ္တမြားမြေတွင် ဖြစ်ပေါ်နေ သည့် ကပ်ရောဂါနှင့် အစာရေစာရှားပါးမှုများကြောင့် ဒေသခံများစွာ၏ နီးစပ်ရာဒေသများသို့ ရှောင်တိမ်းသွားကြသည့်အပေါ် ဘိုးတော်ဘုရားက အရေးတယူပြုကာ မစီမံနိုင်ခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ရပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘိုးတော်ဘုရားသည် အေဒီ ၁၈၁၄ ခုတွင် မဏိပူရ် (ကသည်း) ပြည်ကို သိမ်းယူပြီးနောက် ဖမ်းယူလာခဲ့သည့် သုံ့ပန်းများထဲမှ အိမ်ထောင်စုံ (၄၅) အိမ်ထောင်ကို မိုးကုတ် ပတ္တမြားမြေသို့ပို့၍ ပြန်လည်စည်ကားလာအောင် ကြိုးပမ်းသောကြောင့် ဖြစ်ပါသည်။ ဤသို့ ဖြစ်လျှင် မိုးကုတ်ပတ္တမြားမြေသည် ဘိုးတော်ဘုရားလက်အောက်တွင် (၃၁) နှစ်တိုင် နေထိုင်သူနည်းပါးလျက် ရှိနေခဲ့သည်ဟူ၍ပါ သုံးသပ်နိုင်ပေသည်။
ဘိုးတော်ဘုရားသည် အေဒီ ၁၈၁၄ ခုနှစ် နောက်ပိုင်းတွင် မိုးကုတ်ပတ္တမြားမြေ ပြန်လည်စည်ကား သာယာလာစေရန်အတွက် ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်တောင်ပိုင်းဒေသများမှ ဒေသခံများ အထူးသဖြင့် ပင်းတယ၊ ပွေးလှစသည့် ဒေသခံများက မိုးကုတ်ပတ္တမြားမြေသို့ လာရောက်အခြေချ နေထိုင်ခဲ့ကြသည်ဟု မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်းတွင် ဖော်ပြထားပါသည်။ မိုးကုတ်ပတ္တမြားမြေတွင် လူဦးရေ တိုးပွား စည်ပင်လာသော်လည်း ပတ္တမြားရရှိမှုနှုန်းမှာ နည်းနေသဖြင့် ဘိုးတော်ဘုရားသည် ပတ္တမြားမြေကို အုပ်ချုပ်သည့် စို့သူကြီးများ၏ လုပ်ငန်းတာဝန်များကို ကြပ်မတ်စစ်ဆေးရန်တွက် ခေါင်းဟုခေါ်သော အရာခံ များကို စတင်ခန့်ထားခဲ့သည်ကိုလည်း မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်းတွင် ဆက်လက်ဖော်ပြထားသည် ကို တွေ့ရှိရပါသည်။ ညောင်ရမ်းခေတ်တွင် စို့သူကြီးများ ခန့်ထားခြင်းဖြင့် ဗမာမင်းအုပ်ချုပ်မှုကို ခိုင်ခံ့ အောင် စီမံခဲ့ရာမှ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်တွင် စို့သူကြီးများအထက်တွင် ခေါင်းအရာခံများကို ခန့်ထားခြင်းဖြင့် ပတ္တမြားတူးဖော်ရောင်းချမှုကို နိုင်နင်းစွာထိန်းချုပ်ရန်ပါ ကြိုးစားလာခဲ့သည်ဟု သုံးသပ်ရပေသည်။
ဤသို့ဖြင့် ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက်တွင် မိုးကုတ်ပတ္တမြားမြေ၌ ပတ္တမြားကျောက်များ ထွက်နှုန်းတိုးတက်လာရာ မန္တလေးနေပြည်တော်တွင် ကျောက်ရုံတော်များ ဆောက်လုပ်၍ ရာပြတ်များထားကာ စီမံခန့်ခွဲရောင်းချသည်အထိ ဖြစ်ခဲ့ကြောင်း၊ ရာပြတ်များမှာ ပသီ (ဖာရသီ>ပသီ= မွတ်စလင် အစ္စလမ်ဘာသာဝင်) လူမျိုးများဖြစ်သည့် ကျောက်သူဌေး ဦးအောင်ဘ၊ မနုလာဘာဘူ၊ သင်္ဘောသူကြီး ဦးရီဆွတ် တို့ဖြစ်ကြောင်းကို မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်းတွင် ဖော်ပြထားပါသည်။
ထို့အပြင် မင်းတုန်းမင်းလက်ထက် မိုးကုတ်ပတ္တမြားမြေ၌ အခွန်ကောက်ခံရာတွင် –
၁။ ခေါင်းဟုခေါ်သည့် ငွေတစ်ပိဿာတန်ဖိုးရှိသော ကျောက်နီတစ်ပွင့်
၂။ ပုံဟုခေါ်သည့် ငွေ ၁၅ ကျပ်တန်သော ကျောက်နီတစ်ပွင့်
၃။ တစ်ပွင့်လျှင် ငွေ ၁ ကျပ်တန်သော ကျောက်အလုံးရေ (၁၅၀)
၄။ ဂေါ်မိတ် ဥဿဖယား၊ နီလာ စသည့်ကျောက်များ ပါဝင်သော စုံစီကျောက်ထုပ်တစ်ထုပ်
စသည်တို့ကို မိုးကုတ်ပတ္တမြားမြေကို အုပ်ချုပ်ကြသည့် စို့သူကြီးတို့က ဆက်သကြရကြောင်းကိုလည်း ဆက်လက်ဖော်ပြထားသည်ကို တွေ့ရပါသည်။
မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်းအရ မင်းတုန်းမင်းလက်ထက်တွင် ကုလားကုန်သည် (၂) ဦးက မိုးကုတ်ပတ္တမြားမြေမှ ထွက်ရှိသည့် ပတ္တမြားများကို ဝယ်ယူခွင့် ရရှိစေရန် တန်ဖိုးငွေ ပိဿာ (၂၀၀) ဖြင့် လေလံဆွဲ၍ အောင်မြင်ခဲ့သည်ကိုလည်း တွေ့ရသည်။ ထို့အပြင် ထိုကုလားကုန်သည် (၂) ဦး ရရှိသည့် လေလံကို ပြန်လည်ရရှိစေရန်အတွက် မိုးကုတ်စို့သူကြီး ဦးဗြင်း၊ ကသည်းစို့သူကြီး ဦးသာဒွန်းနှင့် ကျပ်ပြင် စို့သူကြီး ဦးချိန်တို့က တန်ဖိုးငွေ ပိဿာ (၃၀၀) ဖြင့် ပြန်လည်ကြိုးစားရယူခဲ့ကြသည်ကိုလည်း ဖော်ပြထားသည်။ စို့သူကြီးတို့က တန်ဖိုးငွေ ပိဿာ (၃၀၀) ကို လေလံပေးဆောင်သဖြင့် ဆက်သမြဲ ဖြစ်သည့် ကျောက်အမျိုးအစားများကို ကင်းလွတ်ခွင့် ပြုပါရန် လျှောက်တင်ကြသည့်အခါ မင်းတုန်းမင်းက ခွင့်ပြုခဲ့ကြောင်းကိုလည်း ဖော်ပြထားသည်ကို တွေ့ရပါသည်။ သို့တည်းသာမက ကသည်း စို့သူကြီးဦးသာဒွန်းသည် မိုးကုတ်ပတ္တမြားမြေရှိ စို့သူကြီးနယ် (၃) နယ်စလုံးကို အုပ်ချုပ်သူ (သုံးစို့ကော်) အဖြစ် ခန့်ထားနိုင်ရန်အတွက် တန်ဖိုးငွေ ပိဿာ (၆၀၀) ကို မင်းတုန်းမင်းထံ ဆက်သရာ ခွင့်ပြုခဲ့ကြောင်း၊ သို့သော်လည်း အုပ်ချုပ်သူ( သုံးစို့ကော်) ဖြစ်လာသော ဦးသာဒွန်းသည် မိုးကုတ်ပတ္တမြားမြေတွင် နေထိုင် ကြသည့် လူထုအပေါ် အခွန်များတိုးမြှင့် ကောက်ခံရာ မခံနိုင်တော့သဖြင့် မိုးကုတ်ပတ္တမြားမြေမှ ထွက်ခွာသွားခဲ့ကြကြောင်း၊ သို့ဖြစ်၍ မင်းတုန်းမင်းသည် မိုးကုတ်ပတ္တမြားမြေတွင် မူလအုပ်ချုပ်ရေး စနစ်အတိုင်း စို့သူကြီး (၃) ဦးကို ပြန်လည်ခန့်ထားခဲ့ရကြောင်းကိုလည်း တွေ့ရှိရပေသည်။
ဤဖော်ပြချက်များကို ကြည့်ရလျှင် မင်းတုန်းမင်းလက်ထက်တွင် မိုးကုတ်ပတ္တမြားမြေသည် ပတ္တမြားတူးဖော်ခြင်း၊ ရောင်းချခြင်းဆိုင်ရာ လုပ်ငန်းများနှင့် များစွာစည်ကားလာသည်၊ ထိုသို့ စည်ကားစွာ တူးဖော်ရောင်းချနိုင်ခြင်းကြောင့်ပင် မန္တလေးနေပြည်တော်တွင် ကျောက်ရုံတော်များဆောက်၍ နိုင်ငံ၏ ဘဏ္ဍာအတွက်ပါ စီမံရောင်းချနိုင်ခဲ့သည်ဟု သုံးသပ်နိုင်ပါသည်။ ထိုသို့နိုင်ငံ့ဘဏ္ဍာအတွက် စီမံ ရောင်းချရာတွင် ပြည်ပနိုင်ငံများနှင့် ဆက်စပ်သော ပသီကုလားလူမျိုးများက ရာပြတ်ပုဂ္ဂိုလ်များအဖြစ် တာဝန်ယူနိုင်ခဲ့ကြသည်ဟု ဆက်လက်သုံးသပ်နိုင်ပါသည်။ ဤတွင် ပသီကုလားလူမျိုးများက ရာပြတ်များအဖြစ် တာဝန်ယူနိုင်ခဲ့ရာ ထိုအဆက်အစပ်ဖြင့် ပြည်ပကလာသည့် ကုလားလူမျိုး ရတနာကုန်သည် ကြီးတို့မှာ မိုးကုတ် ပတ္တမြားမြေက ထွက်ရှိသည့်ပတ္တမြားကျောက်များကို တစ်ဦးတစ်ဖွဲ့တည်း ဝယ်ယူ ခွင့် ရရှိစေရန် လေလံဆွဲခဲ့ကြကြောင်းကိုလည်း ဆက်စပ်သုံးသပ်နိုင်ပေသည်။ ထို့အပြင် မင်းတုန်းမင်းသည် အခွန်ဘဏ္ဍာရရှိမှုကိုသာ ရှေးရှုပြီး မိုးကုတ်ပတ္တမြားမြေ၏ အစဉ်အလာအုပ်ချုပ်ရေးကို ဖျက်သိမ်းကာ သုံးစို့ကော်အုပ်ချုပ်ရေးကို စတင်ဖော်ဆောင်ခဲ့ကြောင်းနှင့် သတ်မှတ်အခွန်ဘဏ္ဍာမရမှသာ ပြန်လည်ဖျက်သိမ်းခဲ့သည်ဟူ၍လည်း သုံးသပ်နိုင်ပေသည်။ ဤသည်တို့ကိုကြည့်လျှင် မင်းတုန်းမင်းလက်ထက်တွင် အထက်ဗမာပြည်သာ ဗမာမင်းအုပ်ချုပ်ရေးနယ်မြေအဖြစ် ကျန်ခဲ့သည်ဖြစ်ရာ နိုင်ငံအတွက် လိုအပ်သည့်အခွန်ဘဏ္ဍာအတွက် မိုးကုတ်ပတ္တမြားမြေသည်လည်း အလွန်ရေးပါခဲ့ပေမည်။ ထို့ကြောင့် အခွန်ကောက်ခံမှု အဆင်ပြေရန်သာ ရှေ့ရှု၍ မိုးကုတ်ပတ္တမြားမြေ၏ အုပ်ချုပ်ရေးစနစ်ကို ပင် ပြောင်းလဲရန် ကြိုးစားခဲ့သည်ဟု သုံးသပ်ရပေသည်။
သီပေါမင်းလက်ထက်သို့ရောက်သည့်အခါ နိုင်ငံအတွက် လိုအပ်သည့် အခွန်ဘဏ္ဍာငွေမှာ ပို၍ ကြီးမားခဲ့ဟန်တူပါသည်။ အဘယ့်ကြောင့်ဆိုသော် မိုးကုတ်စို့သူကြီးတို့သည် အခွန်ငွေတစ်သိန်းမှ နှစ်သိန်းလေးသောင်းအထိ တိုးမြှင့်ကောက်ခံခဲ့ကြသောကြောင့် ဖြစ်ပါသည်။ ထိုသို့သော ကောက်ခံသည့် အခွန်အခများအရ မိုးကုတ်ပတ္တမြားမြေ၏ ကျောက်တူးဖော်ရေးလုပ်ငန်းများသည် ပို၍တိုးတက်စည်ပင်နေမည်ဟု သုံးသပ်ရပေသည်။ မိုးကုတ်ပတ္တမြားမြေမှ ထွက်ရှိသည့် ပတ္တမြားကျောက်များကို ဥရောပသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် ပြင်သစ်နိုင်ငံနှင့် တွဲဖက်ဆောင်ရွက်ရန် ပြင်ဆင်မှုများ ရှိလာခဲ့ပေသည်။ သို့သော် ထိုပြင်ဆင်ချက်များသည် အကောင်အထည် မပေါ်ခဲ့သကဲ့သို့ ခရစ်နှစ်၁၈၈၅ ခုတွင် အင်္ဂလိပ်နှင့် တတိယစစ်ဖြစ်ပွားခဲ့ရသောအခါ အထက်ဗမာပြည်ပါ အင်္ဂလိပ်လက်အောက်သို့ ကျရောက်သွားခဲ့ပြီး မိုးကုတ်ပတ္တမြားမြေ၏ အုပ်ချုပ်ရေးစနစ်သည်လည်း အင်္ဂလိပ်အစိုးရလက်ထက်တွင် အသစ်ပြောင်းလဲ လာခဲ့ရပေသည်။ ဤသို့ ပြောင်းလဲလာရသည့် အင်္ဂလိပ်ခေတ် မိုးကုတ်ပတ္တမြားမြေ၏ အုပ်ချုပ်ရေးစနစ် သစ်ကို ရှေ့လာမည့်အခန်းတွင် ဆက်လက်တင်ပြသွားပါမည်။
ကျမ်းကိုး
– ၁။ဆန်းလွင်(ဘီအေ)။ မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်း။ ၁၉၅၀။ လူထုအလင်းစာအုပ်ဆိုင်။ မိုးကုတ်မြို့။
– ၂။မောင်မောင်တင်၊ ဦး(၁)။ ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး(ဒုတိယတွဲ)။ ၂၀၀၄။ တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန။ ရန်ကုန်မြို့။
တွဲဖက်လေ့လာသည့်စာအုပ်-
– 1. Scott. J. George, GAZETTEER OF UPPER BURMA AND THE SHAN STATE PART I, VOL I,
Superintendent, Government Printing Press, 1900.