ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုင်းမော၏ နောက်ဆုံးမင်း သိုငံဘွား 

မိုင်းမော၏ နောက်ဆုံးမင်း သိုငံဘွား 

Hsan Loi Editor
04/04/2023
Share:

 

အပိုင်း_၄

 

#ပြည်ထောင်များကို_ပြန်လည်သိမ်းယူခြင်း

 

မင်တရုတ်မှတ်တမ်းများအရ မိုင်းမောမင်းသိုငံဘွားသည် မင်တရုတ်အင်ပါယာ၏ ပဏ္ဏာဆက်ပြည်ထောင်များဖြစ်နေသည့် ယခင်က မိုင်းမောနိုင်ငံ ပိုင်ဆိုင်ခဲ့ဖူး သောနယ်မြေများကို ပြန်လည်တိုက်ခိုက်သိမ်းယူနေသော်လည်း အခြားတစ်ဖက်တွင် မင်တရုတ်ဘုရင်ထံ လက်ဆောင်ဆက်သကာ ဟန်မပျက်သစ္စာခံနေဆဲဖြစ်သည်။ ဤသည်ကို AD1414 နှင့် AD1415 တွင် တရုတ်ဘုရင်ထံ ၂ ကြိမ်တိုင်တိုင်လက်ဆောင်ဆက်သခဲ့သည်ကို မင်တရုတ်မှတ်တမ်းတွင် တွေ့ရပါသည်။

 

ထို့နောက် AD1422 ၌ မိန်းတီး (မိူင်းတီး) နယ်ကို ပြန်လည် တိုက်ခိုက်သိမ်းယူသည်။ မိုင်းမောဘုရင်သိုငံဘွားသည် ဤသို့တိုက်ခိုက်သိမ်းယူနေသော်လည်း မင်တရုတ်ဘုရင်နှင့် နိုင်ငံရေးအရ အဆင်ပြေအောင် ဆက်ဆံမှသာ ၄င်းတိုက်ခိုက်သိမ်းယူမှုအတွက် အင်းဝပြည်ကဲ့သို့ အပြစ်ပေးမခံရမည်ကို နားလည်သည်။ ထို့ကြောင့် မိမိတိုက်ခိုက်မှုကို တရုတ်ဘုရင်၏မိန်းမစိုး ယွင်ရှန်းကတဆင့် တောင်းပန်ခဲ့သည်။ လက်ဆောင်ပဏ္ဏာဆက်သမှုလည်း မပျက်ခဲ့ပေ။ သို့သော် သိမ်းပိုက်ထားသည့် မိန်းတီးနယ်ကိုမူ ပြန်လည်စွန့်လွှတ်ပေးခြင်း မရှိခဲ့ချေ။

 

မင်တရုတ်မှတ်တမ်းများအရ AD1426 တွင် မိုင်းမောမင်းသိုငံဘွားသည် သိန္နီနယ် (မုပန်း>မိူင်းပွင်း) ကို ဆက်လက်ကျူးကျော်တော့သည်။ ထို့ကြောင့် သိန္နီစော်ဘွားက တရုတ်ဘုရင်ထံ တိုင်ကြားခဲ့သည်။ ဤတွင် မင်တရုတ်ဘုရင်သည် မိုင်းမောနိုင်ငံကို စတင်တိုက်ခိုက်ရန်အထိ ပြင်ဆင်လာခဲ့သည်။ သို့သော် ထိုကာလတွင် တရုတ်ဘုရင်သည် ဗီယက်နမ်ပြည်နှင့် ဇီချွမ်းနယ်ကို တိုက်ခိုက်ပြီးစအချိန်ဖြစ်နေသည်။ ထို့ကြောင့် မင်တရုတ်အင်ပါယာသည် စစ်ပန်းနေသည့်ကာလအတွင်း မိုင်းမောနိုင်ငံကို မတိုက်ခိုက်သေးဘဲ အပြစ်တင်သဝဏ်လွှာပို့ခြင်း၊ ဆက်လက်သစ္စာခံစေခြင်းကိုသာ ဦးစွာပြုထားခဲ့သည်။ ထိုသို့ပြုသည်ကို မနာခံမှသာ ယူန်ဘုရင်ခံလက်အောက်ရှိ တရုတ်တပ်သည် ဒေသခံရှမ်းစော်ဘွားတပ်များ၊ သိန္နီစော်ဘွား၏ တပ်များနှင့်ပူးပေါင်း၍ မိုင်းမောနိုင်ငံကိုတိုက်ခိုက်ရန် မင်တရုတ်ဘုရင်က အမိန့်ပေးခဲ့သည်။

 

AD1430 တွင် မိုင်းမောမင်းသိုငံဘွားသည် မိုးညှင်းပြည်ကို ချီတက်သိမ်းပိုက်တော့သည်။ ထို့ကြောင့် မိုးညှင်းစော်ဘွား၏လက်ထောက် ယွီ့ပင်သည် မိုင်းမောနိုင်ငံ၏ သိမ်းပိုက်မှုနှင့်ပတ်သက်၍ တရုတ်ဘုရင်ထံ တိုင်ကြားတော့သည်။ တရုတ်ဘုရင်က ယူနန်စစ်သူကြီးဖြစ်သူ ချန်ကော်နယ်စား မုချိန်၏ တပ်ကိုလွှတ်ကာ သိုငံဘွားအား မိုးညှင်းပြည်ကို ပြန်လည်စွန့်လွှတ်ရန် အမိန့်ပေးခဲ့သည်။ သို့သော် မင်တရုတ်အင်ပါယာ စစ်ပန်းနေချိန်တွင် အခွင့်ကောင်းယူက ယခင်ပိုင်ဆိုင်ခဲ့ဖူးသည့် နယ်မြေများကို ပြန်လည်သိမ်းယူနိုင်နေပြီဖြစ်သည့်သိုငံဘွားမှာ မင်တရုတ်ဘုရင်၏ အမိန့်ကို ဂရုမစိုက်တော့ချေ။ သိုငံဘွား၏ တိုက်တိုင်းအောင်နေသည့် အခြေအနေ တစ်နည်းအားဖြင့် စစ်ရေးအသာစီးရနေသည့်အခြေအနေသည် တွေ့ ဆုံဆွေးနွေးရေးဗျူဟာကို လျစ်လျူရှုမိစေခဲ့သည်။ မင်တရုတ်အင်ပါယာ၏ နိုင်ငံရေးအရ အမိန့်ပေးလာမှုအပေါ် အခွင့်အရေးတစ်ရပ်အဖြစ် ရှုမြင်ကာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် မင်တရုတ်အင်ပါယာ၏ စတင်လာတော့မည့် ထိုးစစ်နှင့်ပတ်သက်၍ ရှောင်လွှဲ၍ရသည်ကိုလည်း သတိမပြုမိခဲ့တော့ပေ။

 

ထိန့်ချုံးနယ် ကာကွယ်ရေးဌာန၏ ဒုတိယထောင်မှူး (စစ်သည် ၁၀၀၀ အုပ်ချုပ်ရသူ) ကျဲန်မင်ကလည်း မိမိနယ်ကို သိုငံဘွား၏ မိုင်းမောစစ်သည်များက ဝင်ရောက်ကျူးကျော်ကြောင်း တရုတ်ဘုရင်ထံ တိုင်ကြားပြန်သည်။ AD1436 တွင် ယူနန်စစ်သူကြီးဖြစ်သူ ချန်ကော်နယ်စားမုချိန်မှ မိုင်းမောဘုရင်သိုငံဘွား၏ ကျူးကျော်တိုက်ခိုက်မှုမှန်သမျှကို မင်တရုတ်ဘုရင်ထံ အစီရင်ခံတင်ပြတော့သည်။ AD1437တွင် မိန်းတီး (မိူင်းတီး) စော်ဘွား တောင့်ကုန်ခမ်းကလည်း-

 

“ ‘မိုင်းမောသည် မိမိပိုင်ရွာပေါင်း၂၇၈ရွာကို သိမ်းပိုက်ကြောင်း”

 

တရုတ်ဘုရင်ထံတိုင်ကြားလေသည်။ ယူနန်စစ်သူကြီးဖြစ်သူ မုချိန်မှာမူ ပေါင်ဆန်း (မိူင်းၸၢင်ႉ) သည်ပင် မိုင်းမော၏ တိုက်ခိုက်ခြင်းခံရသဖြင့် မိုင်းမောနိုင်ငံကို တိုက်ခိုက်ရန်အတွက် တပ်မကြီးစေလွှတ်ပေးရန် မင်တရုတ်ဘုရင်ထံ တင်ပြတောင်းခံရတော့သည်ဟု မင်တရုတ်မှတ်တမ်းများတွင် ဖော်ပြထားသည်။

 

AD1438 တွင် သိုငံဘွား၏ မိုင်းမောစစ်သည်တို့သည် ဝါတျန့်၊ ရွှင်တုံ၊ ကျန်းတုံးနယ်များအတွင်း ဝင်ရောက်တိုက်ခိုက်ကာ မင်တရုတ်စစ်သည်များကို သတ်ဖြတ်ခဲ့ကြသည်။ ထို့ကြောင့် မင်တရုတ်ဘုရင်သည် ယူနန်စစ်သူကြီးမုချိန်ကို မိုင်းမောနိုင်ငံကို တိုက်ခိုက်ရန် အမိန့်ပေးတော့သည်။ ထို့ကြောင့် ဖန်ကျိန်ဦးဆောင်သည့် မင်တရုတ်တပ်သည် မိုင်းမောတပ်ကို ပြင်းထန်စွာတိုက်ခိုက်ရှင်းလင်းရာ မိုင်းမောတပ်များမှာ နမ့်ခုံး (ၼမ်ႉၶူင်း>သံလွင်) မြစ်ညာပိုင်းသို့ ဆုတ်ခွာရသည်။

 

သို့သော် ဖန်ကျိန်နှင့် ယူနန်စစ်သူကြီးမုချိန်တို့အကြားတွင် စစ်ရေးဆိုင်ရာပြဿနာ ဖြစ်ပွားရာ မုချိန်သည် ဖန်ကျိန်၏ထိုးစစ်အတွက် စစ်ကူများမပို့ခဲ့တော့ချေ။ ထို့ကြောင့် မိုင်းမောတပ်များသည် ဖန်ကျိန်တွင်စစ်ကူမရှိကြောင်း သိရသောအခါ ဆင်တပ်လွှတ်၍ ခုခံတိုက်ခိုက်သောကြောင့် မင်တရုတ်တပ်ပျက်ပြီး ဖန်ကျိန်ပါ ကျဆုံးခဲ့ရသည်။ ထို့ကြောင့် တရုတ်ဘုရင်သည် ဟူကောင်နယ် (ဟူပေနှင့်ဟူနန်ဒေသ) မှ မင်တရုတ်စစ်သည် ၃၁၅၀၀၊ ကွေ့ကျိုးနယ်မှ မင်တရုတ်စစ်သည် ၁၀၀၀၀၊ ဇီချွမ်းနယ်မှ မင်တရုတ်စစ်သည် ၈၅၀၀ တို့ကို စုစည်းစေ၍ ဝူလျန့်နှင့် မာရှန့်တို့ကို တပ်မှူးခန့်ကာ ယူနန်နယ်သို့ချီတက်စေခဲ့သည်ဟု မင်တရုတ်မှတ်တမ်းများက ဆိုပါသည်။

 

ထိုကာလအတွင်း သိုငံဘွား၏ မိုင်းမောတပ်သည်တို့သည် မင်တရုတ်တပ်ကို အနိုင်ရရှိထားသည့်အတွက် စိတ်ဓာတ်တက်ကြွနေကြသည်။ ယူနန်နယ်အတွင်းရှိ မူလကျိုင်းတုံနယ် (ၵဵင်းတုင်>ယမ်းလဵဝ်ယူႇတီႈၼႂ်းမိူင်း​ၶႄႇ)၊ မိန်းတိန်နယ် (မိူင်းတိင်ႇ)၊ တာဟိုနယ် (မိူင်းယူဝ်ႉ) နှင့် မိန်းလျဲမ်း (မိုင်းလျဉ်းကြီး>မိူင်းလႅမ်း) တို့ကို မိုင်းမောနိုင်ငံက ပြန်လည်တိုက်ခိုက်သိမ်းပိုက်တော့သည်။ မင်တရုတ်အင်ပါယာနှင့် ပူးပေါင်းသွားသည့် တာဟို (မိူင်းယူဝ်ႉ) စော်ဘွား တောင့်ဖုန်းဟန်နှင့်အပေါင်းအပါတို့မှာ သုတ်သင်ခြင်း ခံရသည်။ ထို့နောက် သိုငံဘွား၏ မိုင်းမောတပ်သည် ထိန့်ချုံးနယ်၊ လုကျန်းနယ် (မိန်းခေး>မိူင်းၶိူဝ်း) တို့ကို ဆက်လက်သိမ်းယူတော့သည်။

 

စစ်ရေးတွင် လုံးဝအသာစီးရနေသည့် သိုငံဘွားသည် မိမိဘက်က အသာစီးယူက ဆွေးနွေးနိုင်မည့် အချိန်ရောက်မှ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးရေးလမ်းကြောင်းပေါ် တက်လာခဲ့သည်။ ဤသည်ကို သိုငံဘွား၏ မင်တရုတ်ဘုရင်ထံ ယူနန်ဘုရင်ခံမှတဆင့်ဆက်သွယ်ခဲ့သည့် မှတ်တမ်းက ဖော်ပြနေပါသည်။ ထိုသို့ဆက်သွယ်ရာတွင် မိမိပြန်လည်သိမ်းပိုက်ထားသည့် မိုင်းမောနိုင်ငံ၏ လက်အောက်ခံ ပြည်ထောင်များကို ပြန်လည်မစွန့်လွှတ်ရရေးနှင့် ထိုသို့တိုက်ခိုက်သိမ်းယူခြင်းသည် တရုတ်ဘုရင်ကို အာခံခြင်းမဟုတ်ကြောင်းကို အဓိက ဆွေးနွေးတင်ပြထားသည်ကို တွေ့ရသောကြောင့် ဖြစ်ပါသည်။

 

သို့သော် မိမိနိုင်ငံအနီးရှိ မိုင်းမောနိုင်ငံသည် တဖန်ပြန်၍ အင်အားကြီးမားလာမည့် အဖြစ်ကို မင်တရုတ်ဘုရင်က အလိုမရှိချေ။ မိုင်းမောနိုင်ငံကို စတင်တည်ထောင်သူ သိုခံဘွားမင်း (ၸဝ်ႈသိူဝ်ၶၢၼ်ၾႃႉ) မင်းလက်ထက်ကစ၍ တရုတ်အင်ပါယာ၏ အနောက်ဘက်နှင့် အနောက်တောင်ဘက်ရှိ ကုန်သွယ်ရေးလမ်းကြောင်းများကို မိုင်းမောနိုင်ငံက ချုပ်ကိုင်ထားသည်ကို ယွမ်မင်းဆက်ကစ၍ မင်မင်းဆက်အထိ အလိုမရှိခဲ့ကြချေ။ ထိုအချိန်က မင်တရုတ်အင်ပါယာသည် စီးပွားရေးလမ်းကြောင်းဖြစ်သည့် တရုတ်ပြည်မှ တကောင်းမြို့(တႃႇၵွင်)မြို့ကိုဖြတ်၍ အိန္ဒိယသို့ သွားသည့်လမ်းကိုလည်းကောင်း၊ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်း၍ အင်းဝပြည်ကတဆင့် ပင်လယ်ဘက်သို့ ထွက်ရာလမ်းကိုလည်းကောင်း လွတ်လပ်စွာချုပ်ကိုင်လိုရာ မိုင်းမောနိုင်ငံမှာ အကြီးမားဆုံးသော ဆူးငြှောင့်ခလုပ် ဖြစ်နေခဲ့သည်။ ထို့ကြောင့်ပင် မင်တရုတ်အင်ပါယာသည် သိုငံဘွား၏ခမည်းတော် သိုဟုန်ဘွားလက်ထက်ကစ၍ မိုင်းမောနိုင်ငံကို တစ်စစကန့်သတ်လျက် ဖြိုခွဲလာခဲ့ခြင်းဖြစ်ရာ သိုငံဘွားလက်ထက်ရောက်မှ တဖန်ပြန်၍ ခေါင်းထောင်လာမည်ကို မည်သည့်နည်းနှင့်မျှ လက်ခံတော့မည်မဟုတ်ပါ။

 

ထို့ကြောင့်ပင် မိုင်းမောမင်းသိုငံဘွား၏ နိုင်ငံရေးနည်းလမ်းကို ကြိုသိရှိနေသော၊ စီးပွားရေးလမ်းကြောင်းကြီးကို ချုပ်ထိန်းလိုသော မင်တရုတ်ဘုရင်သည် စစ်ရေးနည်းလမ်းဖြင့်သာ မိုင်းမောနိုင်ငံကို အပြီးတိုင်တိုက်ခိုက်သိမ်းယူရန် ပြင်ဆင်လိုက်တော့သည်ဟု မင်တရုတ်မှတ်တမ်းများတွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။ မိုင်းမောမင်းသိုငံဘွားဘက်ကမူ တိုက်တိုင်းအောင်မြင်နေသဖြင့် အခြားတစ်ဘက်တွင် စစ်ရေးဆိုင်ရာအကုန်အကျများလာခြင်း၊ စစ်ပန်းစပြုလာခြင်းကို သတိမမူမိခဲ့ပေ။ ထို့အတူ စစ်ပန်းနေသည့် မင်တရုတ်အင်ပါယာသည် အနားယူပြီးသည်နှင့်တစ်ပြိုင်နက် အင်အားအပြည့်သုံး၍ ထိုးစစ်စလာမည်ကိုလည်း ကြိုတင်မတွက်ဆမိခဲ့ပေ။ အထူးအားဖြင့် မိမိနိုင်ငံသည် မင်တရုတ်အင်ပါယာ၏ အရေးကြီးသည့် နိုင်ငံရေးဘောဂဗေဒနှင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာပစ်မှတ်ပေါ်တွင် ကျရောက်နေပြီး နည်းဗျူဟာမြောက်ကစားခြင်းခံနေရသည်ကိုပါ မေ့လျော့နေခဲ့ပေတော့သည်။ ။

 

[အပိုင်း-၅ ကို ဆက်လက်ဖော်ပြပါမည်။ ]

 

Sae Kham Vaeng Pha (Mong Veng)

မန္တလေးတက္ကသိုလ်

 

ကျမ်းကိုး-

 

၁။ ကုလား၊ ဦး။ မဟာရာဇဝင်တော်ကြီး(ဒုတိယအုပ်)။ ၂၀၁၆(တတိယအကြိမ်)။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။

၂။ ငြိမ်းမောင်၊ ဦး။ သုတေသနလက်ထောက်(အငြိမ်းစား)။ ရှေးဟောင်းမြန်မာကျောက်စာများ(ပဉ္စမတွဲ)။၁၉၈၇။ ရှေးဟောင်းသုတေသနဦးစီးဌာန။ ရန်ကုန်။

၃။ ထွန်းညို၊ ဦး။ တွင်းသင်းတိုက်ဝန် မဟာစည်သူ။

မဟာရာဇဝင်သစ်(ပထမတွဲ၊ ဒုတိယတွဲ)။ ၂၀၁၂။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။

၄။ ဝေါင်းမိန်းခမ်း။ မိုင်းမောဆေအနွယ်တို့၏ ခေတ်နှင့်စစ်(တရုတ်သမိုင်းမှတ်တမ်း ဘာသာပြန်သုတေသန)။၂၀၂၁။ မိန်းခွန်။

၅။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)။

၆။ သန်းထွန်း၊ M.A,.BL.,Ph.D.(London)။ ခေတ်ဟောင်းမြန်မာရာဇဝင်။ ၁၉၆၉။ မဟာဒဂုံစာပေထုတ်ဝေရေး။ ရန်ကုန်။

၇။ Jon Fernquest, Crucible of War: Burma and the Ming in the Tai Frontier Zone(1382-1454), Bangkok Post. SBBR4.2(Autumn 2006).