ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုင်းမော၏ နောက်ဆုံးမင်း သိုငံဘွား 

မိုင်းမော၏ နောက်ဆုံးမင်း သိုငံဘွား 

Hsan Loi Editor
17/04/2023
Share:

 

အပိုင်း-၈

 

နိဂုံး

 

မိုင်းမောမင်းသိုငံဘွား_နတ်ပြည်စံခဲ့ရပြီ

 

မင်တရုတ်နန်းတွင်းမှတ်တမ်းများအရ AD1445 တွင် မင်တရုတ်ဘုရင်၏ အမိန့်ဖြင့် စစ်သေနာပတိချုပ်ဝမ်ဂျီသည် ယူနန်ပြည်နယ်၏ ထောင်သင်းမှူး (စစ်သည်တစ်ထောင်ကိုအုပ်ချုပ်ရသည့်တပ်မှူး) ဝမ်ကျိန့်ကို အင်းဝမင်းထံ မိုင်းမောသျှမ်းမင်းကိုတောင်းယူရန် စစ်သည်အင်အားများစွာပေး၍ ချီတက်စေခဲ့သည်ကို တွေ့ရသည်။ မင်တရုတ်တပ်ကြီးသည် အင်းဝမြို့ကို ဝိုင်းရံ၍ မိုင်းမောသျှမ်းမင်းသိုငံဘွားကို အပ်နှံရန် တောင်းဆိုတော့သည်။ အင်းဝမင်းသီဟသူသည် မင်တရုတ်တပ်ကြီး လာရောက်ဝန်းရံမှုကို စိုးရိမ်ကြောက်ရွံ့သဖြင့် AD1446 တွင် မိုင်းမောသျှမ်းမင်းသိုငံဘွားနှင့် မိဘုရား၊ သားတော်သမီးတော်တို့အပါအဝင် လူပေါင်း ၃၂ ဦးကို မင်တရုတ်တပ်၊ ထောင်သင်းမှူးဝမ်ကျိန့်ထံ ပေးအပ်ခဲ့ရသည်။ ထောင်သင်းမှူးဝမ်ကျိန့်သည် မိုင်းမောသျှမ်းဘုရင်နှင့် အပေါင်းအပါတို့ကို ဖမ်းယူပြီးနောက် တရုတ်ပြည်သို့ ပြန်လည်တပ်ဆုတ်သွားခဲ့သည်ဟု ဖော်ပြထားပါသည်။

 

ဗမာမှတ်တမ်းများတွင်မူ မင်တရုတ်တပ်သည် AD1445 တွင် အင်းဝပြည်သို့ ချီတက်လာကြောင်းသိရသဖြင့် အင်းဝမင်းသီဟသူသည် ကြည်းတပ်၊ ရေတပ်ဖြင့် မိုးစစ် (မိန်းစစ်>မိူင်းၸႅတ်ႈ) အထိချီတက်တပ်ချကြောင်းတွေ့ရသည်။ သို့သော် မင်တရုတ်တပ်ကြီးမှာ အင်အားကြီးမားကြောင်းသိရသဖြင့် အင်းဝမြို့သို့ပြန်လည်ဆုတ်ခွာ၍ ခုခံရန်ပြင်ဆင်ခဲ့သည်။ တရုတ်တပ်ကြီးသည် အင်းဝမြို့ကိုဝိုင်း၍ မိုင်းမောမင်းသိုငံဘွားကို ပေးအပ်ရန်တောင်းဆိုသောအခါ ရမည်းသင်းမြို့ကို အမှီပြု၍ အင်းဝပြည်ကို ပုန်ကန်နေသည့် မင်းငယ်ကျော်ထင်အား တိုက်ခိုက်ပေးမှသာ ပေးအပ်မည်ဟုဆိုခဲ့သည်။ ထို့ကြောင့် မင်တရုတ်တပ်ကြီးသည် မင်းငယ်ကျော်ထင်ရှိရာ ရမည်းသင်းမြို့သို့ ချီတက်တိုက်ခိုက်ရာ မင်းငယ်ကျော်ထင်မှာ ကြောက်ရွံ့သဖြင့် ကင်းတားအရပ်သို့ ဆုတ်ခွာရသည်။ ထို့ကြောင့် မင်တရုတ်တပ်ကြီးသည် မင်းငယ်ကျော်ထင်ရှိရာ ရမည်းသင်းမြို့ကို စစ်မတိုက်ရဘဲ အနိုင်ရသဖြင့် ကတိကဝတ်အတိုင်း အင်းဝမင်းထံ မိုင်းမောသျှမ်းမင်းသိုငံဘွားကိုထုတ်ပေးရန် တောင်းဆိုကြောင်း ဖော်ပြထားပါသည်။

 

မင်တရုတ်နန်းတွင်းမှတ်တမ်းများတွင် အင်းဝမြို့ကိုဝိုင်း၍ မိုင်းမောသျှမ်းမင်းကိုအပ်ရန်တောင်းရာ အင်းဝမင်းက ထုတ်ပေးကြောင်း‌ရေးသားဖော်ပြသည်။ ဗမာမှတ်တမ်းများကဲ့သို့ ရမည်းသင်းမြို့ရှိ မင်းငယ်ကျော်ထင်ကို တိုက်ခိုက်ကြောင်း မဖော်ပြပေ။ မည်သို့ပင်ဆိုစေကာမူ မင်တရုတ်စစ်တပ်ကြီးမှာ အင်းဝမြို့သို့ လာရောက်ဝန်းရံ၍ မိုင်းမောသျှမ်းမင်းသိုငံဘွားကို ပေးအပ်ရန် တောင်းဆိုခဲ့သည်မှာမူ မှတ်တမ်းနှစ်ခုလုံးက တူညီစွာဖော်ပြကြပေသည်။

 

မင်တရုတ်နန်းတွင်းမှတ်တမ်းများတွင် မိုင်းမောသျှမ်းမင်းသိုငံဘွားသည် မင်တရုတ်စစ်တပ်ကြီး၏ ဖမ်းဆီးခြင်း ခံရပြီးနောက် တရုတ်ပြည်သို့ ပါတော်မူကြောင်းကို ဖော်ပြထားသည်။ လမ်းခရီးတလျှောက်တွင် မည်သည့်အအစာကိုမျှ မစားဘဲ လိုက်ပါခဲ့သည်ဟု ဆိုပါသည်။ ထို့ကြောင့် မိုင်းမောသျှမ်းဘုရင်သိုငံဘွားသည် လမ်းခရီး၌ပင် နတ်ပြည်စံခဲ့ရပြီး ထောင်သင်းမှူးဝမ်ကျိန့်က သိုငံဘွား၏ ဦးခေါင်းကိုဖြတ်ယူ၍ သေတ္တာတွင်ထည့်ကာ တရုတ်ဘုရင်ထံပို့ဆက်ခဲ့သည်ဟု ဖော်ပြထားပါသည်။

 

ဗမာမှတ်တမ်းများတွင်မူ တရုတ်မှတ်တမ်းကဲ့သို့မဆိုချေ။ အင်းဝမင်းက မိုင်းမောသျှမ်းမင်းသိုငံဘွားကို မင်တရုတ်စစ်တပ်ထံ လွှဲပြောင်းပေးအပ်ရန် ပြင်သည့်အခါ မိမိဘာသာအဆိပ်သောက်၍ အဆုံးစီရင်ခဲ့သည်ဟုဆိုသည်။ အင်းဝမင်းသီဟသူသည် မိုင်းမောသျှမ်းဘုရင်သိုငံဘွား၏အလောင်းကို ကောင်းစွာထုပ်ပိုး၍ မင်တရုတ်စစ်တပ်ကြီးထံ ပို့ပေးခဲ့သည်။ မင်တရုတ်စစ်တပ်ကြီးသည် မိုင်းမောသျှမ်းမင်း၏ အလောင်းကိုရလျှင် အူကိုထုတ်ပစ်၍ အလောင်းကို မီးကင်၊ အခြောက်လှန်းကာ တရုတ်ပြည်သို့ ပြန်လည်ယူဆောင်သွားကြောင်းကိုသာ ဖော်ပြကြသည်။

 

ဤတွင် မင်တရုတ်နန်းတွင်းမှတ်တမ်းများနှင့် ဗမာမှတ်တမ်းများကွဲလွဲမှုမှာ

၁။ မိုင်းမောသျှမ်းဘုရင်ကိုအပ်သည့် ခုနှစ်သက္ကရာဇ်

၂။ အရှင်အပ်ခြင်း၊ အသေအပ်ခြင်း

 

တို့ပင်ဖြစ်သည်။ ထို့အပြင် နှစ်အားဖြင့်မူ မင်တရုတ်နန်းတွင်းမှတ်တမ်းတွင် အင်းဝမင်းက မိုင်းမောသျှမ်းမင်းကို မင်တရုတ်တပ်ထံ အပ်သောခုနှစ်မှာ AD1446 ဟုဆိုသည်။ ဗမာမှတ်တမ်းများကမူ AD1445 ဟုသာ ဆိုကြသည်။ မင်တရုတ်နန်းတွင်းမှတ်တမ်းတွင် မိုင်းမောသျှမ်းမင်းမှာ အရှင်အပ်ခြင်းခံရပြီး အစာမစားသောကြောင့်သာ လမ်းခရီးတွင် နတ်ပြည်စံသည်ဟု ဆိုသည်။ သို့သော် ဗမာမှတ်တမ်းများက မိုင်းမောသျှမ်းမင်းမှာ အဆိပ်သောက်၍ မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့သဖြင့် အလောင်းကိုသာ မင်တရုတ်စစ်တပ်ထံ အပ်နှံကြောင်း ဖော်ပြကြပါသည်။ မည်သည့်မှတ်တမ်းက မှန်သည်ဟု ယတိပြတ်မဆုံးဖြတ်နိုင်သော်ငြား မိုင်းမောသျှမ်းမင်းသိုငံဘွားသည် မင်တရုတ်စစ်တပ်၏ထုံးစံအရ မင်တရုတ်ဘုရင်ထံ ဦးခေါင်းပြတ်လျက်နှင့် အဆက်သခံရမည်မှာကား အသေအချာပင်ဖြစ်လေသည်။

 

မိုင်းမောမင်းသိုငံဘွားနှင့် သားတော်သိုချည်ဘွားတို့သည် မျက်မှောက်ခေတ် သျှမ်းလူထုအတွက် မည်သည့်သင်ခန်းစာများ ပေးခဲ့ပါသနည်း။ နိဂုံးချုပ်အနေဖြင့် လေ့လာကြည့်ပါဦးစို့။ သမိုင်းသည် မျက်မှောက်ခေတ်လူထုအတွက် အတုယူစရာနှင့် သင်ခန်းစာယူစရာကို ပေးသည်မဟုတ်ပါလား။

 

မိုင်းမောမင်းသိုငံဘွားသည် မိုင်းမောနိုင်ငံ၏ ထီးနန်းကို AD1413 မှ AD1442 အထိ ၂၉ နှစ်သာ စိုးစံလိုက်ရသည်။ AD1442 မှ၍ မိမိနိုင်ငံကို စွန့်လွှတ်ရရုံသာမက ကိုယ်တိုင်လည်း စစ်ပြေးဘုရင်ဖြစ်ခဲ့ရသည်။ ထို AD1442 မှာပင် အင်းဝနိုင်ငံသို့ ပါတော်မူရရုံသာမက မိမိနိုင်ငံသည်လည်း နိုင်ငံရေးမပါးနပ်သည့် သားတော်သိုချည်ဘွားကြောင့် ကမ္ဘာမြေပုံပေါ်မှ ပျောက်ကွယ်သွားခဲ့ရသည်။ AD1442 မှ AD1445 အထိ အင်းဝနိုင်ငံတွင် အိမ်နိမ့်စံ ပါတော်မူမင်းတစ်ပါးအဖြစ်သာ နေထိုင်ခဲ့ရသည်။ AD1446 တွင် အင်းဝမင်းက မင်တရုတ်စစ်တပ်ထံ အပ်ခြင်းခံရသဖြင့် တရုတ်ပြည်သို့ ထပ်မံပါတော်မူခဲ့ရသည်။ ထိုပါတော်မူသည့်နှစ်မှာပင် နတ်ပြည်စံရရှာပြီး ခေါင်းပြတ်ဘဝဖြင့် မင်တရုတ်ဘုရင်ထံ ဆက်သခြင်းခံရကာ ဘဝနိဂုံးချုပ်သွားရှာလေသည်။

 

မိုင်းမောသျှမ်းမင်းသိုငံဘွားသည် အဘယ်ကြောင့် ဤမျှကံဆိုးသွားရရှာသည်၊ ဤမျှကံဆိုးရအောင် မည်သည့်မှားယွင်းမှုများကို လုပ်ခဲ့မိသည်ကို လေ့လာကြည့်သည့်အခါ-

 

၁။ ၄င်းရှေ့က နန်းစံခဲ့ကြသည့် ခမည်းတော်နှင့်နောင်တော်တို့၏ သမိုင်းဆိုးအမွေကို ခံယူခဲ့ရခြင်း။

၂။ ခံယူခဲ့ရသည့်သမိုင်းဆိုးကို ပြုပြင်ပြောင်းလဲရန်အတွက် ခေတ်နှင့်လျော်ညီသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံခြားရေးကိစ္စများကို စနစ်တကျမလုပ်မိခြင်း။

၃။ ပထဝီဝင်နိုင်ငံရေးသဘောတရားနှင့် နိုင်ငံရေး၊ စစ်ရေး မဟာမိတ်ကိစ္စများကို အလေးအနက်မထားမိခြင်း။

၄။ နိုင်ငံရေးနည်းဖြင့် အချိန်ယူဆောင်ရွက်ရမည့် ကိစ္စများကို စစ်ရေးနည်းဖြင့် ဆောင်ရွက်မိခြင်း။

၅။ အိမ်နီးချင်း မင်တရုတ်အင်ပါယာကြီးက မိမိနိုင်ငံအပေါ် အမြဲစောင့်ကြည့်ကာ ရေရှည်မဟာဗျူဟာများချမှတ်၍ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေမှုအပေါ် နိုင်ငံရေးမဟာဗျူဟာဖြင့် ကြံ့ကြံ့မခံမိဘဲ စစ်ရေးဖြင့်သာ အလျင်အမြန်တုန့်ပြန်မိခြင်း။

၆။ စည်းလုံးညီညွတ်သည့်နိုင်ငံဖြစ်လာရန် သျှမ်းပြည်ထောင်များအား စည်းရုံးရာတွင် ငြိမ်းချမ်းရေးကို ရှေ့တန်းတင်သည့် သံတမန်နည်းလမ်းဖြင့် စတင်မကြိုးစားဘဲ စစ်ရေးနည်းလမ်းဖြင့် သိမ်းပိုက်ရယူရန် ဦးစားပေးကြိုးစားခြင်း။

၈။ အရိုက်အရာဆက်ခံမည့် သားတော်သည်လည်း မိမိတို့ကြုံရသည့် အခြေအနေကို သေချာစွာ စစ်ရေး၊ နိုင်ငံရေးကို မချိန်ဆပဲ ဆောလျင်စွာပြုလုပ်မိခဲ့ခြင်း။

 

စသည့် (၈) ချက်ကို တွေ့ရှိရပေသည်။ စသည့်အချက်တို့သည် မိုင်းမောမင်းသိုငံဘွားနှင့် မိုင်းမောနိုင်ငံကို အဓိကနိဂုံးချုပ်သွားစေခဲ့ခြင်း ဖြစ်တော့သည်။

 

ယခုကာလတွင် မိုင်းမောနိုင်ငံ၏ သားမြေးများဟု ခံယူထားကြသည့် သျှမ်းတို့သည် ၄င်းအချက်များကို သတိမူသင့်ကြသည်။ ယခင်က ဤအချက်များကို သတိမမူမိသဖြင့် မိုင်းမောနိုင်ငံလည်းပျက်၊ မင်းလည်းမဲ့ကာ စစ်ပြေးဒုက္ခသည်များဘဝ ရောက်ခဲ့ကြရသည်။ ထိုကာလက ပြေးစရာမြေရှိသေးသကဲ့သို့ ရေကြည်ရာမျက်နုရာရှာကာ မြို့ပြပြည်ထောင်ငယ်ကလေးများ ထပ်မံထူထောင်နိုင်ခဲ့ကြသေးသည်။ ယခုကာလများတွင်မူ ထပ်ပြေးစရာ မြေလည်းမရှိတော့သကဲ့သို့ ထပ်မံ၍ ပြည်ထောင်တစ်ခု ထူထောင်နိုင်မည့် အခြေအနေကလည်း ခက်လှသည်။ ထို့ကြောင့် ခေတ်နှင့်အညီ ပြောင်းလဲလျက်ရှိသည့် စစ်ရေး၊ နိုင်ငံရေးစနစ်များနှင့် သမိုင်းသင်ခန်းစာများကို ချိန်ညှိလျက် သတိမူရမည့်အချက်များကို သတိမမူမိကြပါလျှင် နိုင်ငံမဲ့၊ မြေမဲ့ ဒုက္ခသည်များဘဝဖြင့် လူမျိုးလိုက် ကမ္ဘာမြေပေါ်မှ ပျောက်သွားရန်သာ ကျန်ပေတော့သတည်း။

 

Kham Vaeng Pha (Mong Veng)

မန္တလေးတက္ကသိုလ်

 

ကျမ်းကိုး-

 

၁။ ကုလား၊ ဦး။ မဟာရာဇဝင်တော်ကြီး(ဒုတိယအုပ်)။ ၂၀၁၆(တတိယအကြိမ်)။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။

၂။ ငြိမ်းမောင်၊ ဦး။ သုတေသနလက်ထောက်(အငြိမ်းစား)။ ရှေးဟောင်းမြန်မာကျောက်စာများ(ပဉ္စမတွဲ)။၁၉၈၇။ ရှေးဟောင်းသုတေသနဦးစီးဌာန။ ရန်ကုန်။

၃။ ထွန်းညို၊ ဦး။ တွင်းသင်းတိုက်ဝန် မဟာစည်သူ။

မဟာရာဇဝင်သစ်(ပထမတွဲ၊ ဒုတိယတွဲ)။ ၂၀၁၂။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။

၄။ ဝေါင်းမိန်းခမ်း။ မိုင်းမောဆေအနွယ်တို့၏ ခေတ်နှင့်စစ်(တရုတ်သမိုင်းမှတ်တမ်း ဘာသာပြန်သုတေသန)။၂၀၂၁။ မိန်းခွန်။

၅။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)။

၆။ သန်းထွန်း၊ M.A,.BL.,Ph.D.(London)။ ခေတ်ဟောင်းမြန်မာရာဇဝင်။ ၁၉၆၉။ မဟာဒဂုံစာပေထုတ်ဝေရေး။ ရန်ကုန်။

၇။ Jon Fernquest, Crucible of War: Burma and the Ming in the Tai Frontier Zone(1382-1454), Bangkok Post. SBBR4.2(Autumn 2006).