ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုင်းတုံမြို့နယ် နားကောင်းမှုးရွာသစ်မှ အမျိုးသမီးတစ်ဦးအား လူတစ်ဦးမှ သေနတ်ဖြင့် လာရောက်ပစ်သတ်စဉ် သွားကြည့်မိသော လူ (၂) ဦးကိုပါ ပစ်သတ်သွားခဲ့

မိုင်းတုံမြို့နယ် နားကောင်းမှုးရွာသစ်မှ အမျိုးသမီးတစ်ဦးအား လူတစ်ဦးမှ သေနတ်ဖြင့် လာရောက်ပစ်သတ်စဉ် သွားကြည့်မိသော လူ (၂) ဦးကိုပါ ပစ်သတ်သွားခဲ့

Hsan Loi Editor
05/09/2023
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းဟန်ကျေးရွာအုပ်စု နားကောင်းမှးရွာသစ်၌ ယနေ့ စက်တင်ဘာလ (၅) ရက်နေ့ နံနက် (၆း၂၀) နာရီခန့်တွင် နားကောင်းမှုးကျေးရွာတွင် နေထိုင်သူ ဒေါ်နန်းနု (ပါနု) အသက် (၄၉) နှစ် အရွယ်ရှိ အမျိုးသမီးအား အမည်မသိအမျိုးသားတစ်ဦးမှ ဆိုင်ကယ်ဖြင့်ရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း သတင်းရရှိသည်။

သေနတ်သံကြားသောကြောင့် အနီးတွင် နေထိုင်သော စိုင်းလောဝ် အသက် (၃၉) နှစ်နှင့် စိုင်းဆိုင်လျန်း အသက် (၁၆) တို့မှ သွားရောက်ကြည့်ရှုစဉ် သေနတ်သမားက ၎င်းတို့ (၂) ဦးကိုပါ သေနတ်ဖြင့်ပစ်သတ်သွားခဲ့သည်။

“မနက်အစောကြီး (၆) နာရီလောက်မှ ပါနုအိမ်ဘက်မှာ သေနတ်သံကြားလိုက်တယ်။ ပြီးတော့ သိပ်မကြာဘူး နောက်ထပ်သေနတ်သံဆက်တိုက်ထွက်လာတော့ ရွာသားတွေလည်း ထိတ်လန့်ကုန်ကြတာပေါ့။ ပြီးတော့မှ ဆိုင်ကယ်စီးလာတဲ့လူတစ်ယောက်က ပါနုကို သေနတ်နဲ့လာပစ်သွားတာလို့ သိရပြီးတော့ ပါနုအပစ်ခံရတာကို ပြေးသွားကြည့်မိတဲ့ လူ (၂) ဦးကိုလည်း တစ်ပါတည်းပစ်သတ်သွားတယ်။ ရွာထဲမှာဆိုရင် ပါနုက ပိုက်ဆံလည်းရှိတဲ့သူဆိုတော့ ဓားပြတိုက်ရင်း ပစ်သတ်သွားတာလည်းဖြစ်နိုင်တယ်။ မိုင်းတုံမြို့နယ် နားကောင်းမှုးရွာကတော့ ဘာအုပ်ချုပ်မှုမှမရှိတော့ဘူး။ သေနတ်ကိုင်ဆောင်ခွင့်တွေပေးထားသလို မူးယစ်ဆေးရောင်းဝယ်မှုတွေ လောင်းကစားတွေလည်း တရားဝင်လိုမျိုးကို ဖြစ်နေတာပါ။ လက်နက်ကိုင်အဖွဲ့တွေဆိုရင်လည်း UWSA ဝ အဖွဲ့က လက်နက်ကိုင်ပြီး မြို့ကိုဝင်လိုက်ထွက်လိုက် လုပ်နေသလို၊ ပြည်သူ့စစ်တွေဆိုရင်လည်း သျှမ်းအဖွဲ့တွေရော၊ လားဟူအဖွဲ့တွေရော စုံနေတာပဲ။” ဟု မိုင်းတုံမြို့နယ် မှ အမည်မဖော်လိုသူတစ်ဦးက ပြောပြသည်။

လူ (၃) ဦးကို ပစ်သတ်သွားပြီးနောက် ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားပြီး ယခုအထိ တရားခံ မည်သူဖြစ်သည်ကို မသိရသေးကြောင်း သိရသည်။