ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
အပိုင်း_၃
#သိုငံဘွားရဲ့_အကြံအစည်
ထို့ကြောင့်ပင် AD 1413 တွင် နန်းတက်လာသော သိုငံဘွားသည် ၄င်း၏ ခမည်းတော်နှင့် နောင်တော်တို့စွန့်လွှတ်လိုက်ရသည့် နယ်မြေများကို ပြန်လည်သိမ်းယူရန် စတင်ကြိုးစားလာသည်ကို သျှမ်းမှတ်တမ်းများနှင့် မင်တရုတ်မှတ်တမ်းများတွင် တွေ့ရှိရပါသည်။ မိုင်းမောနိုင်ငံက ပိုင်ဆိုင်ခဲ့သည့် နယ်မြေများကို ပြန်လည်ရရှိအောင် ကြိုးပမ်းရာတွင် မိုင်းမောမင်းသိုငံဘွားသည် သံတမန်နည်းလမ်းဖြင့် အစပြုမကြိုးစားဘဲ စစ်ရေးနည်းလမ်းကို ဦးစွာအသုံးပြု၍ သိမ်းယူရန် စတင်ကြိုးစားခဲ့သည်။
တစ်ဘက်တွင် မိုင်းမောမင်းသိုငံဘွားသည် အခြားပြည်ထောင်နှင့် နိုင်ငံရေး၊ စစ်ရေးမဟာမိတ် ပြုရန်ကြိုးစားလာသည်ကို တွေ့ရသည်။ ထိုသို့မဟာမိတ်ပြုရာတွင် မိုင်းမောနိုင်ငံ၏ အနောက်တောင်ဘက်ရှိ အင်းဝပြည်သည် အသင့်တော်ဆုံးဖြစ်မည်ဟု သိုငံဘွားက သုံးသပ်မိခဲ့ဟန်တူသည်။ ဆိုလိုသည်မှာ မိုင်းမောသည် မိမိအပေါ် အံတုရင်ဆိုင်နိုင်မည့် မိုးညှင်းပြည်ထောင်နှင့် သိန္နီပြည်ထောင်တို့ကို ပြန်လည်သိမ်းယူနိုင်ရန် အင်းဝပြည်၏ အထောက်အပံ့ပြုနိုင်စွမ်းသည် ပထဝီဝင်နိုင်ငံရေးအရ အရေးပါနေခြင်းပင် ဖြစ်ပါသည်။
ထို့အပြင် မိုင်းမောမင်းသိုငံဘွားအနေဖြင့် မိုင်းမောနိုင်ငံ၏ အနောက်တောင်ဘက်တွင် တစ်စစအင်အားကြီးထွားလာသည့် အင်းဝနိုင်ငံနှင့် မဟာမိတ်ပြုခြင်းဖြင့် ဆုံးရှုံးလိုက်ရသည့် သြဇာခံနယ်အချို့ကို ပြန်ရနိုင်သည်သာမက အင်းဝပြည်ထောင်၏ အားနှင့်အတူ မင်တရုတ်အင်ပါယာကို ပြန်လည်အံတုနိုင်မည်ဟု သုံးသပ်ခဲ့ဟန်တူသည်။ ထို့ကြောင့် မိုင်းမောမင်းသိုငံဘွားသည် တရုတ်ဘုရင်ကို ဗဟိုပြု၍ မိုင်းမောနိုင်ငံ၏ စီမံအုပ်ချုပ်မှုကို စွန့်ခွာသွားကြသည့် နယ်မြေများကို ပြန်လည်သိမ်းယူရန်အတွက် အင်းဝနိုင်ငံနှင့် မဟာမိတ်ပြုသည်ကို သျှမ်းမှတ်တမ်းများ၊ မြန်မာမှတ်တမ်းများတွင် အခိုင်အမာ
တွေ့ရပါသည်။
AD1413 နောက်ပိုင်းကာလတွင် မိုင်းမောမင်းသိုငံဘွားသည် ၄င်း၏ နှမတော်ကို အင်းဝမင်းထံ လက်ဆောင်ပို့၍ မဟာမိတ်ပြုတော့သည်။ ထိုကာလကအင်းဝပြည်သည် မင်တရုတ်အင်ပါယာကို လေးစားခန့်ညားနေရကြောင်း မိုင်းမောမင်းသိုငံဘွားက မသိဘဲနေမည်တော့မဟုတ်ပါ။ သိသောကြောင့်သာ နှမတော်ကို လက်ဆောင်အဖြစ်အသုံးပြု၍ အင်းဝပြည်နှင့် ခိုင်မာသည့် စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ သဘောတူညီမှုများရရှိအောင် ကြိုးစားခြင်းဖြစ်ကြောင်း သုံးသပ်ရပေသည်။
[ထိုသို့မဟာမိတ်ပြုသည်ကို ဗမာမှတ်တမ်းများကလည်း တစ်ညီတစ်ညွတ်တည်းဆိုကြသည်။ ဗမာမှတ်တမ်းတွင် မိုင်းမောမင်းကြီး၏သမီးတော် ရှင်မိနောက်ဟူ၍လည်းကောင်း၊ ထိုမိုင်းမောမင်းသမီးရှင်မိနောက်ကို အင်းဝဘုရင်မင်းကြီးစွာစော်ကဲက သားတော်ပြင်စည်မြို့စားမင်းဆွေနှင့် လက်ဆက်ပေးသည်ဟူ၍လည်းကောင်း၊ မင်းဆွေနှင့် မိုင်းမောမင်းသမီး ရှင်မိနောက်တို့မှ မွန်-ဗမာ နှစ်၄၀ စစ်ပွဲတွင် နာမည်ကျော်သည့် သားတော်မင်းရဲကျော်စွာကို မွေးသည်ဟူ၍လည်းကောင်း ဖော်ပြသည်ကိုတွေ့ရပါသည်။ ]
ထိုကာလအတွင်း သိန္နီစော်ဘွားနှင့် မိုးညှင်းစော်ဘွားသစ်တို့သည် အင်းဝပြည်ကို ရုတ်တရက် တိုက်ခိုက်ကြသည်။ ထိုအချိန်က သိန္နီ၊ မိုးညှင်း၊ အင်းဝစသည့် ပြည်ထောင်များသည် မင်တရုတ်အင်ပါယာ၏ ပဏ္ဏာဆက်ပြည်ထောင်များ ဖြစ်ကြသည်။ လက်အောက်ခံ ပဏ္ဏာဆက်ပြည်ထောင်များအချင်းချင်း စစ်ပွဲများ ဖြစ်ပွားလာသည်ကို မင်တရုတ်ဘုရင်ကလည်း မသိချင်ဟန်ဆောင်နေသည်။ မိုင်းမောနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်ကို အဓိကထား၍ ဖြိုချလိုသော မင်တရုတ်အင်ပါယာအနေဖြင့် ပဏ္ဏာဆက်ပြည်ထောင်များကိုလည်း တစ်ချက်တည်းနှင့် ချုပ်ထိန်းနိုင်အောင် အချိန်အခါကောင်းကို စောင့်ကြည့်နေပုံရသည်။ အထူးသဖြင့် မိုင်းမောနိုင်ငံနှင့် မဟာမိတ်ပြုလိုက်သည့် အင်းဝပြည်ထောင်အပေါ် ပညာပေးလိုလည်း တူပေသည်။ ထို့ကြောင့် စစ်ပွဲစတင်ချိန်မှသည် စစ်ရှိန်အမြင့်ဆုံး မရောက်မချင်း ကြားမှဝင်ရောက်ဖြန်ဖြေပေးခြင်း မရှိသော တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပေါ် ထားရှိသည့် မူဝါဒသည် မင်တရုတ်အင်ပါယာကာလကတည်းက ရှိနေခဲ့ပြီဖြစ်သည်ဟု သုံးသပ်ပါက လွန်မည်မထင်ပါ။
မြန်မာမှတ်တမ်းတွင် သိန္နီ၊ မိုးညှင်း နှစ်ပြည်ထောင်တပ်များသည် အင်းဝပိုင် မြေဒူးမြို့ကို တိုက်ခိုက်သိမ်းပိုက်သဖြင့် အင်းဝဘုရင်မင်းကြီးစွာစော်ကဲက ရေတပ်၊ ကြည်းတပ်ဖြင့် တကောင်းမြို့အထိ ချီတက်ကာ ခုခံရသည်ကို ဖော်ပြထားသည်။ သို့သော် သိန္နီ၊ မိုးညှင်း ၂ ပြည်ထောင်တပ်များကြောင့် မင်းကြီးစွာစော်ကဲ၏ အင်းဝတပ်မှာ ရှုံးနိမ့်သဖြင့် စစ်ကိုင်းမြို့အထိဆုတ်ခွာခဲ့ရသည်။ သိန္နီနှင့် မိုးညှင်းတပ်တို့မှာ စစ်ကိုင်းမြို့တွင်းရှိ အင်းဝတပ်များကို အပြင်းအထန် ဝိုင်းရံတိုက်ခိုက်ကြသည်။ အင်းဝပြည်အနေဖြင့် စစ်ကိုင်းမြို့သည် နောက်ဆုံးခံတပ်ဖြစ်သည်။
စစ်ကိုင်းနှင့် အင်းဝနေပြည်တော် အကြားတွင် သဘာဝအတားအဆီးအနေဖြင့် ဧရာဝတီမြစ်သာ ခြားနေတော့သည်။ စစ်ကိုင်းကျရှုံးပါက တစ်ဖက်ကမ်းရှိ အင်းဝ
နေပြည်တော်မှာ မြို့တံခါးအလုံပိတ်၍ ခုခံရန်သာ ကျန်တော့သည် မဟုတ်ပါလား။ ပင်းယခေတ်နှောင်းချိန်တွင် မိုင်းမောနိုင်ငံ၏ စစ်တပ်သည် စစ်ကိုင်းမြို့ကို တိုက်ခိုက်သိမ်းယူပြီးနောက် ဧရာဝတီမြစ်ကိုကူး၍ ပင်းယမြို့ကိုပါ သိမ်းယူဖူးသည့်သာဓကရှိဖူးသည်ကို ပင်းယခေတ်ပျက်ချိန်ကို မီခဲ့သူဖြစ်သည့် အင်းဝဘုရင် မင်းကြီးစွာစော်ကဲအနေဖြင့် ကောင်းကောင်းသိပေသည်။
ဤတွင် မင်းကြီးစွာစော်ကဲကို စစ်ကူပေးလာသူက လက်အောက်ခံ ရမည်းသင်းမြို့စားသီလဝ ဖြစ်သည်။ ရမည်းသင်းမြို့စားသည် မြန်မာ့သမိုင်းတွင် စကားနည်းနည်းဖြင့် အလုပ်များများ လုပ်ပြတတ်သူဟု မှတ်တမ်းတင်ခံရသည့် မြို့စားစစ်သူကြီးဖြစ်သည်။ ၎င်း၏ ကူညီတိုက်ခိုက်သောကြောင့်သာ သိန္နီနှင့်မိုးညှင်းတပ်များ ရှုံးနိမ့်ပြီး စစ်ကိုင်းမြို့မှပြန်လည်ဆုတ်ခွာသွားကြသည်ကို မြန်မာမှတ်တမ်းများတွင် တွေ့ရသည်။ ထိုစစ်ပွဲများတွင် မိုင်းမောနိုင်ငံ၏ အခန်းကဏ္ဍမှာ ပျောက်ကွယ်နေပြီး မဟာမိတ်ပြုထားသည့် အင်းဝပြည်ဘက်သို့ စစ်ကူပို့သည့် အထောက်အထားများကို မတွေ့ရပေ။ နှမတော်ကို အရင်းပြု၍ မဟာမိတ်ထူထောင်ထားသည့် မိုင်းမောသည် ဤစစ်ပွဲများတွင် ပါဝင်ကူညီခြင်းမပြုဘဲ ငြိမ်သက်နေသည်မှာ အံ့သြစရာပင်ဖြစ်သည်။
မိုင်းမောမင်းသိုငံဘွားသည် သိန္နီ၊ မိုင်းညှင်းနှင့် အင်းဝတို့ သုံးပွင့်ဆိုင်တိုက်ပွဲဖြစ်၍ စစ်ပင်ပန်းမည့်အချိန်ကိုစောင့်ကာ မိမိရည်ရွယ်ချက် အောင်မြင်စေရန်အတွက် လူသူလက်နက်ရိက္ခာများကိုသာ ကြိတ်၍စုဆောင်းနေဟန်တူပေသည်။ သို့သော် မိုင်းမောနိုင်ငံဘက်က သတိမပြုမိသည်မှာ မင်တရုတ်အင်ပါယာကလည်း မိုင်းမောနိုင်ငံကဲ့သို့ပင် ပြည်ထောင်ငယ်များ၏ စစ်ပန်းချိန်ကို စောင့်၍ စစ်ရေး၊ နိုင်ငံရေး သြဇာလွှမ်းမိုးရန် ကြံစည်နေသည့်အချက်ပင် ဖြစ်တော့သည်။ ထို့အပြင် မင်တရုတ်အင်ပါယာသည် သိန္နီ၊ မိုးညှင်း၊ အင်းဝစသည့် ပြည်ထောင်ငယ်များထက် မိုင်းမောနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေး အရွေ့ကိုသာ မျက်ခြေမပျက် စောင့်ကြည့်နေသည့်အချက်ကလည်း ရှိနေသည်။ မြစ်ဖျားပိုင်းရှိ မိုင်းမောနိုင်ငံကဲ့သို့သော တာတမံကို ပြိုအောင်ဖြိုလိုက်သည့်နှင့်ပင် မြစ်အောက်ပိုင်းရှိ သိန္နီ၊ မိုးညှင်းနှင့် အင်းဝတို့မှာ အရှိန်နှင့်ပြိုကျလာမည့် ရေအလျင်နှင့်တူသည့် စစ်ရေးဖိအားကြောင့် အလိုလိုပြိုကျသွားမည် မဟုတ်ပါလား။ ။
(အပိုင်း-၄ ကိုဆက်လက်ဖော်ပြပါမည်။)
Sae Kham Vaeng Pha (Mong Veng)
မန္တလေးတက္ကသိုလ်
ကျမ်းကိုး-
၁။ ကုလား၊ ဦး။ မဟာရာဇဝင်တော်ကြီး(ဒုတိယအုပ်)။ ၂၀၁၆(တတိယအကြိမ်)။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။
၂။ ငြိမ်းမောင်၊ ဦး။ သုတေသနလက်ထောက်(အငြိမ်းစား)။ ရှေးဟောင်းမြန်မာကျောက်စာများ(ပဉ္စမတွဲ)။၁၉၈၇။ ရှေးဟောင်းသုတေသနဦးစီးဌာန။ ရန်ကုန်။
၃။ ထွန်းညို၊ ဦး။ တွင်းသင်းတိုက်ဝန် မဟာစည်သူ။
မဟာရာဇဝင်သစ်(ပထမတွဲ၊ ဒုတိယတွဲ)။ ၂၀၁၂။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။
၄။ ဝေါင်းမိန်းခမ်း။ မိုင်းမောဆေအနွယ်တို့၏ ခေတ်နှင့်စစ်(တရုတ်သမိုင်းမှတ်တမ်း ဘာသာပြန်သုတေသန)။၂၀၂၁။ မိန်းခွန်။
၅။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ။
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)။
၆။ သန်းထွန်း၊ M.A,.BL.,Ph.D.(London)။ ခေတ်ဟောင်းမြန်မာရာဇဝင်။ ၁၉၆၉။ မဟာဒဂုံစာပေထုတ်ဝေရေး။ ရန်ကုန်။
၇။ Jon Fernquest, Crucible of War: Burma and the Ming in the Tai Frontier Zone(1382-1454), Bangkok Post. SBBR4.2(Autumn 2006).