ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုးကုတ်ပတ္တမြားမြေဆိုင်ရာ ပိုင်ဆိုင်မှုပြဿနာများ(အပိုင်း-၂)

မိုးကုတ်ပတ္တမြားမြေဆိုင်ရာ ပိုင်ဆိုင်မှုပြဿနာများ(အပိုင်း-၂)

Hsan Loi Editor
07/08/2023
Share:

 

မိုးကုတ်ပတ္တမြားမြေ၏ မူလပိုင်ရှင်သည် မိုးမိတ်သျှမ်းပြည်ဖြစ်ပုံ၊ မိုးမိတ်-အုန်းဘောင်(သီပေါ) နှစ်ပြည်ထောင် ပူးတွဲအုပ်ချုပ်ချိန်တွင် မိုးမိတ်-အုန်းဘောင်(သီပေါ)သျှမ်းပြည်၏ ပတ္တမြားတွင်းနယ်မြေ ဖြစ်ခဲ့ပုံတို့ကို ယခင်အပိုင်း(၁)တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုအပိုင်း(၂)တွင်မူ မိုးကုတ်ပတ္တမြား မြေကို ဦးစွာပထမ တရားဝင်ပိုင်ဆိုင်ခဲ့သော မိုးမိတ်သျှမ်းပြည်သည် စစ်ရေး၊ နိုင်ငံရေး အကြပ်အတည်း ကာလရောက်တိုင်း မိုးကုတ်ပတ္တမြားမြေကို မကြာခဏဆုံးရှုံးရသည့် ပြဿနာများကို ဆက်လက်ဖော်ပြ သွားမည်ဖြစ်ပါသည်။

 

မိုးမိတ်မင်းဆေငံဖ(သိုငံဘွား)သည် AD1414ခုတွင် မိုးမိတ်သျှမ်းပြည်တွင် နန်းတက်သည်။ ထိုမင်းသည် ၄င်း၏ပိုင်နက်ဖြစ်သော မိုးကုတ်နယ်၊ ကျပ်ပြင်တွင် ပတ္တမြားရတနာများ ထွက်ရှိကြောင်း ကို သိရသဖြင့် စတင်တူးဖော်စေခဲ့သည်။ ပတ္တမြားတွင်းများကို ပိုင်ဆိုင်ရသဖြင့် ခွန်စဝ်မော်ဆိုင် (ပတ္တမြားတွင်းသခင်)ဟူသောဘွဲ့ကို ခံယူကြောင်း မိုးမိတ်ရာဇဝင်သစ်မှတ်တမ်းတွင် ဖော်ပြထားသည်။ မိုးမိတ်ရာဇဝင်တော်သစ်ကျမ်းက ထိုမင်းလက်ထက်တွင် မိုးကုတ်နယ်မြေကို အင်းဝပြည်၏ ပိုင်နက်ပါ နယ်မြေများနှင့် အလဲအထပ်ပြုကြောင်းကို ဖော်ပြမထားချေ။ သို့သော် မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်း စာအုပ်တွင်မူ အင်းဝမင်း မင်းခေါင်သည် အမတ်ဖြစ်သူ ပညာဗလ၏ အကူအညီဖြင့် မိုးကုတ်နယ်ကို မိုးမိတ်လက်အောက်မှ ရယူပိုင်ဆိုင်လိုကြောင်း၊ ထို့ကြောင့် ပညာဗလအမတ်သည် မိုးမိတ်မြို့သို့သွား၍ မိုးမိတ်မင်းထံတွင် သုံးနှစ်တိတိခစားကြောင်း၊ ထို့နောက် မိုးမိတ်မင်းအပိုင် မိုးကုတ်နယ်နှင့် အင်းဝမင်း အပိုင်ဖြစ်သော မြစ်ရိုးမြစ်စဉ်ရွာပေါင်း(၁၂)ရွာကို လှဲလှယ်ရန် ညှိနှိုင်းပေးသဖြင့် လဲလှယ်ခဲ့ကြောင်း၊ ထိုအချိန်ကစ၍ အင်းဝမင်းသည် မိုးကုတ်ကို ပိုင်ဆိုင်ရပြီး မိုးမိတ်မင်းသည် (၁)သပိတ်ကျင်း၊ (၂)စမ္ပာယ်နဂိုရ်၊(၃)တွင်းငယ်၊ (၄)ဆူးပုတ်၊ (၅)သက်ငယ်ကျင်း၊ (၆)ကြာညှပ်၊ (၇)ပုတီးဖြူ၊ (၈)တကောင်း၊ (၉)ပုလွေရှည်၊ (၁၀)ရှော်ပင်၊ (၁၁)ကျောက်ထုံးကြီး၊ (၁၂)ရွှေဂူ စသောမြစ်စဉ်ရွာပေါင်း(၁၂)ရွာကို ပိုင်ဆိုင် ရကြောင်းကို ဖော်ပြထားသည်။ ထိုသို့ အလဲအထပ်ပြုသော နှစ်ကိုလည်း သက္ကရာဇ်(၇၇၇> AD1415)ခု၊ တော်သလင်းလပြည့်ကျော်(၁၂)ရက် ဖြစ်သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

 

အထက်ပါမှတ်တမ်း(၂)ခုကို တိုက်ဆိုင်စစ်ဆေးကြည့်ရာတွင် မိုးမိတ်ရာဇဝင်တော်သစ်၌ မိုးမိတ် မင်းဆေငံဖ(သိုငံဘွား)သည် ၄င်းလက်ထက်တွင် မိုးကုတ်နယ်၊ ကျပ်ပြင်တွင် ပတ္တမြားရတနာများ တူး ဖော်ရရှိသဖြင့် စတင်တူးဖော်ကြောင်း၊ ပတ္တမြားတွင်းများကို ပိုင်ဆိုင်ရသဖြင့် ပတ္တမြားတွင်းသခင်ဘွဲ့ ခံယူကြောင်း တွေ့ရသည်။ ဆိုလိုသည်မှာ ထိုဘွဲ့ကို နန်းတက်ပြီးနောက် မိုးကုတ်နယ်၊ ကျပ်ပြင်တွင် ပတ္တမြားရတနာများ တူးဖော်ရရှိသည့်အခါမှသာ ခံယူခြင်းဖြစ်ပြီး နန်းတက်ပွဲတွင် ခံယူခဲ့ခြင်းမဟုတ်ပါ။ သို့သော် မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်းစာအုပ်အရဆိုလျှင် ပတ္တမြားတွင်းသခင်ဘွဲ့ခံယူသည့် ဆေငံဖ (သိုငံဘွား)မင်းသည် AD1414ခုတွင် နန်းတက်ပြီး တစ်နှစ်အကြာ AD1415ခုတွင် မိမိပိုင်မိုးကုတ်နယ်ကို အင်းဝမင်းထံ အလဲအလှယ်ပြုသကဲ့သို့ ဖြစ်နေပေသည်။ ထိုသို့ဖြစ်လျှင် အင်းဝမင်းလက်အောက် ရောက်မှ မိုးကုတ်နယ်တွင် ပတ္တမြားရတနာရရှိသဖြင့် တူးဖော်ကြရသကဲ့သို့ ဖြစ်နေပေတော့သည်။ သို့ ဆိုလျှင် မိုးမိတ်မင်းသည် ပတ္တမြားတွင်းသခင်ဘွဲ့ကို အပိုသက်သက်အနေဖြင့် ခံယူနေစရာပင် မလိုတော့ ပါချေ။

 

မိုးမိတ်မင်းဆေငံဖ(သိုငံဘွား)သည် အင်းဝမင်း၏ အင်အားကို ကြောက်ရွံ့ခန့်ညားသဖြင့် မိုးကုတ် နယ်ကို ပေးအပ်လိုက်ရသည်ဟု ဆိုရန်လည်း အထောက်အထား မတွေ့ရပါ။ အင်းဝမင်းဖြစ်သူ မင်းခေါင် ကသာ မိုးမိတ်မင်းဆေငံဖ(သိုငံဘွား)၏ နောင်တော်ဖြစ်သူ ဆေကျင်ဖ(သိုကျင်ဘွား)သည် အင်းဝကို ဝန်းရံတိုက်ခိုက်ရန် ချီတက်လာရာ မတိုက်ခိုက်ပါရန်ပန်ကြားသောအားဖြင့် သမီးကညာနှင့် လက်ဆောင် ဆက်သကြောင်းကို မိုးမိတ်ရာဇဝင်တော်သစ်ကျမ်းတွင် တွေ့ရသည်။ နောင်တော်ဆေကျင်ဖ(သိုကျင် ဘွား) နတ်ပြည်စံပြီးနောက်၊ နန်းတက်လာသော ညီတော်ဆေငံဖ(သိုငံဘွား)သည် မိမိ၏ ပဏ္ဏာဆက် ပြည်ထောင်ဖြစ်နေသော အင်းဝပြည်ကို မည်သည့်အကြောင်းနှင့်မျှ ကြောက်ရွံ့ခန့်ညားနေစရာ မရှိပါ ချေ။ ထို့ကြောင့် မိုးမိတ်မင်းဆေငံဖ(သိုငံဘွား)လက်ထက်တွင် အင်းဝမင်း မင်းခေါင်ထံ မိုးကုတ်မြေကို အလဲအထပ်ပြုသောအားဖြင့် ပေးအပ် သည်ဆိုသော မှတ်တမ်းမှာ ယုတ္တိမရှိပါချေ။ ထို့အတူ ခေတ်ပြိုင် မှတ်တမ်းဖြစ်သော အုန်းဘောင်မင်းဆက်ရာဇဝင်တော်ကျမ်းတွင်လည်း မိုးမိတ်သျှမ်းပြည်နှင့် အင်းဝ ပြည်တို့၏ နယ်မြေအလဲအထပ်ပြုသည်ကို မတွေ့ရပါ။ ထိုကာလတွင် မိုးမိတ်သျှမ်းပြည်နှင့် သီပေါသျှမ်း ပြည်သည် ညီနောင်သားချင်းဆွေမျိုးများ အုပ်ချုပ်နေသည့်ကာလဖြစ်၍ အလဲအထပ်ပြုသည့်ကိစ္စသာ မှန်ပါလျှင် အုန်းဘောင်မင်းဆက်ရာဇဝင်ကျမ်းတွင်လည်း ဖော်ပြရမည်သာဖြစ်သည်။ သို့ဖြစ်၍ မိုးမိတ် သျှမ်းပြည်နှင့် အင်းဝပြည်တို့၏ မိုးကုတ်နယ်နှင့် ပတ်သက်သည့် အလဲအထပ်ကိစ္စမှာ အမှန်တကယ် မဖြစ်ခဲ့ကြောင်း သုံးသပ်ရပါသည်။

 

မိုးကုတ်နယ်သည် အင်းဝခေတ်တစ်ခေတ်လုံးတွင် မိုးမိတ်-အုန်းဘောင်(သီပေါ) သျှမ်းမင်းများ ပိုင်ဆိုင်သည့် ပတ္တမြားတွင်းနယ်မြေ ဖြစ်ခဲ့သည်။ ဤသည်ကို အင်းဝခေတ်နှောင်းကာလ AD1553ခုတွင် အုန်းဘောင်(သီပေါစော်ဘွား)“ပတ္တမြားတွင်းသခင်စော်ဘွားပေါ်”သည် အင်းဝပြည်သို့ စစ်ကူပေးသဖြင့် တိုက်ခိုက်ရန်လာသည့် ဘုရင့်နောင်မင်း၏သားတော် နန္ဒဘုရင်ဦး‌ဆောင်သောတပ်မှာ ပုဂံမှ ပြန်လည် ဆုတ်ခွာရကြောင်းကို မဟာရာဇဝင်ကြီး(ဒုတိယတွဲ)တွင် တွေ့ရသောကြောင့် ဖြစ်ပါသည်။ သို့သော် အင်းဝခေတ်ပျက်သုဉ်းပြီးနောက် တောင်ငူခေတ် ဘုရင့်နောင်မင်းကိုယ်တိုင် ချီတက်သိမ်းပိုက်သည့် ကာလ AD1557ခုတွင် မိုးမိတ်သျှမ်းပြည်နှင့် အုန်းဘောင်(သီပေါ)သျှမ်းပြည်တို့မှာ ဘုရင့်နောင်မင်း၏ သိမ်းယူခြင်းကို ခံရကြောင်းကို မှန်နန်းရာဇဝင်တော်ကြီးတွင် ဖော်ပြထားသည်။ သို့ဖြစ်၍ မိုးမိတ်- အုန်းဘောင်(သီပေါ)သျှမ်းပြည်တို့မှာ ဘုရင့်နောင်မင်း၏လက်အောက်သို့ ရောက်သွားသည့်အတွက် မိုးကုတ်နယ်သည်လည်း တောင်ငူခေတ်ရောက်မှသာ ဘုရင့်နောင်မင်း၏ လက်‌အောက်သို့ ကျရောက်ရ သည်ဟု သုံးသပ်ရပါသည်။ ပို၍သေချာသည်မှာ ဘုရင့်နောင်မင်းသည် မဏိပူရပြည်ကို သိမ်းယူပြီး နောက်တွင် ဖမ်းယူလာသည့် ကသည်းသုံ့ပန်းတစ်ချို့ကို မိုးကုတ်နယ်၊ ကျပ်ပြင်အရပ်သို့ပို့၍ နေစေသည် ကို မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်းတွင် တွေ့ရပါသည်။ မဟာရာဇဝင်ကြီး၊ တွင်းသင်းရာဇဝင်သစ်နှင့် မှန် နန်းရာဇဝင်တော်ကြီး တို့တွင်လည်း ဘုရင့်နောင်မင်းသည် မဏိပူရပြည်ကို သိမ်းယူသည့် အထောက်အ ထား တွေ့ရှိရသည့် အထောက်အထားကလည်း မိုးကုတ်နယ်သို့ ကသည့်သုံ့ပန်းများ ပို့သည့်အကြောင်း ကို ပို၍ခိုင်မာစေသည်ဟု သုံးသပ်ပါသည်။

 

မိုးကုတ်နယ်သည် ဘုရင့်နောင်မင်း၏သားတော် နန္ဒဘုရင်လက်ထက် ဟံသာဝတီ(ပဲခူး) ပြည် ပျက်စီးသည့်အခါ မိုးမိတ်သျှမ်းပြည်၏ လက်အောက်သို့ ပြန်လည်ရောက်ရှိဟန်တူပါသည်။ ထိုကဲ့သို့ မိုးမိတ်သျှမ်းပြည်၏ လက်အောက်သို့ ပြန်လည်ရောက်ရှိသွားရာမှ ညောင်ရမ်းမင်းတရား၏ မိုးမိတ်-အုန်းဘောင်(သီပေါ)ကို သိမ်းပိုက်သည့်အခါမှသာ အင်းဝပြည်၏ လက်အောက်သို့ ရောက်ရှိလာဟန် တူပါသည်။ ဒုတိယအင်းဝခေတ် AD1606တွင် ညောင်ရမ်းမင်းတရားသည် မိုးမိတ်သျှမ်းပြည်နှင့် အုန်းဘောင်(သီပေါ)သျှမ်းပြည်ကို ပြန်လည်သိမ်းယူကြောင်း မှန်နန်းရာဇဝင်တော်ကြီးတွင် ဖော်ပြထား ပါသည်။မှန်နန်းရာဇဝင်တော်ကြီးတွင် “ပတ္တမြားတွင်းသခင်ဖြစ်သော မိုးမိတ်စော်ဘွား”အညံ့ခံ ကြောင်း ဖော်ပြထားသဖြင့် ထိုကာလရောက်မှသာ မိုးကုတ်သည် အင်းဝပြည်၏ လက်အောက်သို့ ရောက်ရှိ သည်ဟု သုံးသပ်ရပေသည်။ ညောင်ရမ်းမင်းတရား၏ AD1597ခုတွင် ထုတ်ပြန်သည့် အမိန့်ပြန်တမ်း အရဆိုပါက မိုးမိတ်သျှမ်းပြည်သည် အင်းဝပြည်၏ ပိုင်နက်ဖြစ်သော တကောင်းနယ်နှင့် မိမိအပိုင် မိုးကုတ်နယ်ကို လဲလှယ်ပေးခဲ့ရဟန်ရှိသည်။ ထိုသို့ဖြစ်လျှင် မိုးမိတ်သျှမ်းပြည်သည် အင်အားလျော့နည်း နေချိန်ဖြစ်၍ အထက်မြန်မာပြည်ကို အင်အားကြီးမားစွာ လွှမ်းမိုးချုပ်ကိုင်ထားသည့် အင်းဝမင်းဖြစ်သူ ညောင်ရမ်းမင်းတရား၏ အနိုင်အထက်ပြုလျက် မိုးကုတ်နယ်နှင့် တကောင်းနယ်ကို လဲလှယ်ခြင်းကို AD1597ခုတွင် ဦးစွာခံခဲ့ရပြီး DA1606တွင် တိုင်းပြည်ပါ အသိမ်းပိုက်ခံရသည်ဟု သုံးသပ်ရပေသည်။

ထို့ကြောင့် ညောင်ရမ်းမင်းတရားလက်ထက်တွင် မိုးကုတ်နယ်ကို အုပ်ချုပ်၍ ပတ္တမြားတူးဖော်မှု နှင့် နယ်မြေကို စီမံခန့်ခွဲရန် စို့သူကြီးများခန့်အပ်ခြင်းစနစ်ကို စတင်ခဲ့သည်။ မိုးကုတ်မြို့ ပတ္တမြားမြေ သမိုင်းစာအုပ်အရ ညောင်ရမ်းမင်းတရားသည် မိုးကုတ်တွင် စို့သူကြီးတစ်ဦး၊ အ‌နောက်ရပ် ကသည်းစု တွင် စို့သူကြီးတစ်ဦး၊ ကျပ်ပြင်တွင် စို့သူကြီးတစ်ဦး စုစုပေါင်း(၃)ဦး ခန့်ထားကြောင်း သိရပါသည်။ စို့ ဆိုသည်မှာ တစ်စု၊ တစ်ဌာနဟူ၍ အဓိပ္ပာယ်ရသဖြင့် ‌ညောင်ရမ်းမင်းတရားသည် မိုးကုတ်နယ်ကို အစု(၃) စု (သို့မဟုတ်) ဌာန(၃)ခု ခွဲ၍ စီမံအုပ်ချုပ်စေသည်ဟု သုံးသပ်ရပေသည်။ ထိုသို့စီမံခြင်းသည် နောင်အခါ တွင် မိုးကုတ်နယ်သည် မိုးမိတ်သျှမ်းပြည်လက်အောက်သို့ အလွယ်တကူ ပြန်ပါမသွားစေရန်နှင့် အင်းဝ ပြည်၏ တိုက်ရိုက်အုပ်ချုပ်မှုစနစ်အောက်တွင် အသားကျနေစေရန် ရည်ရွယ်သည်ဟု သုံးသပ်နိုင်ပါ သေးသည်။

 

မိုးကုတ်နယ်သည် တောင်ငူခေတ်တွင် ဗမာပြည်မအောက်သို့ စတင်ရောက်ရှိခဲ့သည်။ သို့သော် မိုးကုတ်နယ်ကို သီးခြားအမိန့်တော်ထုတ်ပြန်၍ မအုပ်ချုပ်သဖြင့် မိုးမိတ်သျှမ်းပြည် လက်အောက် ကတဆင့်သာ အုပ်ချုပ်ခဲ့ဟန်တူပါသည်။ ဒုတိယအင်းဝခေတ် ရောက်သည့်အခါမှသာ ဗမာပြည်မလက် အောက်သို့ အလဲအလှယ်သဘောမျိုးဖြင့် စတင်ကျရောက်ခဲ့ရခြင်း ဖြစ်ပါသည်။ သို့သော် ညောင်ရမ်း မင်းတရား၏ အထက်စီးကနေ၍ လဲလှယ်သည်ဆိုသော်ငြား မိုးမိတ်သျှမ်းပြည်နှင့် သဘောတူညီချက် အရ မိုးကုတ်နယ်ကို တကောင်းနယ်နှင့် လဲလှယ်ထားသည့်ကိစ္စကလည်း တရားဝင်အနေဖြင့် ရှိနေ သေးသည်။ ထို့ကြောင့် နောင်အခါ ဗမာမင်းတို့သည် မိုးကုတ်နယ်နှင့် ပတ်သက်၍ တရားဝင်ပိုင်ဆိုင် ကြောင်း ဆိုရသည့်အခါတိုင်း တကောင်းနယ်နှင့် လဲလှယ်ထားသည့်ကိစ္စကို သက်သေပြု၍ အမိန့်တော် ထုတ်ပြန်ရ‌တော့သည်။ ဤပြဿနာများကို မိုးကုတ်ပတ္တမြားမြေဆိုင်ရာ ပိုင်ဆိုင်မှုပြဿနာများ(အပိုင်း-၃)တွင် ဆက်လက်ဖော်ပြသွားပါမည်။။

 

ကျမ်းကိုးစာရင်း-

၁။ကုလား၊ဦး။ မဟာရာဇဝင်ကြီး(ဒုတိယအုပ်)။ ၂၀၁၆(တတိယအကြိမ်)။ ရာပြည့်စာအုပ် တိုက်။ ရန်ကုန်မြို့။

၂။ခေမိန္ဒ၊ ဦး(အဂ္ဂမဟာပဏ္ဍိတ)။ မိုးမိတ်ရာဇဝင်တော်သစ်။ ၁၉၄၈။ ပဒေသရာဇ်ပုံနှိပ်တိုက် ။ တောင်ကြီးမြို့။

၃။ဆန်းလွင်(ဘီအေ)။ မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်း။ ၁၉၅၀။ လူထုအလင်းစာအုပ်ဆိုင်။ မိုးကုတ်မြို့။

၄။မှန်နန်းမဟာရာဇဝင်တော်ကြီး(သုံးတွဲပေါင်း ပထမအကြိမ်)။ ၂၀၀၈။ သီဟရတနာစာပေ။ ရန်ကုန်မြို့။

၅။တည်တောဆရာတော်(ထီးချိုင့်မြို့)။ ထီးကျိုင်းမြို့နယ်သမိုင်း။

၆။မှူး၊ ဦး(တောင်ပိုင်မြို့ဝန်)။ အုန်းဘောင်မင်းဆက်ရာဇဝင်တော်။ www.Shanyoma. org။

တွဲဖက်လေ့လာသည့်စာအုပ်-

1. Scott. J. George, GAZETTEER OF UPPER BURMA AND THE SHAN STATE PART I, VOL I, Superintendent, Government Printing Press, 1900.