ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
အပိုင်း_၂
#ပြိုကွဲစပြုနေသော_မိုင်းမောနိုင်ငံ
မင်တရုတ်မှတ်တမ်းများအရ သိုငံဘွားနန်းတက်လာချိန်တွင် မိုင်းမောနိုင်ငံ၏ သြဇာအာဏာမှာ များစွာကျဆင်းနေခဲ့ပြီဖြစ်သည်။ နိုင်ငံအဆင့်ဖြင့် အုပ်ချုပ်နေရသော်ငြား တရုတ်ဘုရင်ထံ သစ္စာခံနေရသည့်အပြင် မိုင်းမော၏ အုပ်ချုပ်ရေးနယ်မြေများကိုပင် တရုတ်ဘုရင်၏ စီမံခန့်ခွဲခြင်းကို ခံနေခဲ့ရသည်။ ထိုသို့ခံခဲ့ရသည်မှာ သိုငံဘွား၏ ခမည်းတော် သိုဟုံဘွား(သိူဝ်ႁူမ်ႇၾႃႉ>思倫發> Shau Lun Hpa)လက်ထက်AD-1382-1399 တွင် အစပြုခဲ့သည်။
AD 1382 တွင် စေယေးနယ်(ၸေႊယေး)သည် မိုင်းမောနိုင်ငံ၏ လက်အောက်မှခွဲထွက်၍ တရုတ်ဘုရင်ထံ တိုက်ရိုက်သစ္စာခံခဲ့သည်။ ထိုသို့သစ္စာခံခြင်းကို စေယေးစော်ဘွား တောင့်ဖှင်နှင့် ၄င်း၏နောင်တော် နာကျီတို့က ပြုလုပ်ခဲ့ခြင်းဖြစ်၍ တရုတ်ဘုရင်က လက်ခံခဲ့ပြီး သီးသန့်ပြည်နယ်အဖြစ်ဖွဲ့စည်းပေးခဲ့ရာ စေယေးနယ်သည်ပင် မိုင်းမောနှင့်ယှဉ်ဘက်ဖြစ်လာခဲ့သည်။ စေယေးနယ်နှင့်အတူ တစ်ပြိုင်တည်း တရုတ်ဘုရင်ထံ သစ္စာခံခဲ့သောနယ်မှာ မိန်းကျုံ့(မိူင်းၸျုင်ႉ)ဖြစ်သည်။ မိန်းကျုံ့စော်ဘွားနာကျီသည် စေယေးနယ်ရှင်စော်ဘွားတောင့်ဖှင်၏ နောင်တော်ဖြစ်ရာ မိုင်းမောနိုင်ငံလက်အောက်မှ စေယေးနယ်၏ခွဲထွက်မှုတွင် မိန်းကျုံ့ပါ ပါဝင်သွားစေခဲ့သည်။ AD1390 တွင် မူလကျိုင်းတုံနယ် (ၵဵင်းတုင်>ယမ်းလဵဝ်ယူႇတီႈၼႂ်းမိူင်းၶႄႇ) သည် တရုတ်ဘုရင်ထံတိုက်ရိုက်သစ္စာခံခဲ့ပြန်ရာ မိုင်းမောနိုင်ငံက ၄င်းနယ်ကို လက်လွှတ်လိုက်ရပြန်သည်ဟု မင်တရုတ်မှတ်တမ်းများတွင် ဖော်ပြထားသည်။
သိန္နီ (မုပန်>မိူင်းပွင်း) ပြည်သည် AD1396 ကတည်းက မိုင်းမောနိုင်ငံကိုပုန်ကန်ခဲ့သည်။ ထိုပုန်ကန်မှုသည် မိုင်းမောနိုင်ငံအပေါ် တရုတ်ဘုရင်၏ ပါဝင်ပတ်သက်မှုကို ကြီးထွားစေခဲ့သည်။ ထိုပုန်ကန်မှုကို သိန္နီစော်ဘွား တောင့်ခမ်းမိန်းက ဦးဆောင်ခဲ့ပြီး မိုင်းမောဘုရင် သိုဟုံဘွားမှာ တရုတ်ဘုရင်ထံ ပြေးဝင်ခိုလှုံခဲ့ရသည်။ တရုတ်ဘုရင်၏ စစ်ရေးအကူအညီပေးမှုကြောင့်သာ သိုဟုံဘွားမှာ သိန္နီစော်ဘွား တောင့်ခမ်းမိန်းကို အနိုင်ရရှိ၍ မိုင်းမောနိုင်ငံကို ပြန်လည်အုပ်ချုပ်ရသော်ငြား နိုင်ငံ၏ ပိုင်နက်နယ်မြေတို့မှာ မင်တရုတ်ဘုရင်၏ စီမံခန့်ခွဲမှုအောက်သို့ ရောက်ရှိသွားခြင်း တစ်နည်းအားဖြင့် မင်တရုတ်အင်ပါယာ၏ ပဏ္ဏာဆက်နိုင်ငံဘဝသို့ ရောက်ရှိသွားခြင်းကို မင်တရုတ်မှတ်တမ်းနှင့် ရှမ်းသမိုင်းမှတ်တမ်းများတွင် တွေ့ရသည်။
သိုငံဘွား၏ ခမည်းတော် သိုဟုံဘွား နတ်ပြည်စံပြီးနောက် နောင်တော် သိုစင်ဘွားလက်ထက် AD1404-1413 တွင် မိုင်းမောနိုင်ငံသည် ပိုင်နက်နယ်မြေများကို ပို၍ပင်လက်လွှတ်ခဲ့ရသည်။ AD1402 တွင် မိူင်းဝေါ့ကျိုင်းကူနယ်(မိူင်းဝေႃႉ-ၵဵင်းၵူႇ) နယ်ရှင်စော်ဘွား တောင့်ဆွန်တန်းကို တရုတ်ဘုရင်က တိုက်ရိုက်အသိအမှတ်ပြု၍ မိုင်းမောနိုင်ငံလက်အောက်မှ ခွဲထုတ်ခဲ့သည်။ AD1403 ခုတွင် တောင့်ကျင်ဖှကို မိန်းခါးနယ် (မိူင်းၶႃး) ၏ နယ်ရှင်စော်ဘွားအဖြစ် တိုက်ရိုက်အသိအမှတ်ပြုပြန်ရာ မိန်းခါးနယ်သည် မိုင်းမောနိုင်ငံမှ ခွဲထွက်သွားခဲ့ပြန်သည်ဟု မင်တရုတ်မှတ်တမ်းများက ဆိုသည်။
AD1403 တွင် မိန်းခေးနယ် (မိူင်းၶိူဝ်း) နယ်ကို တရုတ်ဘုရင်က တိုက်ရိုက်အသိအမှတ်ပြုပြီး မိုင်းမောနိုင်ငံမှ ခွဲထုတ်ခဲ့သည်။ ထိုနှစ်တွင်ပင် စေလိုနယ်(ၸေႊလိူဝ်)ကို မိုင်းမောနိုင်ငံအတွင်းမှ ခွဲထုတ်၍ ယူနယ်ပြည်နယ်ဘုရင်ခံ၏ လက်အောက်သို့ လွှဲပြောင်းထားရှိခဲ့သည်။ AD1404 တွင် တရုတ်ဘုရင်သည် မိန်းယို့ (မိူင်းယူဝ်ႉ) နယ်ကို မိုင်းမောနိုင်ငံမှ ခွဲထုတ်၍ သီးသန့်ဒေသသတ်မှတ်ကာ အုပ်ချုပ်ခွင့်ပေးခဲ့ပြန်သည်။ AD 1404 ခုနှစ်တွင် မိန်းန>မိန်းလ (မိူင်းၼႃႈ>မိူင်းလႃႉ) နယ်သည်လည်း မိုင်းမောနိုင်ငံမှ ခွဲထွက်ကာ တရုတ်ဘုရင်ထံ တိုက်ရိုက်သစ္စာခံခဲ့သည်ကို မင်တရုတ်မှတ်တမ်းများတွင် တွေ့ရသည်။
၄င်း AD 1404 တွင် မိန်းတိန်၊ ကိုင်းမားနယ် (မိူင်းတိင်ႇ၊ ၵဵင်းမႃႉ) ၏ နယ်ရှင်စော်ဘွား တောင့်ကျင်ဖှသည် တရုတ်ဘုရင်ထံ တိုက်ရိုက်ပဏ္ဏာဆက်၍ မိုင်းမောနိုင်ငံအောက်မှ ခွဲထွက်ခဲ့သည်။ ထိုနှစ်တွင်ပင် ချာဆန်းဒေသ (ချီဗွေအထက်ပိုင်းဒေသနှင့် ဆော့လော်ဒေသ) ကို မိုးညှင်းစော်ဘွားလက်အောက်မှ ခွဲထုတ်၍ သီးသန့်ဒေသအဖြစ် သတ်မှတ်ကာ တရုတ်ဘုရင်က တိုက်ရိုက်အုပ်ချုပ်ပြန်ရာ မိုင်းမောနိုင်ငံလက်အောက်မှ ခွဲထွက်သွားခဲ့ပြန်သည်ကို မင်တရုတ်မှတ်တမ်းများတွင် တွေ့ရသည်။
AD 1405 တွင် မိုင်းမောနိုင်ငံ၏ လက်အောက်ခံ မိူင်းဂုံ (မိူင်းၶိုၼ်>ယမ်းလဵဝ် ယူႇတီႈၼႂ်းမိူင်းတႆး ၼႃႈဝၼ်းဢွၵ်ႇ) နယ်ရှင်စော်ဘွား တောင့်အိုက်သည် တရုတ်ဘုရင်ထံ တိုက်ရိုက်သစ္စာခံရာ တရုတ်ဘုရင်က ယူနန်ပြည်နယ်ဘုရင်ခံ၏ အုပ်ချုပ်မှုအောက်သို့ လွှဲပြောင်းထားရှိခဲ့သည်။ AD 1406 တွင် မိန်းလျဲမ်းနယ် (မိုင်းလျဉ်းကြီး>မိူင်းလႅမ်း) ၏ နယ်ရှင်စော်ဘွား တောင့်ဖိုင်စုံကို တရုတ်ဘုရင်က တိုက်ရိုက်အသိအမှတ်ပြု၍ မိုင်းမောနိုင်ငံအတွင်းမှ ခွဲထုတ်ကာ ယူနန်ဘုရင်ခံ၏ လက်အောက်တွင် လွှဲပြောင်းထားရှိခဲ့သည်ဟု မင်တရုတ်မှတ်တမ်းများကဆိုသည်။
AD 1408 တွင် တရုတ်ဘုရင်သည် မေခ၊ မလိခမြစ်ဝှမ်းဒေသ (ဢိူင်ႈမိူဝ်းၶႃႈ၊ မဝ်ႇလီၶႃႈ) ကိုအုပ်ချုပ်နေသည့် တောင့်ဆေဖန်ကို ယူနန်ဘုရင်ခံ၏ အုပ်ချုပ်မှုအောက်သို့ တိုက်ရိုက်ထားရှိပြီး မိုင်းမောနိုင်ငံ၏ အုပ်ချုပ်မှုအောက်မှ ခွဲထုတ်ခဲ့သည်။ AD 1409 တွင် ကျိုင်းခန်းနယ် (ၵဵင်းၶမ်း) ၏ နယ်ရှင်စော်ဘွား နန်ကောင်းကို တရုတ်ဘုရင်က မိုင်းမောနိုင်ငံမှ ခွဲထုတ်၍ တိုက်ရိုက်အသိအမှတ်ပြုခဲ့ပြန်သည်။ AD 1413 တွင် တရုတ်ဘုရင်သည် မိန်းတီးနယ် (မိူင်းတီး) ကို မိုင်းမောနိုင်ငံမှ ခွဲထုတ်၍ ယူနန်ပြည်နယ်ဘုရင်ခံ၏ လက်အောက်သို့ လွှဲပြောင်းခဲ့သည်ဟု မင်တရုတ်မှတ်တမ်းများတွင် ဖော်ပြထားသည်။
AD 1403 တွင် မိုးညှင်းပြည် (မိန်းယန်း>မိူင်းယၢင်း) ကို တောင့်မုတန် (ခုံမိုင်း>ၶုၼ်မိူင်း) က စော်ဘွားအဖြစ်အုပ်ချုပ်နေခဲ့သည်။ တောင့်မုတန်၏ အုပ်ချုပ်မှုကို မင်တရုတ်ဘုရင်က တိုက်ရိုက်အသိအမှတ်ပြုခဲ့ပြီး အုပ်ချုပ်ရေးတံဆိပ်တုံးကို ပေးအပ်ခဲ့သည်။ ထိုသို့အသိအမှတ်ပြုခြင်းသည် မိုးညှင်းပြည်ကို မိုင်းမောနိုင်ငံ၏ လက်အောက်မှ ခွဲထုတ်လိုက်ခြင်းဖြစ်သည်။
AD-1406 တွင် မိုးညှင်းနှင့် လက်အောက်ခံ ကလေးနယ် (ၵၢတ်ႇလီ) စော်ဘွား ဆေကျီဖှ (သိုချည်ဘွား> သိူဝ်ၵီႇၾႃႉ) တို့ စစ်ဖြစ်ပွားရာ အင်းဝဘုရင်မင်းကြီးစွာစော်ကဲက အခွင့်ကောင်းယူ၍ ၄င်းနှစ်နယ်လုံးကို တိုက်ခိုက်သိမ်းပိုက်သည်။ အင်းဝ၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် မိုးညှင်းစော်ဘွား တောင့်မုတန်နှင့် သားတော် ဆေလုံဖှ (စလုံဘွား) တို့ ကျဆုံးခဲ့ရသည်ဟု မင်တရုတ်မှတ်တမ်းတွင် ဖော်ပြထားသည်။
[ဗမာမှတ်တမ်း (ဦးကုလားမဟာရာဇဝင်) တွင်လည်း ထိုဖြစ်ရပ်ကို တွေ့ရပြီး အင်းဝဘုရင်မင်းကြီးစွာစော်ကဲသည် ကျိန်းခမ်းကြီးကို မိုးညှင်းစော်ဘွားအရာခန့်၍ မိုးညှင်းစော်ဘွားကို တကောင်းမြို့စားအရာခန့်သည်ဟု ဆိုထားသည်။ တရုတ်မှတ်တမ်းတွင် အကြောင်းအရာနှင့် ခုနှစ်မှတ်သားမှုမှာ ပို၍စုံလင်ပြီး မိုးညှင်းစော်ဘွားနှင့်သားတော်ကျဆုံးမှုကို အတိအကျ ဖော်ပြသည်ဖြစ်၍ ဗမာမှတ်တမ်းလာ မိုးညှင်းစော်ဘွားကို တကောင်းမြို့စားအရာခန့်ခြင်းမှာ လွဲမှားနေပါသည်။ ]
အင်းဝနိုင်ငံ၏ မိုးညှင်းပြည်ကို ကျူးကျော်မှုကြောင့် တရုတ်ဘုရင်သည် ပြည်ပရေးရာအမတ်ကျဲန်းဟုန်(張洪)ကို အင်းဝပြည်သို့လွှတ်၍ အပြစ်တင်သဝဏ်လွှာပေးစေရာ အင်းဝမင်းမှာ များစွာထိတ်လန့်ခဲ့ရသည်။ သိန္နီစော်ဘွား ခမ်းပင်ဖှကလည်း မိုးညှင်းကိုသိမ်းယူသည့် အင်းဝပြည်ကို အပြစ်ပေးရန် တရုတ်ဘုရင်ထံခွင့်ပန်၍ အင်းဝပိုင်နက်ကို ကျူးကျော်တိုက်ခိုက်သည်။ ထို့ကြောင့် အင်းဝသည် မိုးညှင်းကို စွန့်လွှတ်ရသည့်အပြင် ၄င်းပိုင်နက်အချို့ကို သိန္နီစော်ဘွားက သိမ်းပိုက်၍ တရုတ်ဘုရင်ထံ ဆက်သခြင်းကိုပါ ခံလိုက်ရသည်ဟု မင်တရုတ်မှတ်တမ်းတွင် တွေ့ရပါသည်။
[ဗမာမှတ်တမ်း (ဦးကုလားမဟာရာဇဝင်) တွင် မိုးညှင်းစော်ဘွားပုန်ကန်သဖြင့် မင်းကြီးစွာစော်ကဲက စည်းတပြစ်အမတ်ကို မိုးညှင်းနှင့် အင်းဝပိုင်နက်အကြားတွင် နယ်ခြားကျောက်တိုင် စိုက်ထူရန်စေလွှတ်ပုံ၊ စည်းတပြစ်အမတ်က မစိုက်ဘဲ ပြန်လာပုံ၊ မိုးညှင်းစော်ဘွားက အင်းဝပိုင်နက်ဖြစ်သော မြေဒူးမြို့အထိတိုက်ခိုက်လာရာ အင်းဝဘုရင်မင်းကြီးစွာက မြေဒူးအထိချီတက် တိုက်ခိုက်ရပုံတို့ကို ဖော်ပြထားသည်။ မိုးညှင်းသည် ထိုကာလက အုပ်ချုပ်သူ စော်ဘွားလစ်လပ်နေသည်။ မင်တရုတ်ဘုရင်၏ အပြစ်တင်သဝဏ်လွှာကြောင့် အင်းဝသည် မိုးညှင်းနယ်ကို ပြန်လည်စွန့်လွှတ်ရသည်။ ထို့ကြောင့် မိုးညှင်းစော်ဘွားပုန်ကန်ခြင်းကြောင့် စည်းတပြစ်အမတ်၏ နယ်ခြားကျောက်တိုင်စိုက်ရန်သွားခြင်းမှာ မမှန်ပါ။ ထို့အတူ မြေဒူးအထိ လာရောက်တိုက်ခိုက်သူမှာလည်း မိုးညှင်းစော်ဘွားမဟုတ်ဘဲ မင်တရုတ်ဘုရင်က စေလွှတ်သည့် သိန္နီစော်ဘွား၏ တပ်သာလျှင် ဖြစ်ပါသည်။]
AD 1416 တွင် တရုတ်ဘုရင်သည် မိုးညှင်းစော်ဘွားပြည်ကို ထပ်မံဖွဲ့စည်းခွင့်ပေး၍ အင်းဝ၏ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် မိုးညှင်းစော်ဘွား တောင့်မုတန်၏ ဒုတိယသားတော် တောင့်တယ်မိန်း (တဝ်ႉတႄႇမိူင်း) ကို မိုးညှင်းစော်ဘွားအရာခန့်သည်။ တောင့်မုတန်၏ တူတော်ဖြစ်သူယွီပင်ကို မိုးညှင်းစော်ဘွား၏ လက်ထောက်အရာရှိအဖြစ်ခန့်အပ်ခဲ့သည်။ ထို့ကြောင့် မိုးညှင်းစော်ဘွားပြည်သည် မိုင်းမော၏ လက်အောက်မှလည်းကောင်း၊ အင်းဝ၏ လက်အောက်မှလည်းကောင်း လွတ်မြောက်၍ တရုတ်ဘုရင်ထံ တိုက်ရိုက်သစ္စာခံသည့် ပြည်ထောင်တစ်ခု ဖြစ်လာခဲ့သည်ဟု မင်တရုတ်မှတ်တမ်းများတွင် တွေ့ရသည်။
ထိုအခြေအနေအရပ်ရပ်ကိုသုံးသပ်ကြည့်လျှင် မိုင်းမောမင်းတို့သည် ပြည်တွင်းရေးကို ကောင်းစွာမစီမံနိုင်သောကြောင့် မိမိပိုင်ဆိုင်သည့် ပြည်ထောင်နယ်များကို ဆက်တိုက်စွန့်လွှတ်ခဲ့ရသည်ကို တွေ့ရမည်ဖြစ်သည်။
ထိုသို့စွန့်လွှတ်ခဲ့ရခြင်းမှာ မိုင်းမောမင်းသည် လက်အောက်ခံ သိန္နီပြည်၏ ပုန်ကန်မှုကို ကောင်းစွာမကိုင်တွယ်နိုင်ဘဲ တရုတ်ဘုရင်ထံ စစ်ကူတောင်းသည့်အချိန်မှစ၍ စွန့်လွှတ်ရသည်ကို တွေ့ရသည်။ အဘယ့်ကြောင့်ဆိုသော် မိုင်းမောနိုင်ငံ၏ လက်အောက်ခံ ပြည်ထောင်များသည် သိန္နီစစ်ပွဲအပြီး တရုတ်ဘုရင်နှင့် တိုက်ရိုက်ဆက်သွယ်ရမည့် နည်းလမ်းများကို သိမြင်သွားခဲ့သည်မှအစပြု၍ တရုတ်ဘုရင်၏ အားကိုယူကာ မိုင်းမောနိုင်ငံအတွင်းမှ အသီးသီးခွဲထွက်ရန် ပြင်ဆင်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။ တရုတ်ဘုရင်ကလည်း မိုင်းမောနိုင်ငံ၏ လက်အောက်ခံပြည်ထောင်များ မိမိထံတိုက်ရိုက်ဆက်သွယ်မှုကို အားပေးအားမြှောက်ပြုခဲ့ပြီး မိုင်းမောနိုင်ငံကို အင်အားချိနဲ့စေခဲ့သည်။
တရုတ်ပြည်သည် အိမ်နီးချင်းနိုင်ငံ၏ ပြည်တွင်းရေးကို ကူညီသယောင်နှင့် ဝင်ရောက်စွက်ဖက်ခြင်းနည်း၊ အင်အားဖြိုခွဲကာ မိမိသြဇာအောက်သို့ရောက်အောင်ပြုခြင်းနည်းတို့ကို ထိုခေတ်ကတည်းက လုပ်ဆောင်တတ်နေပြီဖြစ်သည်ကို တွေ့ရပေသည်။ ထိုအခြေအနေများကြောင့် နောင်မကြာတော့သည့်ကာလတွင် တိုင်းပြည်ပါပျက်မည့်လမ်းစဖြစ်လာမည်ကို သိုငံဘွားနှင့် ၄င်းမတိုင်မီ မိုင်းမောနိုင်ငံကိုအုပ်ချုပ်နေသည့် သျှမ်းမင်းတို့မှာ တွေးတောဆင်ခြင်မိခဲ့ဟန် မတူပါချေ။
(အပိုင်း-၃ ဆက်လက်ဖော်ပါမည်။)
Sae Kham Vaeng Pha (Mong Veng)
မန္တလေးတက္ကသိုလ်
ကျမ်းကိုး-
၁။ ကုလား၊ ဦး။ မဟာရာဇဝင်တော်ကြီး(ဒုတိယအုပ်)။ ၂၀၁၆(တတိယအကြိမ်)။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။
၂။ ငြိမ်းမောင်၊ ဦး။ သုတေသနလက်ထောက်(အငြိမ်းစား)။ ရှေးဟောင်းမြန်မာကျောက်စာများ(ပဉ္စမတွဲ)။၁၉၈၇။ ရှေးဟောင်းသုတေသနဦးစီးဌာန။ ရန်ကုန်။
၃။ ထွန်းညို၊ ဦး။ တွင်းသင်းတိုက်ဝန် မဟာစည်သူ။
မဟာရာဇဝင်သစ်(ပထမတွဲ၊ ဒုတိယတွဲ)။ ၂၀၁၂။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်။
၄။ ဝေါင်းမိန်းခမ်း။ မိုင်းမောဆေအနွယ်တို့၏ ခေတ်နှင့်စစ် (တရုတ်သမိုင်းမှတ်တမ်း ဘာသာပြန်သုတေသန)။၂၀၂၁။ မိန်းခွန်။
၅။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ သျှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ။
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)။
၆။ သန်းထွန်း၊ M.A,.BL.,Ph.D.(London)။ ခေတ်ဟောင်းမြန်မာရာဇဝင်။ ၁၉၆၉။ မဟာဒဂုံစာပေထုတ်ဝေရေး။ ရန်ကုန်။
၇။ Jon Fernquest, Crucible of War: Burma and the Ming in the Tai Frontier Zone(1382-1454), Bangkok Post. SBBR4.2(Autumn 2006).