ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုင်းမော၏ နောက်ဆုံးမင်း သိုငံဘွား

မိုင်းမော၏ နောက်ဆုံးမင်း သိုငံဘွား

Hsan Loi Editor
15/04/2023
Share:

 

အပိုင်း-၇

 

#မိုင်းမောနိုင်ငံရဲ့_အဆုံးသတ်ကံကြမ္မာ

 

မိုင်းမောမင်းသိုငံဘွားသည် မိုးကောင်းသျှမ်းပြည်ကတဆင့် အင်းဝပြည်သို့ ပါတော်မူသွားသော်လည်း အင်းဝမင်းက ကောင်းစွာထားဟန်ရှိသည်။ တက်နွယ်ကျောင်း ကျောက်စာမှတ်တမ်းအရ အချုပ်အနှောင်ဖြင့်မထားဘဲ တော်ဝင်အခမ်းအနား တက်ရောက်စေသည်ကို တွေ့ရသဖြင့် အင်းဝမင်းသည် မိုင်းမောမင်းကို ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်၍ တရုတ်ဘုရင်ထံ တရားဝင်အကြောင်းကြားသေးဟန်မတူပေ။ မိုင်းမောမင်းကို နိုင်ငံရေးအကျိုးရလာဘ်အတွက် သီးခြားအသုံးချလိုဟန်ရှိသည်။ ထို့ကြောင့် တော်ဝင်အခမ်းအနားတွင် မိုင်းမောမင်းသိုငံဘွားကို အဆင့်အတန်းမြင့်မြင့်ထားကာ ပါဝင်စေသည်ကိုတွေ့ရသည်။ ဤသည်ကို ပုဂံတက်နွယ်ကျောင်းကျောက်စာ၊ စာကြောင်းရေ – ၃၉-၄၂ တွင် –

 

” မြမ္မာပြေည်ကို အစိုဝ်ရသော ရေမြေသိခင် ဖုရရှင်

နရပတိ ပဝရ မဟာဓမ္မရာဇာဓိ ရာဇာဓိရာဇာ ဓိပတိ တြာမင်ကြီ၏ သားတော်ဖြစ်သော အိမ်ရှေမင်ကြီ မဟာသီဟသူရကာ လက်ယာက၊ ကိုဝ်သိန်အသျှင် သိုဝ်ခင်ဖွါ၏ မြေရင်ဖြစ်သော မောမင်ကြီ သိုဝ်ငံဖွါက လက်ဝဲက၊ ကောင်မှုဒါယကာဖြစ်သော တောင်တွင်မင်၊ မင်းသီရိဇေယျသူရက အလယ်၊ ဤသိုဝ် တပြိုင်တေည် သျှည်ကြရုယ် စလင်မင်၊ မင်နော်ရတ္ထာ၊ အမတ်ကြီ နတောင်မျာ၊ အမတ်ကြီ မဟာ၊ အမတ်ကြီ ရာဇာ၊ မြစ်ကြောင်သူကြီ တြာဖျာ၊ အမတ်တကာအပေါင်တိုဝ်သည်လျှင် ညီညွတ်သဖြင့် ပုဆစ်တုတ်ပါကုန်၏”

 

ဟူ၍ဖော်ပြထားသည်ကို တွေ့ရသည်။ ဤကျောက်စာအရ အခမ်းအနားတွင် မိုင်းမောမင်းသိုငံဘွားကို အင်းဝနိုင်ငံ၏ အိမ်ရှေ့မင်းနှင့်ပင် တစ်ညီတည်းထားကြောင်း တွေ့နိုင်ပါသည်။

 

မင်တရုတ်မှတ်တမ်းအရ မိုင်းမောမင်းသိုငံဘွား အင်းဝနိုင်ငံတွင် ရှိနေချိန်၌ ၄င်း၏သားတော်ကြီးသိုချည်ဘွား(ဆေကီဖှ>သိူဝ်ၵီႇၾႃႉ> 思機發 )မှာ တရုတ်ဘုရင်ထံ အသနားခံစာတင်ပြ၍ မိုင်းမောသို့ပြန်လာခွင့်ပြုပါရန် တောင်းဆိုခဲ့သည်။ ထိုသို့တောင်းဆိုရာတွင် တန်ဆာခံထား၍ ကတိပြုသည့်အနေဖြင့် ညီတော် ကျောက်ဆိုင်(စဝ်ဆိုင်>ၸဝ်ႈသႅၼ်> 招赛)ကို တရုတ်ဘုရင်ထံ စေလွှတ်ရာ တရုတ်ဘုရင်က ယူနန်နယ်တွင် နေခွင့်ပေးခဲ့သည်။ ထိုအချိန်တွင် မိုင်းမောနိုင်ငံမှာ ပျက်စီးခဲ့ပြီဖြစ်၍ စစ်သေနာပတိချုပ်ဝမ်ဂျီဦးဆောင်သော မင်တရုတ်တပ်ကြီးကို မိုင်းမောနိုင်ငံမှ ဆုတ်ခွာရန် တရုတ်ဘုရင်က အမိန့်ပေးထားပြီး ဖြစ်သည်။ ထို့ကြောင့် မင်တရုတ်တပ်ကြီး မိုင်းမောနိုင်ငံမှထွက်ခွာသည်နှင့် တစ်ပြိုင်နက် သိုချည်ဘွားသည် အချိန်ကောင်းကိုမစောင့်တော့ဘဲ မိုင်းမောနိုင်ငံကိုပြန်လည်အုပ်ချုပ်ရန် ကြိုးပမ်းတော့သည်။ ထို့ကြောင့် စစ်သေနာပတိချုပ်ဝမ်ဂျီဦးဆောင်သော မင်တရုတ်တပ်ကြီးမှာ မိုင်မောနိုင်ငံသို့ ထပ်မံချီတက်လာရပြန်သည်ကို မင်တရုတ်နန်းတွင်းမှတ်တမ်းများတွင် တွေ့ရပေသည်။

 

မင်တရုတ်နန်းတွင်းမှတ်တမ်းများအရ သိုချည်ဘွားသည် ပျက်စီးနေသောခမည်းတော်သိုငံဘွား၏ စယ်လန့်ခံတပ်ဟောင်းကို အခိုင်အမာပြင်ဆင်၍ တပ်ချနေခဲ့သည်။ စစ်သေနာပတိချုပ်ဝမ်ဂျီသည် မိုင်မောနိုင်ငံသို့ စစ်ချီရင်းနှင့် အင်းဝနိုင်ငံသို့ သံတမန်စေလွှတ်ကာ မိုင်းမောမင်းသိုငံဘွားကို တောင်းယူခဲ့သည်။ အင်းဝပြည်ဘက်ကလည်း မိုင်းမောနှင့်အင်းဝနယ်စပ်တလျှောက်တွင် အင်အားကြီးစွာတပ်ချထားသည်။ ထို့အပြင် အင်းဝပြည်က မင်တရုတ်ဘုရင်၏ ကတိအတိုင်း မိုင်းမောနိုင်ငံကိုအပ်မှသာ မိုင်းမောဘုရင်ကို ပေးအပ်မည်ဟူ၍လည်းကောင်း၊ မိုင်းမောဘုရင်ကို တရုတ်ဘုရင်ထံ ဆောလျင်စွာ အပ်လိုက်လျှင် စယ်လန့်တွင်တပ်ချနေသည့် ၄င်း၏သားတော် သိုချည်ဘွားက အမျက်ဒေါသထွက်ကာ အင်းဝနိုင်ငံကို ရန်ညှိုးထားနိုင်သည်ဟူ၍လည်းကောင်း ဆင်ခြေပေး၂ မျိုးပေးခဲ့သည်။ ဤအခြေအနေတွင် စစ်သေနာပတိချုပ်ဝမ်ဂျီဦးဆောင်သော မင်တရုတ်တပ်သည် အင်းဝတပ်များကို တိုက်လိုသော်လည်း ယခုအချိန်တွင်တိုက်ခိုက်လျှင် အင်းဝနှင့် မိုင်းမောပေါင်း၍ ခုခံကြတော့မည်ကို တွေးမိသဖြင့် လက်လျှော့ခဲ့ရသည်။ ထို့ကြောင့် စယ်လန့်ကိုသာ ဦးတည်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့လေသည်ဟု မင်တရုတ်မှတ်တမ်းများက ဆိုပါသည်။

 

ဗမာမှတ်တမ်း (ဦးကုလား မဟာရာဇဝင်) တွင်မူ မင်တရုတ်တပ်သည် AD1442 တွင် အင်းဝပြည်ပိုင်နက်သို့ ဝင်ရောက်လာသည်ဟုဆိုသည်။ တရုတ်တပ်ကို ယင်ဆည်(မိူင်း​သႄႇ> Yunan Fu)မြို့စား မော်သောင်းပိန်ဦးဆောင်လာသည်ဟုဆိုသည်။ မင်တရုတ်တပ်ချီတက်လာကြောင်း အင်းဝမင်းသိသောအခါ ကြည်းတပ်၊ ရေတပ်ဖြင့် တကောင်းအထိဆန်တက်ကာ တပ်ချထားသည်။ မင်တရုတ်တပ်ဘက်က မိုင်းမောသျှမ်းမင်းကို ပေးအပ်ရန် လာရောက်တောင်းဆိုသည့်အခါ အင်းဝမင်းက ငြင်းဆိုခဲ့သည်ဟု ဖော်ပြထားသည်။

 

ထိုသို့ အင်းဝမင်းကိုယ်တိုင် တကောင်းအထိ ချီတက်တပ်ချရာတွင် မိုင်းမောဘုရင်သိုငံဘွားလည်း လိုက်ပါချီတက်ရဟန်တူသည်။ အထူးသဖြင့် အင်းဝရေတပ်နှင့်အတူ ပါဝင်ချီတက်ခဲ့ရဟန်တူသည်။ မင်တရုတ်မှတ်တမ်းတွင် ဤအချက်ကို ထောက်ခံသည့် မှတ်တမ်းများကိုတွေ့ရသည်။ မင်တရုတ်နန်းတွင်းမှတ်တမ်းအရမင်တရုတ်တပ်သည် ဆောင်းဦးရာသီတွင် အင်းဝနိုင်ငံသို့ ချီတက်ရသည်။ အင်းဝတပ်သည် မိုင်းမောဘုရင်ကို ရေတပ်တွင် ပါလာသည့် ဖောင်တော်အတွင်းပုန်းစေကာ တရုတ်တပ်ချီတက်လာမှုကို ချောင်းကြည့်စေပြီး အခြားစစ်လှေတစ်စီးဖြင့် လျှို့ဝှက်စွာ ခေါ်ဆောင်သွားသည်ဟု ဖော်ပြထားပါသည်။ ထို့အပြင် အင်းဝပြည်ဘက်က မိုင်းမောဘုရင်ကို ပေးအပ်ရန်ငြင်းဆိုကြောင်းလည်း ဖော်ပြထားခဲ့သည်။

 

မင်တရုတ်နန်းတွင်းမှတ်တမ်းတွင် အင်းဝပြည်အတွင်း ထိုသို့ချီတက်ရသည့်အတွက် အင်းဝတပ်များနှင့် တိုက်ခိုက်ရကြောင်းကိုမူ မဖော်ပြချေ။ သို့သော် ဗမာမှတ်တမ်းများ (ဦးကုလား၊ တွင်းသင်း၊ မှန်နန်းရာဇဝင်များ) က တိုက်ခိုက်ရကြောင်း ဖော်ပြကြသည်။ AD 1444 တွင် မင်တရုတ်တပ်သည် ကောင်းတုံ (ကောင်းတုံ့>ၵွင်းတူင်ႈ) အထိဆင်းလာရာ အင်းဝတပ်နှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ တိုက်ပွဲတွင် မင်တရုတ်တပ်မှူး ယင်ဆည် (မိူင်း​သႄႇ> Yunan Fu) မြို့စား မော်သောင်းပိန်ကျဆုံးသဖြင့် တရုတ်တပ်သည် မိုးဝန်း (မိန်းဝမ်း>မိူင်းဝၼ်း) သို့ ပြန်ဆုတ်ခွာကြောင်း ဖော်ပြထားသည်။ ဤအချက်သည် တရုတ်နှင့်ဗမာမှတ်တမ်းများအကြားတွင် ကွဲလွဲနေပေသည်။ အင်းဝပြည်သို့ ချီတက်လာသည့် မင်တရုတ်တပ်နှင့်ပတ်သက်၍ ဦးဆောင်သူတပ်မှူးများ၏ အမည်ကို မင်တရုတ်နန်းတွင်းမှတ်တမ်းတွင် ဖော်ပြရာ၌လည်း မော်သောင်းပိန်ဆိုသည့် အမည်နှင့်နီးစပ်သည့် တရုတ်အမည်များကို မတွေ့ရပါချေ။ သို့သော် မင်တရုတ်တပ်သည် အင်းဝပြည်ပိုင်နက်အတွင်းသို့ ချီတက်လာသည်ကိုမူ မင်တရုတ်နှင့်ဗမာ့မှတ်တမ်း ၂ ရပ်စလုံးဖော်ပြသည့်အချက်များအရ သိသာထင်ရှားနေပေသည်။

 

မင်တရုတ်နန်းတွင်းမှတ်တမ်းများအရ မင်တရုတ်တပ်၏ သေနာပတိချုပ်ဝမ်ဂျီသည် အင်းဝတပ်များကို မတိုက်ဘဲ သိုချည်ဘွား၏ မိုင်းမောတပ်များရှိရာ စယ်လန့်ခံတပ်ကိုသာ အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သည်ကိုတွေ့ရသည်။ မင်တရုတ်တပ်၏ထိုးစစ်ကြောင့် စယ်လန့်ခံတပ်ထပ်မံပျက်စီးကြောင်း၊ သိုချည်ဘွားမှာ မိုးညှင်းသျှမ်းပြည်သို့ တပ်ဆုတ်ကြောင်း ဖော်ပြထားပါသည်။ သျှမ်းမှတ်တမ်းအချို့တွင် သိုချည်ဘွားသည် ခမ်းတီလုံ-ပူတာနယ် (ၶမ်းတီႈလူင်-ပူႇတၢဝ်း) တွင်းအထိ ထွက်ပြေးသွားရသည်ဟု ဖော်ပြကြသည်။ သို့သော် မင်တရုတ်နန်းတွင်းမှတ်တမ်းများသည် သိုချည်ဘွား၏ မိုးညှင်းသျှမ်းပြည်သို့ တပ်ဆုတ်ပုံ၊ မိုးညှင်းသျှမ်းပြည်ကို သိမ်းယူ၍ မိုင်းမောသိုမင်းဆက် (ၶိူဝ်းႁိူၼ်းသိူဝ်မိူင်းမၢဝ်း> ခေးဟိန်းဆေမိန်းမော) ကို ပြန်လည်တည်ထောင်ပုံကစ၍ ဗမာ့သမိုင်းတွင်နာမည်ကြီးသည့် မိုးညှင်းစလုံ (မိူင်းယၢင်းသိူဝ်လူင်> မိန်းယန်းဆေလုံ) နှင့် သားတော်သိုဟန်ဘွား (သိူဝ်ႁၢၼ်ၾႃႉ> ဆေဟန်ဖှ) တို့သည် သိုချည်ဘွား၏ မြေးတော်မြစ်တော်များအဖြစ် အတိအကျမှတ်တမ်းတင်ဖော်ပြထားရာ သျှမ်းမှတ်တမ်းထက် မင်တရုတ်မှတ်တမ်းက ပို၍တိကျနေပေသည်။

 

မင်တရုတ်နန်းတွင်းမှတ်တမ်းများအရ သိုချည်ဘွား၏ မိဘုရား၊ သားတော်နှင့် လက်အောက်ခံအချို့အပါအဝင် ဆင် ၁၁ စီးကို မင်စစ်သေနာပတိချုပ်ဝမ်ဂျီ၏တပ်က ဖမ်းဆီးရမိကြောင်း ဖော်ပြထားပါသည်။ ထို့အပြင် စစ်သေနာပတိချုပ်ဝမ်ဂျီသည် မိုင်းမောနိုင်ငံ ထပ်မံမထူထောင်နိုင်ရန်အတွက် မိုင်းမောနိုင်ငံကို အပြီးဖျက်သိမ်း၍ မင်တရုတ်အင်ပါယာ၏ လက်အောက်ခံပဏ္ဏာဆက်သျှမ်းပြည်ဖြစ်သည့် လုံချွမ်း (မိန်းဝမ်း>မိူင်းဝၼ်း)​ သျှမ်းစော်ဘွားပြည်အတွင်း ထည့်သွင်းဖွဲ့စည်းကာ မင်တရုတ်အင်ပါယာ၏ ပိုင်နက်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

ဤသို့ဖြင့် ခမည်းတော် သိုငံဘွားမင်းလက်ထက်တွင် မင်တရုတ်တပ်၏ ဝင်ရောက်သိမ်းပိုက်ခြင်းခံရသည့် မိုင်းမောနိုင်ငံသည် သားတော်သိုချည်ဘွား၏ နိုင်ငံရေးအချိန်ကောင်းကိုမစောင့်ဘဲ မဆင်မခြင်ပြုမူမှုကြောင့် ကမ္ဘာ့မြေပုံပေါ်ထက်က အပြီးတိုင်ပျောက်ကွယ်သွားရလေတော့သည်။

 

ထို့အပြင် ထိုသို့သော မဆင်မခြင်ပြုမူခြင်းကြောင့် မိုင်းမောနိုင်ငံ၏ လက်ကျန်အင်အားစုကို မင်တရုတ်တပ်ကြီးက နမ့်ကျိုမြစ် (ၼမ်ႉၵဵဝ်> ဧရာဝတီမြစ်) ၏ အနောက်ဘက်ကမ်းသို့ အရှိန်ပြင်းပြင်းနှင့် တွန်းထုတ်ခြင်းကိုပါ ခံလိုက်ရလေသည်။ အဆိုးဆုံးမှာမူ မိုင်းမောနိုင်ငံ၏ လက်ကျန်အင်အားစု အခြေပြုထားသည့် စယ်လန့်ခံတပ်ပျက်သည်နှင့်ပင် မင်တရုတ်တပ်ကြီးသည် အင်းဝမြို့ကို ဆင်း၍ဝိုင်းကာ ခမည်းတော်မိုင်းမောမင်းသိုငံဘွားအား ပေးအပ်ရန် တောင်းသည့်အခြေအနေသို့ လျင်မြန်စွာ ရောက်ရှိစေခဲ့တော့မည် ဖြစ်သည်ကို သားတော်သိုချည်ဘွားက ကြိုတင်မတွက်ဆနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ။

 

Sae Kham Vaeng Pha (Mong Veng)

မန္တလေးတက္ကသိုလ်

 

ကျမ်းကိုး-

 

၁။ ကုလား၊ ဦး။ မဟာရာဇဝင်တော်ကြီး(ဒုတိယအုပ်)။ ၂၀၁၆(တတိယအကြိမ်)။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။

၂။ ငြိမ်းမောင်၊ ဦး။ သုတေသနလက်ထောက်(အငြိမ်းစား)။ ရှေးဟောင်းမြန်မာကျောက်စာများ(ပဉ္စမတွဲ)။၁၉၈၇။ ရှေးဟောင်းသုတေသနဦးစီးဌာန။ ရန်ကုန်။

၃။ ထွန်းညို၊ ဦး။ တွင်းသင်းတိုက်ဝန် မဟာစည်သူ။

မဟာရာဇဝင်သစ်(ပထမတွဲ၊ ဒုတိယတွဲ)။ ၂၀၁၂။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။

၄။ ဝေါင်းမိန်းခမ်း။ မိုင်းမောဆေအနွယ်တို့၏ ခေတ်နှင့်စစ်(တရုတ်သမိုင်းမှတ်တမ်း ဘာသာပြန်သုတေသန)။၂၀၂၁။ မိန်းခွန်။

၅။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)။

၆။ သန်းထွန်း၊ M.A,.BL.,Ph.D.(London)။ ခေတ်ဟောင်းမြန်မာရာဇဝင်။ ၁၉၆၉။ မဟာဒဂုံစာပေထုတ်ဝေရေး။ ရန်ကုန်။

၇။ Jon Fernquest, Crucible of War: Burma and the Ming in the Tai Frontier Zone(1382-1454), Bangkok Post. SBBR4.2(Autumn 2006).