ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုင်းမော၏ နောက်ဆုံးမင်း သိုငံဘွား

မိုင်းမော၏ နောက်ဆုံးမင်း သိုငံဘွား

Hsan Loi Editor
07/04/2023
Share:

 

အပိုင်း_၅

 

#တရုတ်ဘုရင်ရဲ့_အပြီးတိုင်ချေမှုန်းရေးဗျူဟာ

 

မင်တရုတ်မှတ်တမ်းများအရ AD1441 တွင် တရုတ်ဘုရင်သည် မင်တရုပ်တပ်၏ စစ်သေနာပတိချုပ်ဝမ်ဂျီကို ယူနန်ပြည်နယ်စစ်ရေးဆိုင်ရာ စစ်သေနာပတိချုပ်ရာထူးခန့်အပ်ကာ စစ်သည်အင်အား ၁၅၀၀၀၀ (တစ်သိန်းခွဲ) ဖြင့် မိုင်းမောနိုင်ငံကို တိုက်ခိုက်သိမ်းယူစေသည်။ ထိုသတင်းကို မိုင်းမောမင်းသိုငံဘွားကြားသိတော့အခါ စိုးရိမ်ထိတ်လန့်ပြီး စည်းစိမ်မပျက်၊ အသက်မသေသည့်နည်းလမ်းဖြင့် အညံ့ခံရန်အတွက် မင်တရုတ်တပ်၏ စစ်သေနာပတိချုပ်ဝမ်ဂျီထံ တမန်စေလွှတ်ခဲ့သည်ဟု မင်တရုတ်မှတ်တမ်းတွင်တွေ့ရသည်။

 

မင်တရုတ်စစ်သေနာပတိချုပ်ဝမ်ဂျီသည် မိုင်းမောမင်းသိုငံဘွား၏ အညံ့ခံမှုကို လက်ခံသော်ငြား ယုံကြည်ခြင်းကား မရှိချေ။ ယုံကြည်ခြင်းမရှိခြင်းထက် မင်တရုတ်ဘုရင်၏ အမိန့်ဖြစ်သော မိုင်းမောနိုင်ငံကို အပြီးတိုင် သိမ်းပိုက်ရန် ဟူသည့်အချက်ကို ဦးထိပ်ရွက်လာရခြင်းကသာ အဓိကပိုကျပေမည်။ မင်ဧကရာဇ်က သိမ်းပိုက်စေသည့် အမိန့်ကို ဖီဆန်လျက် လက်ဆောင်ပဏ္ဏာယူ၍ အသာတကြည်ပြန်သည့်လုပ်ရပ်ကို ထိုခေတ်က မင်တရုတ်စစ်သေနာပတိ တစ်ဦးအနေနှင့် လုပ်ဝံ့မည် မဟုတ်ပါချေ။ ထို့ကြောင့် စစ်သေနာပတိချုပ်ဝမ်ဂျီသည် မင်တရုတ်စစ်သည်များကို မိုင်းမောနိုင်ငံသို့ စစ်လမ်းကြောင်းများခွဲ၍ ဆက်လက်ချီတက်စေခဲ့သည်။ ထို့အပြင် သိန္နီ (မုပန်း>မိူင်းပွင်း)၊ ချဲလိ (ဆစ်ဆောင်ပန္နား>မိူင်းလိုဝ်ႉ)၊ တာဟို (မိူင်းယူဝ်ႉ) စသည့် သျှမ်းပြည်ထောင်တို့မှ သျှမ်းစော်ဘွားတပ်တို့ကို ဆင့်ခေါ်ကာ မိုင်းမောနိုင်ငံကို နှစ်ဘက်ညှပ်၍ တိုက်ခိုက်ရန် ပြင်ဆင်စေခဲ့သည်ဟု မင်တရုတ်မှတ်တမ်းများက ဖော်ပြထားပါသည်။

 

AD1441 ကာလအတွင်း မင်တရုတ်တပ်၏ စစ်သေနာပတိချုပ်ဝမ်ဂျီသည် မိုင်းမောတပ်များအခြေချနေသည့် နမ့်ခုံးမြစ် (သံလွင်) ညာပိုင်းကို အပြင်းအထန်ထိုးစစ်ဆင်သည်။ မင်တရုတ်တပ်၏ ပြင်းထန်သည့် ထိုးစစ်ကြောင့် မိုင်းမောတပ်၏စစ်သူကြီး တောင့်ဖန်ကာ (တဝ်ႉၽၼ်ၵႃႇ) နှင့် သူ၏သားမှာ ကျဆုံးခဲ့ရပြီး စစ်သူကြီးတောင့်ကျောက်ဟန် (တဝ်ႉၵႅဝ်ႈႁၢၼ်) မှာ မီးရှို့၍မိမိဘာသာ အဆုံးစီရင်သွားခဲ့သည်။ စစ်သူကြီးတောင့်မိန်းရှန် (တဝ်ႉမိူင်းသႅၼ်) ကို အရှင်ဖမ်းဆီးရမိပြီး မိုင်းမောစစ်သည် ၅၀၀၀၀ (ငါးသောင်း) ကို ခေါင်းဖြတ်ကာ ချေမှုန်းနိုင်ခဲ့သည်။ ထို့နောက် မိုင်းမောတပ်ဆုတ်ခွာရာ မာအန်တောင်ခြေအထိ လိုက်လံတိုက်ခိုက်ရှင်းလင်းရာ မိုင်းမောဆင်စီးစစ်သည်များအပါအဝင် စစ်သည်ပေါင်း ၁၀၀၀၀၀ (တစ်သိန်း) ခန့် ကျဆုံးရလေသည်ဟု မင်တရုတ်မှတ်တမ်းများတွင် ဖော်ပြထားသည်။

 

AD1442 တွင် မင်တရုတ်တပ်၏ စစ်သေနာပတိချုပ်ဝမ်ဂျီသည် စယ်လန့်တွင် ခံတပ်တည်၍ တပ်ချနေသော မိုင်းမောဘုရင်သိုငံဘွား၏ မိုင်းမောတပ်မကို ထိုးစစ်ဆင်တော့သည်။ မင်တရုတ်တပ်သည် မိုင်းမောစစ်စခန်းများနှင့် ဆင်တပ်ကို မီးရှို့၍ အပြင်းအထန်တိုက်ခိုက်ရာ စယ်လန့်ခံတပ်ပျက်စီးခဲ့ရသည်။ မိုင်းမောမင်း သိုငံဘွားမှာ ၄င်း၏မိဘုရားများ၊ သားတော်သမီးတော်များနှင့် စုရုံးမိသမျှသော အခြံအရံအနည်းငယ်ဖြင့် မိန်းယန်း (မိုးညှင်း>မိူင်းယၢင်း) သို့ ဦးတည်ကာ ဆုတ်ခွာထွက်ပြေးရတော့သည်ဟု မင်တရုတ်မှတ်တမ်းကဆိုပါသည်။ သျှမ်းမှတ်တမ်းတွင်မူ စုရုံးမိသမျှ အခြွေအရံနှင့် ဆုတ်ခွာပြေးသည်ဟု ဖော်ပြသည်ထက် တိုင်းပြည်ပါပျက်၍ မင်းနှင့် လူထုပါ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု ဖော်ပြထားပါသည်။

 

မိုင်းမောမင်းသိုငံဘွား၏ မိုးညှင်းသို့ ဦးတည်ဆုတ်ခွာရာလမ်းကလည်း မသာယာခဲ့ပါချေ။ သိန္နီပြည်ထောင်ကို အုပ်ချုပ်နေသည့် သျှမ်းစော်ဘွား၏တပ်မှာ မင်တရုတ်ဘုရင်၏အမိန့်ဖြင့် မိုင်းမောမင်းသိုငံဘွားကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ဤတွင် မိုင်းမောမင်းသိုငံဘွားမှာ မိုးညှင်းပြည်ထောင်သို့မရောက်ဘဲ မိုးကောင်းပြည်ထောင်သို့ ရောက်ရှိသွားခဲ့သည်။ မိုးညှင်းပြည်ထောင်သို့ ရောက်ရှိသွားလျှင်လည်း မိုင်းမောမင်းသိုငံဘွားအတွက် သက်သာမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် မိုးညှင်းပြည်ထောင်သည်ပင် မင်တရုတ်အင်ပါယာထံ သစ္စာခံနေရာ မိုးညှင်းပြည်ထောင်သို့ ရောက်သွားလျှင် ဆီး၍ ဖမ်းကြမည်သာဖြစ်သည်။ ထိုကာလအတွင်း

တရုတ်ဘုရင်သည် သိန္နီ (မုပန်း>မိူင်းပွင်း) ပြည်ထောင်နှင့် အင်းဝပြည်ထောင်တို့ကို မိုးကောင်းပြည်ထောင်သို့ ရောက်ရှိနေသော မိုင်းမောဘုရင်သိုငံဘွားအား ဖမ်းဆီးရန် အမိန့်ချခဲ့သည်။ ဖမ်းဆီးဆက်သနိုင်သည့်ပြည်ထောင်အား မိုင်းမောနိုင်ငံကို အုပ်ချုပ်ရန် ပေးအပ်မည်ဟုပါ ကတိပြုခဲ့သည်ဟု မင်တရုတ်မှတ်တမ်းများက ဖော်ပြသည်။ သိန္နီပြည်ထောင် အနေဖြင့် မင်တရုတ်ဘုရင်အမိန့်အရ မိုင်းမောမင်းသိုငံဘွားကို ကြားဖြတ်တိုက်ခိုက်ခဲ့သော်ငြား သမီးပေး၍ မဟာမိတ်ဆက်ဆံရေး ထူထောင်ထားသည့် အင်းဝပြည်ထောင်သည်ကား မိုင်းမောမင်းအပေါ် မည်သို့ပြုမူမည် ထင်ပါသနည်း။ ဤအကြောင်းကို နောက်တစ်ခန်းတွင် အကျယ်ဖော်ပြပါမည်။

 

ဤမိုင်းမော-မင်တရုတ်စစ်ပွဲများကိုကြည့်လျှင် မင်တရုတ်ဘုရင်နှင့် စစ်သူကြီးတို့သည် ပထဝီဝင်နိုင်ငံရေး ကျွမ်းကျင်ကြသည်ကိုတွေ့ရသည်။ မိုင်းမောနိုင်ငံ တဖန်ပြန်လည်အင်အားကောင်းလာလျှင် ပြည်နယ်များစွာဖြင့် ဖွဲ့စည်းထားသည့် တရုတ်ပြည်မအတွင်း စစ်ရေး၊ နိုင်ငံရေးမတည်မငြိမ် ဖြစ်လာနိုင်သည်ကို မင်တရုတ်ဘုရင်က သိမြင်ထားခဲ့သည်။ အထူးသဖြင့် ယူနန်နယ်အတွင်း မိုင်းမောနိုင်ငံပြန်လည်အားကောင်းလာပါက တရုတ်ပြည်အား တိုက်ရိုက်သြဇာခံထားသည့် သျှမ်းပြည်ထောင်များကို ပြန်လည်စွန့်လွှတ်ရလိမ့်မည်ကို မင်တရုတ်ဘုရင်က သိမြင်သည်။ ထို့အပြင် တရုတ်ပြည်ကို ပုခုံးချင်းယှဉ်၍ အနောက်နှင့် အနောက်တောင်ဒေသများ၏ စီးပွားရေးလမ်းကြောင်းများကို မိုင်းမောနိုင်ငံက လွှမ်းမိုးချုပ်ကိုင်လာမည်ကို သုံးသပ်မိကြသည်။ ထို့ကြောင့် မိုင်းမောနိုင်ငံကို အပြီးတိုင်ချေမှုန်းလိုက်ကြပေတော့သည်။ ထိုသို့ချေမှုန်းရာတွင်လည်း အရိုင်းကို အရိုင်းဖြင့် တိုက်ခြင်းတည်းဟူသော ဗျူဟာကို အသုံးပြုကာ ကွဲပြားနေသည့် သျှမ်းပြည်ထောင်တို့၏အားကို အသုံးပြုခြင်းဖြင့် မိုင်းမောနိုင်ငံကို အပြီးတိုင်ဖျက်ဆီးနိုင်အောင် အဆင့်ဆင့်ဆောင်ရွက်သွားနိုင်ခဲ့သည်ကို တွေ့ရသည်။

 

Sae Kham Vaeng (Pha Mong Veng)

မန္တလေးတက္ကသိုလ်

 

ကျမ်းကိုး-

 

၁။ ကုလား၊ ဦး။ မဟာရာဇဝင်တော်ကြီး(ဒုတိယအုပ်)။ ၂၀၁၆(တတိယအကြိမ်)။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။

၂။ ငြိမ်းမောင်၊ ဦး။ သုတေသနလက်ထောက်(အငြိမ်းစား)။ ရှေးဟောင်းမြန်မာကျောက်စာများ(ပဉ္စမတွဲ)။၁၉၈၇။ ရှေးဟောင်းသုတေသနဦးစီးဌာန။ ရန်ကုန်။

၃။ ထွန်းညို၊ ဦး။ တွင်းသင်းတိုက်ဝန် မဟာစည်သူ။

မဟာရာဇဝင်သစ်(ပထမတွဲ၊ ဒုတိယတွဲ)။ ၂၀၁၂။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။

၄။ ဝေါင်းမိန်းခမ်း။ မိုင်းမောဆေအနွယ်တို့၏ ခေတ်နှင့်စစ်(တရုတ်သမိုင်းမှတ်တမ်း ဘာသာပြန်သုတေသန)။၂၀၂၁။ မိန်းခွန်။

၅။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)။

၆။ သန်းထွန်း၊ M.A,.BL.,Ph.D.(London)။ ခေတ်ဟောင်းမြန်မာရာဇဝင်။ ၁၉၆၉။ မဟာဒဂုံစာပေထုတ်ဝေရေး။ ရန်ကုန်။

၇။ Jon Fernquest, Crucible of War: Burma and the Ming in the Tai Frontier Zone(1382-1454), Bangkok Post. SBBR4.2(Autumn 2006).