ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုင်းဖုန်းဆရာတော်ဘုရားကြီး ကျန်းမာရေးအခြေအနေကို ဆရာတော်စဝ်ဆုခမ်း၏ သတင်းထုတ်ပြန်မှုအား ပြန်လည်ဖော်ပြအပ်ပါသည်။

မိုင်းဖုန်းဆရာတော်ဘုရားကြီး ကျန်းမာရေးအခြေအနေကို ဆရာတော်စဝ်ဆုခမ်း၏ သတင်းထုတ်ပြန်မှုအား ပြန်လည်ဖော်ပြအပ်ပါသည်။

Hsan Loi Editor
12/07/2023
Share:

 

10.7.2023

မိုင်းဖုန်းဆရာတော်၏ #အဓိဌာန်အပြောင်းအလဲ

၁၃၈၅ ခု ပထမဝါဆိုလပြည့် (2.7.2023) တွင် ဝါတွင်း ၃ လ အဓိဌာန်ဝင်ရန်အတွက် မိုင်းဖုန်းဆရာတော်သည် မိုင်းလားအထူးဒေသ (၄) မိုင်းခန် ဖဝတ်ဂူသို့ အဓိဌာန်ဝင် ကြွရောက်ခဲ့ပါတယ်။ အဓိဌာန်မဝင်ခင် မနက်ပိုင်း မှိုဆွမ်းဟင်းဘုဉ်းမိခဲ့ရာ ဂူအောင်း အဓိဌာန်ဝင်သွားသော်လည်း မူးဝေအော့အံသည့် ဝေဒနာခံစားရပါတယ်။

ထိုည 10:30 PM အထိ ဒကာများနှင်အတူ ဘုရားဝတ်တက် ကာ တရားဟောပေးခဲ့တယ်။ ပြီးနောက် တစ်ပါးတည်း ဂူအောင်း အဓိဌာန်ဝင်ခဲ့ပါတယ်။

 

ဆရာတော်သည် (၆) ရက်တိုင်တိုင် မေတ္တာပို့ တရားရှုမှတ်ကာ မှိုဆိပ်တက်သည့် ဝေဒနာကို သည်းခံခဲ့သော်လည်း မသက်သာသဖြင့် (7.7.2023) ညတွင် အစောင့်များ သိရှိစေရန် အချက်ပေး မောင်းတီးရာမှ အစောင့်များလည်း ဆရာတော် သီတင်းသုံးရာ ဂူသို့တက်သွားကြည့်ခဲ့တယ်။ အစောင့်ခလေးများလည်း ဆရာတော်အား နှိပ်နယ်ဝတ်ဖြည့်ပေးရုံမှ တစ်ပါး ဘာမှ မပြောရဲချေ။

 

မိုင်းလားဒေသ သာသနာရေးဆိုင်ရာ အကြီးအကဲ ဦးစိုင်းဆမ်တစ်လည်း အဓိဌာန်ဝင်စ ကတည်းက ဆရာတော်၏ ကျန်းမာရေးကို စိတ်မချသဖြင့် ဆရာတော်ထံ အနီးကပ်ပြုစုလိုစိတ် တဖွားဖွားပေါ်လာသဖြင့် မိုင်းလားအကြီးအကဲများထံ ခွင့်တောင်းကာ (4.7.2023) တွင် ဂူတောင်ခြေအနီးတွင် သွားရောက်အိပ်စောင့်နေခဲ့သည်။

 

(7.7.2023) အချက်ပေး မောင်းသံကြားရပြီး ဆရာတော် အဓိဌာန်ဝင်ရာဂူသို့ တက်ရောက်သွားသောအခါ မူးဝေအော့အံနေသော ဆရာတော်ကို မြင်ရသဖြင့် ဆရာတော်အား ပျားဖယောင်းဖြင့် ပင့်လျှောက်ထားကာ ကျန်းမာရေးကုစားမှု ခွင့်ပြုရန် အမျိုးမျိုး တောင်းပန်ကာ တောင်အောက်သို့ရောက်အောင် စစ်သားများဖြင့် ဝိုင်းဝန်းကာ ဆရာတော်အား ထမ်းဆင်းလာခဲ့ရတယ်။

 

ဦးစိုင်းဆမ်တစ်သည် တာချီလိတ်က ဒကာထံသို့လည်း အခြေအနေအမျိုးစုံကိုပြောပြပြီး အကြောင်းကြားပေးခဲ့တယ်။ တာချီလိတ်မှ ဆရာတော်၏ အနီးကပ်တပည့်ဖြစ်သူ စိုင်းဆိုင်လှတို့လည်း ထိုည တာချီလိတ်မှ ထွက်လာပြီး သန်းခေါင် 2:30 AM မိုင်းလားသို့ရောက်လာသည်။

 

ခရီးရောက်မဆိုက် ဆရာတော်အား ကားပေါ်တင်ပြီး မိုင်းလားဆေးရုံ ဒါမှမဟုတ် ကျိုင်းတုံ ဒါမှမဟုတ် ချိုင်းရိုင်းဆေးရုံသို့ ပို့ဆောင်ဖို့ စီစဉ်ခဲ့တယ်။ ဦးစိုင်းဆမ်တစ်လည်း မိုင်းလားဆရာဝန်နှင့်အတူ ဆရာတော်အား အောက်စီဂျင် တပ်ဆင်ပေးလာခဲ့တယ်။

 

(8.7.2023) မွန်းလွှဲ ၁း၀၀ နာရီကျော် တာချီလိတ် မယ်ဆိုင် ချစ်ကြည်ရေးတံတားကို ဖြတ်ပြီး မိုင်းဖုန်းဆရာတော်အား ထိုင်းနိုင်ငံမြောက်ပိုင်း ချိုင်းရိုင်းရှိ Bangkok Hospital သို့ အချိန်မီ ပို့သနိုင်ခဲ့တယ်။ ဆရာတော်သည် ထိုညနေ ဆေးကုသခံယူပြီး ဆေးရုံတွင် တစ်ည ကျိန်းခဲ့တယ်။ နောက်တစ်နေ့ (9.7.2023) ပြန်လည်ကျန်းမာလာကာ ဆေးရုံကဆင်းပြီး ဒကာအိမ်မှာ တစ်ညတည်းကာ (10.7.2023) မွန်းလွှဲ 1:00 နာရီ အချိန် တာချီလိတ် မယ်ဆိုင် ချစ်ကြည်ရေး တံတား အမှတ် (၂) ဖြတ်ဝင်ကာ (၂:၃၀) အချိန် မိုင်းဖုန်းသို့ ပြန်လည်ကြွရောက်ခဲ့ပါပြီ။

 

မိုင်းဖုန်းတွင် ဆက်လက်အနားယူကာ အဓိဌာန်ဝင်မည်ဟု ဆရာတော်က မိန့်ပါတယ်။ ဆရာတော် ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်းလည်း ဒကာဒကာမများအား အကြောင်းကြားစေပါတယ်။ မေတ္တာလည်း အထူးပို့ပေးပါတယ်။

 

* မှတ်ချက်

– မိုင်းလား ဦးစိုင်းဆမ်တစ်

– ကိုစိုင်းဆိုင်လှ (ဆရာတော်၏ အနီးကပ်တပည့်)

– စိုင်းစိုင်း (လွယ်ကော်) တာချီလိတ်

– ဦးမဟာဝုမ်း နှင့် ကာနယ်ကြီးတို့ထံမှ သတင်းရယူ ဖေါ်ပြပေးခြင်းဖြစ်ပါတယ်။

 

မိုင်းဖုန်းဆရာတော်အား အစစအရာရာ ကူညီပေးကြတဲ့ အထူးဒေသ (၄) အကြီးအကဲ တာဝန်ရှိသူများ၊ ဦးစိုင်းဆမ်တစ်နှင့်တကွ ဆရာဝန်ဆရာမများနှင့် အားလုံးကို သာဓုခေါ် ကျေးဇူးတင်ပါတယ်။

တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန် (စဝ်ဆုခမ်း)

လွယ်တိန်ခမ်းကျောင်း မူဆယ်မြို့။